စစ်ပွဲများရပ်တန့်ရေး ဆုတောင်းပွဲ သမိုင်းဝင်ပင်လုံနှင့် တခြားမြို့များတွင် တပြိုင်နက် ပြုလုပ်



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ ကျောက်တိုင်ကွင်းရှိ မဟာရဌာဘိသာမဂ္ဂီ စေတီတော် (ပင်လုံ ရွှေတိဂုံစေတိတော်) မျက်နှာစာရှေ့တွင် ပင်လုံမြို့ တိုင်းရင်းသားလူငယ်များ စုပေါင်းပြီး သျှမ်းပြည်တွင်း ဖြစ်ပွား နေသော စစ်ပွဲများရပ်တန့်ပေးရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည် ။


အောက်တိုဘာ ၁၇ ရက် ည ရ နာရီခန့်ပ ပင်လုံမြို့ တိုင်းရင်းသားလူငယ်များ ၁၀၀ ခန့် စုပေါင်းပြီး သျှမ်းပြည်တွင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပဋိပက္ခကြောင့် ဒုက္ခရောက်နေသော စစ်ဘေးသင့်ပြည်သူများ အတွက် ဖယောင်းတိုင်ထွန်း ဆုတောင်း  စစ်ပွဲရပ်တန့်ရေး သီချင်းများ သီဆိုခဲ့ကြောင်း သျှမ်းတိုင်းရင်းသားလူငယ် နန်းစံနွန်းမို ကပြောသည် ။


“ စစ်ပွဲတွေပဲ ဖြစ်နေရင် ပြည်သူတွေက ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မလဲ။ အပြစ်မရှိတဲ့ ပြည်သူတွေ စစ်ပွဲကြားက ဓားစာခံ မဖြစ်စေချင်ဘူး။ ပြည်သူတွေ ကိုယ့်နေရပ်မှာပဲ စိတ်ချမ်းသာစွာ နေချင်တယ် ။ ပြည်သူတွေ ကိုယ့်ရပ်ရွာကို အမြန်ဆုံးပြန်နိုင်ဖို့ အစ်မတို့ လူငယ်တွေ အားလုံးစုပြီး ဒီကနေ့ည ဆုတောင်း ပွဲလေး လုပ်ပေးဖြစ်တယ်။ စစ်ပွဲ အမြန်ဆုံး ရပ်တန့်ပေးပါ။ ”  ဟု ၄င်းကပြောသည် ။


 ပြည်တွင်းစစ်နှင့် လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးရပ်တန့်ပြီး စစ်ဘေးသင့် ပြည်သူများ ငြိမ်းချမ်းစွာ နေရပ်ပြန်လည်နေထိုင်နိုင်ရန်အတွက် ပင်လုံတိုင်းရင်းသားလူငယ်များမှ ဆုတောင်း မေတ္တာပို့သပြီး အစိုးရတပ်မတော်ဘက်မှ စစ်ပွဲရပ်တန့်ပေးရန် နှင့် NCA စာချုပ် လေးစားသင့်ကြောင်း သျှမ်းလူငယ် စိုင်းဟွမ်ဆစ် ကပြောသည် ။


“ စစ်ဘေးသင့်ပြည်သူတွေလည်း နေရပ်သို့ အမြန်ပြန်နိုင်အောင် ဘာဖြစ်လဲဆို ကျနော်တို့ သွားတွေ့ လာတယ်။ သူတို့ အရမ်းဒုက္ခရောက်တယ်။ စားဝတ်နေရေးတွေ အရမ်းအခက်အခဲတွေ့နေတယ်။ ဒီဒုက္ခ ရောက်နေတာကို တာဝန်ရှိတဲ့သူတွေ သိစေချင်လို့ ဆုတောင်းပွဲလုပ်ရခြင်းဖြစ်တယ်။ ” ဟု ၄င်းကပြော သည် ။


သျှမ်းပြည်တွင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများအမြန်ဆုံးရပ်တန့်စေရေး ဆုတောင်းပွဲကို အောက်တိုဘာ ၁၇ ရက် ည ရ နာရီတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ပင်လုံမြို့၊ ခိုလမ်၊ သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲမြို့၊သီပေါမြို့၊ နမ့်လန်မြို့တို့အပြင် စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်း  တို့တွင်လည်း စစ်ပွဲရပ်တန့်ရေး ဆုတောင်းပွဲများ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates