တကျော့ပြန်တိုက်ပွဲတွေအကြား ဗဟိုပါဝါပြိုသွားပြီလား



(၁) အန်အယ်လ်ဒီနဲ့နီးစပ်သူတွေရဲ့ ၂၁ ပင်လုံကြိုဆိုပွဲနဲ့ ကချင်ဒေသခံတွေရဲ့ တပ်မတော်ထိုးစစ် ရပ်စဲရေး ဆန္ဒပြပွဲတွေ


ယခုရက်ပိုင်းအတွင်း စစ်ပွဲရပ်ဆိုင်းရေး ၊ တပ်မတော်ထိုးစစ်ရပ်တန့်ပေး ၊ လက်နက်ကြီး ကျည်ဆံ ထိမှန်သေ ဆုံးတဲ့ ကလေးငယ်တွေအတွက်စတဲ့ ခေါင်းစဉ်တွေနဲ့ဆန္ဒပြပွဲ တွေ  ခပ်စိပ်စိပ်ပြုလုပ်နေတာ သတိပြုမိပါတယ်။ လွန်ခဲ့တဲ့တစ်လ ကျော်လောက်ကတော့ ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူအချို့  အန်အယ်လ်ဒီပါတီ ထောက်ခံအားပေးသူတွေနဲ့ အန်အယ်လ်ဒီနဲ့နီးစပ်တဲ့ ၈၈ မျိုးဆက်လို အဖွဲ့တွေက ဦးဆောင်ပြီး ၂၁ ပင်လုံ ကြိုဆို ထောက်ခံပွဲတွေ လုပ်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ တနိုင်ငံလုံး စိတ်ဝင်စားခဲ့တဲ့ ၂၁ ပင်လုံ ဆိုတာကို ဖွင့်လှစ်ခဲ့တာပါ။ ဖော်ပြခဲတဲ့ဖြစ်စဉ်နှစ်ရပ်ကိုကြည့် မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ခံစားမှုအရကွာဟတာတွေ့ရပါတယ်။ ၂၁ ပင်လုံကြိုတာက ဟုတ်ဟုတ် မဟုတ်ဟုတ်၊ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးမှု ဖြစ်ဖြစ် မဖြစ်ဖြစ် လူထုကလှုပ်ရှားမှုအသွင်နဲ့ကျင်းပတာဖြစ်ပါတယ်။ ( ယခင်အမျိုးသား ညီလာခံကြိုဆိုထောက်ခံပွဲတွေကို သတိရစရာပါ ။ )  ပါဝင်သူတွေက ပျော်ပွဲစား ထွက် သယောင် တူညီဝတ်စုံဝတ်လိုက် ၊ တီးဆိုလိုက်နဲ့ပါ။ အခုတပ်မတော်ထိုးစစ်တွေရပ်ခိုင်း တဲ့ ဆန္ဒပြပွဲ တွေ အကြီးအကျယ်ပြုလုပ်နေတဲ့မြစ်ကြီးနားမှာ ဆိုရင်လည်း လွန်ခဲ့တဲ့ သြဂုတ်လ ကပဲ ကချင်ပြည် နယ် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်ဦးဆောင်ပြီး ၂၁ ပင်လုံကြိုဆိုပွဲ တွေ ကျင်းပခဲ့ပါ သေးတယ်။ အခု လတ်တလောလုပ်နေတဲ့ တပ်မတော်ထိုးစစ်ရပ်ရေး ဆန္ဒပြပွဲတွေ ၊ စစ်ရပ်စဲရေး ဆန္ဒပြပွဲ တွေ ကတော့ သောကပရိဒေဝ ဗျာပါဒ ပူဆွေး စိုးရိမ်ပူပန်မှုတွေနဲ့ ပြုလုပ်တာပါ ။


အခုဆန္ဒပြပွဲတွေမှာတော့ ၂၁ ပင်လုံ ထောက်ခံပွဲလုပ်တဲ့သူတွေမတွေ့ရတော့တဲ့အပြင် မြစ်ကြီးနားက ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ခွင့်ပြုချက်တောင်းရာမှာ မပါဝင်တဲ့ ဆောင်ပုဒ်တွေ ကိုင်ဆောင်ဆန္ဒပြ တဲ့ အတွက် အမှုဖွင့်ထားတယ် လို့လည်း သတင်းတွေက ဆိုပါတယ် ။


(၂) ၂၁ ပင်လုံပြီးကတည်းက စလာတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ


၂၁ ပင်လုံပြီးကတည်းက တိုက်ပွဲတွေက တောက်လျှောက်ဆိုသလိုဖြစ်နေခဲ့တာပါ။တိုက်ပွဲ တွေဖြစ် မယ် ဆိုတာ အစကတည်းက စာရေးသူတို့လည်းရိပ်မိပါတယ်။ ဒါကလည်း၂၁ ပင်လုံကို စာရေးသူတို့သတင်း သွားယူနေချိန် ကချင်ဘက်မှာ တပ်တွေတိုးချဲ့ချထားတာတွေ ရှိတယ် လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ် အချို့က ပြောထားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလောက်ပြင်းပြင်း ထန်ထန်ဖြစ်လာလိမ့်မယ် လို့ မထင်ထားပါဘူး။ အခုဖြစ်နေတဲ့တိုက်ပွဲ တွေက ပြင်းထန်တယ် ပြောလို့ ရပါတယ်။ ကေအိုင်အေဌာနချုပ်လိုင်ဇာအနောက် ဘက်က ဂိဒွန်နားမှာ ဖြစ်နေတဲ့တိုက်ပွဲတွေမှာဆိုရင် တရက်တည်း ဂျက်လေယာဉ် လေးစီးလောက်သုံးပြီး တိုက်တဲ့တိုက်ပွဲ တွေ လည်း ဖြစ်နေတာပါ။ စစ်ပွဲတွေ ရပ်တန့်ဖို့ဆန္ဒပြပြီးနောက်ရက်ဖြစ်တဲ့ အောက်တိုဘာလ ရ ရက်နေ့မှာလည်း ပိုလို့ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာပါသေးတယ်။ ၂၁ ပင်လုံပြီးကတည်းက ဖြစ်တဲ့ တိုက်ပွဲတွေ ကို ကြည့် မယ် ဆိုရင် ကရင်ပြည်နယ်ဘက်မှာ ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေ ၊ ရှမ်းမြောက်နဲ့ ကချင်မှာကေအိုင်အေ နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေ ၊ RCSS/SSA လို အန်စီအေအပစ်ရပ်ပြီးသား အဖွဲ့နဲ့ဖြစ်တဲ့ တိုက်ပွဲအချို့   တအာင်းပလောင် အဖွဲ့၊ SSPP/SSA ရှမ်းလက်နက်ကိုင်တွေနဲ့ ထိတွေ့မှုဆိုပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ထိတွေ့မှုဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် ။


တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေအဖြစ် အန်စီအေနိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ် ထိုးထားတဲ့ ကေအန်ယူနဲ့မွန်ပြည်သစ်တို့အကြား ထိတွေ့မှု အချို့ ဖြစ်ခဲ့ပြီး၊ RCSS/SSA နဲ့ ပလောင်အဖွဲ့ TNLA အကြား ထိတွေ့မှုကတော့ အချို့ဖြစ်ခဲ့သလို ၊ ၀ တပ်ဖွဲ့ကတော့ မဟာမိတ် မုန်းလားနယ်မြေထဲက အရေးပါတဲ့ စခန်းအချို့ကိုဝင်ရောက် သိမ်းပိုက်ခဲ့ပြီး မိုင်းလား အဖွဲ့ဝင် တွေကို ဖမ်းဆီးတာနောက်ပိုင်းပြန်လွတ် ပေးခဲ့ပြီးညှိနှိုင်းနေတာတွေ ရှိခဲ့ပါတယ် ။


တိုက်ပွဲတွေအတွင်း ၀မ်းနည်းစရာ ကိစ္စကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမုန်းကိုးဒေသက ပူးဝန်းကျေးရွာ အတွင်းကို လက်နက်ကြီးကျည်ဆံကျရောက်တာကြောင့် အရွယ်မမယ်ကလေး ငယ်တစ်ဦး သေဆုံးခဲ့ရသလို အခြားကလေးငယ် အချို့လည်း ဒဏ်ရာရရှိခဲ့တာပါ ။


(၃)  တိတ်ဆိတ်နေတဲ့ အရပ်သားအစိုးရ


အံ့သြစရာကတော့ ပြည်သူ့အစိုးရဆိုတဲ့ ရွေးကောက်ပွဲစနစ်နဲ့ တက်လာတဲ့ အစိုးရကတိတ်ဆိတ် နေ တာပါပဲ။ ကေအိုင်အေကို နေ့နေ့ညည ဗုံးကြဲလက်နက်ကြီးတွေပစ်၊ ရွာသားနဲ့ အပစ်မဲ့ ကလေး တွေ ထိခိုက်ဒဏ်ရာရဆိုတဲ့ အနေထားမှာအခုစာကိုရေးနေတဲ့ အောက်တိုဘာလ ၈ ရက်နေ့အထိ အစိုးရ ကတိုက်ပွဲတွေ ရပ်ဆိုင်း ရေးနဲ့ ပတ်သက်လို့ ၀င်ညှိပေးတာ ကလေးတွေသေဆုံး လို့ဝမ်း နည်းကြောင်း ထုတ်ပြန်တာ ဘာဆိုဘာမှ လုပ်ဆောင်တာ မတွေ့ရရသေးပါဘူး။ ၈၈ မျိုးဆက် ငြိမ်းပွင့်လို ရန်ကုန်နိုင်ငံ ရေးသမားအချို့ကတော့ ၂၁ ပင်လုံထောက်ခံပွဲတွေ သာ လုပ်ခဲ့တာ အခုလို ကိစ္စမျိုးတွေမှာ ထုတ်ပြန် ချက် လေးတောင် ထုတ်တာ မတွေ့ရပါဘူး။ အင်းဝ အပ်ချုပ်ဆိုင်အမှုလို ဖြေရှင်းရလွယ်ကူ နိုင်ငံရေး အရ အမှတ်ယူလို့ လွယ်တဲ့ အမှုတွေမှာသာအားလုံးဝိုင်းပြီး  အော်နေ နာမည်ယူနေကြသလား ဆိုတာ လည်း စဉ်းစားစရာဖြစ်စရာပါ။ စာရေးသူနဲ့ ခင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တစ်ယောက်ကတော့ 'ဖြေရှင်းရလွယ်တယ် နိုင်ငံရေးအရ အမှတ်ရလွယ်တဲ့ အင်းဝအပ်ချုပ်ဆိုင်ကိစ္စကိုတော့ အုံးအုံးကျွတ် ကျွတ်နဲ့ နိုင်ငံရေးအရ အမှတ်ဝင်ယူ နေကြတယ်။ အခု ကျွန်တော်တို့ ဒေသက ကလေးတွေသေနေတာ အရပ်သားတွေ သေနေတာ တွေက လူတွေ မဟုတ်ဘူးလား ' ဆိုပြီး စာရေးသူကို ပြောပါတယ် ။


သူကိုယ်တိုင်လည်း စစ်ပွဲတွေရပ်တန့်ရေးအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ကို စာပို့ထားတဲ့ လွှတ်တော်ကိုယ်စား တွေထဲပါဝင်ပါတယ်။ စစ်ပွဲရပ်တန့်ရေးအဆိုတွေက လွှတ်တော်မှာ တင် ရင် အတည်ပြုတာမျိုးတွေ မဖြစ်ပဲ မှတ်တမ်းတင်ရုံသာ မကြာခဏဖြစ်နေတာကြောင့်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ထံစာပို့တောင်းဆိုရ တာဖြစ်ပါတယ် ။


သူအပါအဝင် စစ်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ်က ကိုယ်စားလှယ်တွေကတော့ စစ်မီးကနေ့စဉ်နဲ့အမျှ တောက် လောင်နေတာမို့ ပြည်သူရွေးထားတဲ့ကိုယ်စားလှယ်တွေပီပီ လူထုကြုံတွေ့ နေရတဲ့ ဒုက္ခကို မနေသာတာကြောင့် ကချင်စစ်ပွဲများရပ်စဲရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တောင်းဆို စာကို ပေးပို့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးလက်မှတ်ထိုးပြီးတော့မှပါ။ ကချင်ပြည်နယ် က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စစ်ပွဲရပ်စဲရေးအဆိုကို ပြည်နယ်လွှတ်တော်မှာတင်ခဲ့ ပေမဲ့မှတ်တမ်းတင်ရန်ဆိုပြီးတော့ပဲ ဆုံးဖြတ်ခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက်နေတဲ့ ကချင် လွှတ်တော်ကိုယ်စားလှယ်တွေက မနေသာတော့ပဲ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လက်မှတ်ရေးထိုးတောင်း ဆိုတာ တွေ လုပ်လာတဲ့ သဘောပါပဲ ။


အစိုးရကို အကြပ်ရိုက်အောင် မလုပ်နဲ့ ဆိုတဲ့ ဦးဝင်းထိန်က လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောဆိုခဲ့တဲ့ ပါတီ ပေါ်လစီနဲ့ဆိုရင်တော့ တော်တော်လေးကို ဖီလာဆန့်ကျင်တဲ့ ကိစ္စလို့ ဆိုနိုင်ပါတယ်။ စစ်ဘေးဒဏ်သင့် ဒေသတွေမှာ လတ်တစ်လော ဆက်ကြုံနေရတဲ့ ကိစ္စ ကတော့ စစ်ဘေးရှောင် တွေအတွက်  ကုလသမဂ္ဂ အပါဝင် အဖွဲ့အစည်းတွေက စားနပ်ရိက္ခာထောက်ပံ့မှုတွေလျှော့လိုက်တာ တိုင်းရင်းသားနယ်မြေ တွေထဲကို ထောက်ပံ့ရေး ယာဉ်တွေသွားလာခွင့် ကန့်သတ်ခံရမှု ခက်ခဲမှုတွေက အစိုးရသစ်လက်ထက် မှာလည်း ရှိနေဆဲပါပဲ ။ ဒီကိစ္စတွေကဟားဗတ်လူသားချင်းစာနာ မှုဆိုင်ရာဆုကို လောလောလတ် လတ်မှာ ရရှိထားတဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုပါ မေးခွန်း ထုတ်စရာ ဖြစ်စေပါတယ်။ မနှစ်က ရွေးကောက်ပွဲပြီးစ SSPP/SSA နဲ့ တပ်မတော်အကြီးအကျယ်တိုက်နေချိန်က အာဏာမလွှဲပြောင်းရသေး လို့ ဆိုပြီးဖြေသာပါ သေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မေလကစလို့ ပဋိပက္ခဒေသတွေမှာ အရပ်သားတွေ မီးရှို့ထားတဲ့ အရိုးတွေ တွေ့တဲ့အထိ ဖြစ်နေတာတောင် ဘာတစ်ခုမှ မဟခဲ့ပါ ။


(၄)  အစိုးရနဲ့ ပူးပေါင်းမဲ့ မိုင်းလားကို ၀ က ၀င်ရောက်စီးနင်းမှုမှာ အစိုးရအသံတိတ်နေတယ်


မိုင်းလားအဖွဲ့ဟာ ဗကပ ကနေ ခွဲလာပြီးကတည်းက အစဉ်အလာအရ ၀ နဲ့ မဟာမိတ်ပါ။ နဂိုရပ်တည်ချက်တွေတုန်းက အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်မထိုးဘူး။ အားလုံးပါဝင်ရေးဆိုတဲ့ မူအပေါ်  UWSA ၀ တပ်ဖွဲ့နဲ့အတူ ရပ်တည်ခဲ့ပေမဲ့ ၂၁ ပင်လုံ စတင်ချိန်မှာတော့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကိုလက်ခံတယ် ။


နယ်မြေသတ်မှတ်ပေးရင် အန်စီအေ လက်မှတ်ထိုးမယ်ဆိုတဲ့ မူကို ချပြလာပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက် က မယုံလို့ လက်မှတ်မထိုးခဲ့ပေမဲ့ အရပ်သားအစိုးရသစ်ကိုတော့ ယုံကြည်မှုရှိတဲ့ အနေနဲ့ ဒီလိုပြောတာ ဖြစ်နိုင်ပါတယ်။ မိုင်းလားရဲ့ပထဝီအနေထားအရ တည်ရှိမှုအရ ၀ တပ်ဖွဲ့ဌာန ချုပ်ပန်ဆန်းအတွက် အရေးပါတာ လာအို နဲ့ မဲခေါင်နယ်စပ်ထွက်ပေါက်တွေရှိနေတာလည်း ၀ အတွက် ၀င်ရောက် စီးနင်းမှုကိုစေ့ဆော်စေခဲ့တဲ့ အကြောင်းအရာတွေဖြစ်တယ်လို့ ပြည်ထောင်စု အင်စတီ ကျုဒါရိုက် တာနဲ့ ရှမ်းရေးရာ ကျွမ်းကျင်သူ ဦးခွန်ဆိုင်းက ဧရာဝတီနဲ့ မေးမြန်းမှုမှာ ဖြေဆိုထားပါတယ် ။


ပြောရမယ်ဆိုရင်စစ်ရေး ၊ စီးပွားရေးအရ အရေးပါတဲ့ နေရာကို အကယ်လို့များ မိုင်းလား NDAA
အဖွဲ့သာ လက်မှတ်ထိုးလိုက်ရင် လက်လွတ်ရတော့မလားဆိုပြီး ၀ တပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ တာ ဖြစ်ပါတယ် ။


မည်သို့ ပင်ဆိုစေကာမူ အခုကိစ္စကိုကြည့်ရင် အစိုးရသစ်ကို ယုံလို့လက်မှတ်ထိုးမဲ့ အကြောင်း ပြောခဲ့တဲ့ မိုင်းလားကို ၀ တပ်ဖွဲ့ကဝင်ရောက်စီးနင်းမှုမှာ အစိုးရသစ်အနေနဲ့ အသံတိတ်နေတာပါပဲ။ အခုဆိုရင် ၀တပ်တွေ မိုင်းလားနယ်ထဲ ထပ်တိုးချထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့အဲမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လို စိုးရိမ်မှုတွေနဲ့နေနေရမလဲဆိုတာကို သာ စဉ်းစားကြည့်ပါ။ သူတို့ကကော ပြည်သူမဟုတ်ဘူးလား ဆိုတာ မေးသင့်တဲ့ မေးခွန်းဖြစ်လာပါပြီ ။


(၅) ဗဟိုပါဝါပြိုတာလား (သို့မဟုတ် ) သင့်မြတ်ရေးက ဗမာအီလစ်နဲ့ဗမာအာဏာရှင် သင့်မြတ်ရေးလား


လက်ရှိအခြေနေကို ကြည့်ရင် ၁၉၅၀ ကျော်ခုနစ်ကာလအချို့ကိုပါ ပြန်သတိရစရာဖြစ်လာစေပါတယ်။ အဲဒီတုန်းက ဦးနုအစိုးရကို သူပုန်တွေဝိုင်းတိုက်နေတယ် ။တစ်ချိန်တည်းမှာလည်း သူပုန်အချင်းချင်း လက်နက်ကိုင်အချင်းချင်း တိုက်တဲ့တိုက်ပွဲတွေကလည်း ဖြစ်နေတယ်။ ဗဟို အစိုးရ အာဏာနည်း လာတာ ကို ပြတဲ့သဘောပါ။ အခု အခြေနေကိုကြည့်ရင် တရားဥပဒေစိုးမိုးမှုကင်းမဲ့တာ ရာဇဝတ်မှု များလာတာ ၊ လက်နက်ကိုင် ပဋိပက္ခ ပြန်လည်ကျယ်ပြန့်ဖို့ တာစူနေတာတွေက ကျရှုံး နိုင်ငံဖြစ်မဲ့ လက္ခဏာတွေထဲမှာပါပါတယ်။ ဗဟိုအစိုးရအာဏာနည်းလာတဲ့အချိန်မှာ လုံခြုံရေးကဏ္ဍ ဖြစ်တဲ့  စစ်တပ်ကဏ္ဍကအားကောင်းလာတာလည်း သဘာဝပါပဲ။ အဲလိုနည်းနဲ့ ၁၉၅၈ မှာ အိမ်စောင့် အစိုးရဆိုပြီး တပ်မတော်က နိုင်ငံရေးမှာစတင်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီသမိုင်းကလည်း သင်ခန်းစာယူရမဲ့ သမိုင်းထဲပါပါတယ်။ တပ်မတော်ကို နိုင်ငံရေးထဲဆွဲသွင်းခဲ့တဲ့ ဒဏ်က အခုထိအားလုံးခံစားနေရဆဲပါပဲ ။


အခုက ၂၁ ပင်လုံ စာတမ်းဖတ်ပွဲအပြီး နောက်ညီလာခံ ဆွေးနွေးမှုတွေအတွက်မူဘောင်တွေ ပြန်မလုပ်ရခင် စစ်မျက်နှာပြင်အမြောက်အမြား တာစူလာတဲ့ သဘောမှာတွေ့ရပါတယ်။ ကြိုတင်တွက်ချက်ပြီးတိုက်တဲ့ စစ်ပွဲတွေလို့ ပြောလို့ရပါတယ်.။ သဘောက အစိုးရ ဘယ်လောက်ပြောင်းပြောင်း စစ်တိုက်ဖို့နဲ့စစ်နားဖို့က တပ်မတော်က သီးခြား ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ သဘောပါ။ ၂၁ ပင်လုံကို လုပ်လိုက်ပေမဲ့ နောက်အဆင့်တွေအတွက် ကြိုတင် မှန်းမျှော်ပြင် ဆင်မှုမရှိတာက အခုအခြေနေက ပေါ်လွင်နေတဲ့ အပြင်နှုတ်ဆိတ်နေတာ နီရိုဘုရင် တယောထိုးမပျက်သလို ဖြစ်တဲ့ ကိစ္စကလည်းမကောင်းတဲ့ လက္ခဏာပါပဲ။ အစိုးရဆိုတာ အုပ်ချုပ်ချင်ရုံသက်သက် မရပါဘူး။တာဝန်ခံမှု တာဝန်ယူမှု ရှိရပါတယ်။ အခုလို ကြာကြာ နှုတ်ဆိတ်နေလိုက်ရင် တိုင်းရင်းသား တွေက ဗမာ မဟုတ်လို့လားဆိုပြီး မေးခွန်းထုတ် လာနိုင်ခြေလက်ညှိုးထိုးလာနိုင်ခြေတွေလည်းရှိပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေကို ကြည့်ရင် အန်စီအေ မထိုးသော် လည်း အဆင့်အလိုက် အပစ်ရပ်ရေးအပါဝင် ၊ ပဋိပက္ခဖြေရှင်း ရေးအတွက် လက်မှတ်တွေထိုးထား တဲ့ အဖွဲ့တွေများပါ တယ်။ ကေအိုင်အိုက အစပါ။ အခု အဲဒီစာချုပ်တွေက ၂၀၀၈ အခြေခံ ဥပဒေအောက်မှာ ချုပ်ဆိုတာခြင်း အတူတူ စက္ကူစုတ်ဖြစ် သွားပြီးလား နောက်အစိုးရက တာဝန်မခံတော့ဘူးလားဆိုတာပါ မေးခွန်းထုတ်စရာရှိပါတယ် ။


အခု ဒီစာကို ရေးနေချိန်မှာပဲ အမေရိကန် ဆန်ရှင်လွတ်ပေးလိုက်တာအာဏာရှင်ကြီးတွေကော အာဏာရှင်လေးတွေကော အကုန်ကင်းလွတ်ကုန်ပါပြီ။ ၂၈ နှစ်မှာ ပြည်သူတွေဘာပြန်ရခဲ့သလဲ စဉ်းစားရပါတော့မယ်။ဆန်ရှင်ကင်းလွတ်ပြီးလည်း စစ်ဆက်တိုက်နေမယ် နှုတ်ဆိတ်ဆွံ့အမှုတွေဆက်လုပ်နေမယ်ဆိုရင်တော့ ဗမာအီလစ်နဲ့ ဗမာအာဏာရှင်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအကောင်ထည်ဖော်မှုလို့ပဲ တံဆိပ်ကပ်ရတော့မှာဖြစ်ပါတယ် ။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates