စစ်ပွဲများရပ်တန့်ရေး အမျိုးသမီးများရဲ့အသံ



ပင်လုံတွင်ကျင်းပသော စစ်ပွဲများရပ်တန့်ရေး ဆုတောင်းပွဲ
ပြီးခဲ့တဲ့အပတ်ထဲမှာသီတင်းကျွတ်လပြည့်နေ့နဲ့လည်းတိုက်နေတဲ့အလျောက် သျှမ်းပြည်နယ် အတွင်း မြို့နယ် အသီးသီးက သျှမ်းအမျိုးသမီးလူငယ်ထုတွေစုပေါင်းပြီးတော့ သျှမ်းပြည်တွင်း စစ်ပွဲများ ရပ် တန့်ရေး၊ စစ်ဘေးရှောင်များနေရပ်ရင်းကို ဘေးကင်းစွာပြန်နိုင်ရေးအတွက်ရည်ရွယ်ပြီးတော့ ဆုတောင်း ပွဲကျင်းပခဲ့ကြပါတယ်။ အမျိုးသမီးတွေရဲ့အသံတွေကိုကြားသိရအောင်လို့ သျှမ်းသံတော်ဆင့်ကနေအခုလို တွေ့ဆုံမေးမြန်းထားပါတယ်။
နန်းစံနွန်းမို (ပင်လုံ)
စစ်ဘေးရှောင်တွေကိုသွားပြီးတော့ ကူညီမှုတွေသွားပေးလာတယ်။ စစ်ဘေးရှောင်တွေရဲ့ဘ၀ ဘယ်လောက်ထိ အခက်အခဲတွေနဲ့ရင်ဆိုင်နေရသလဲဆိုတာ တွေ့ရတယ်။ သူတို့နဲ့ထပ်တူ ကြေကွဲရတယ်။ တိုက်ပွဲတွေဆက်ဖြစ်နေသေးရင် စစ်ဘေးရှောင်တွေ ဆက်လက်ပြီးတော့ အခက်အခဲတွေ ရင်ဆိုင်နေရဦးမယ်။ ဒါကြောင့်ကျမတို့တတ်နိုင်တဲ့ဘက်ကနေ ကူညီနိုင်သလောက်လေးပါ ။ စစ်ပွဲတွေအမြန်ဆုံး  ရပ်တန့်ပေးဖို့တောင်းဆိုပေးရတာပါ။

နန်းရွှေပွင့် (သီပေါ)
ငြိမ်းချမ်းရေးဆိုတဲ့စကားကိုပြောလာကြပေမယ့် လက်တွေ့မှာတော့ဖြစ်မလာဘူး။ အဲတာကြောင့် ကျမတို့ အမျိုးသမီးတွေ ၊သီပေါမြို့သူမြို့သားအားလုံးကစုပေါင်းပြီးတော့ စစ်ပွဲကြီးကိုရပ်တန့်ပေးပါ။ စစ်ပွဲကြီးကိုလုံးဝ အလိုမရှိတော့ဘူး။ ဘယ်ဘက်ကဘဲဖြစ်ဖြစ် သူတို့တိုက်ပွဲတွေဖြစ်ပွါးပြီးတော့ သိရ မှာပါ။ သေဆုံးမှုတွေဆုံးရှုံးမှုတွေကိုတွေ့ရမယ်။ အဲ့ကြောင့် သူတို့စစ်ဖြစ်မှာကိုလည်း လိုလားကြမှာ မဟုတ်ပါဘူး။ လူထုကလဲစစ်ဖြစ်မှာကိုလုံးဝ မလိုချင်ပါဘူး။

နန်းစံပေါင်း (ကျောက်မဲ)
ကျမတို့ ကျောက်မဲကိုသွားပါတယ်။ စစ်ဘေးရှောင်စခန်းကိုကျမတို့သွားပါတယ်။ စစ်ဘေးရှောင်တွေကို အရမ်းသနားပါတယ်။ စစ်ဖြစ်မှာကြောက်လို့ဆိုပြီးရွာသားတွေက တနှစ်စာဖူလုံအောင် အစား အသောက် တွေ လယ်ယာလုပ်ငန်းအတွက်လိုအပ်ချက်တွေကိုဝယ်ပြီးသိုလှောင်ထားတယ်။ ဒါပေမယ့်ကံမကောင်းချင်တော့ စစ်ပွဲကတန်ခူးလနှောင်းပိုင်းမှာလာဖြစ်ရတယ်။ ရွာသားတွေထွက်ပြေး တော့ သူတို့တွေရဲ့ကျန်ရစ်တဲ့ ပစ္စည်းတွေနေအိမ်တွေကို စစ်တပ်ကမီးရှို့ဖျက်ဆီးလိုက်ပါတယ်။ အားလုံးဆုံးရှုံးလို့ ရွာသားတွေဟာစိတ်ပျက်၊ ခြောက်ခြားမှုတွေ ခံစားရပြီးစိတ်ကျန်းမာရေးကိုပါ ထိခိုက်လာခဲ့ပါတယ်။ အစိုးရတပ်မတော်ကိုရောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုပါ တောင်းဆိုချင်တာကအားလုံးတွေ့ဆုံဆွေးနွေးပြီးတော့မှ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်ပေးပါ လို့။ စစ်ပွဲဆိုတာကစစ်သားတွေလက်နက်ကိုင်တွေအတွက် အထူးအဆန်းမဟုတ်ပေမယ့် လက်နက်မဲ့ ရွာသားတွေအတွက်တော့ ကြုံဖူးနေကျမဟုတ်တော့ ကြောက်မက်ဖွယ်ဖြစ်ရပါတယ်။ ယောကျား သားတွေအတွက်ပြေးရလွှားရလွယ်ပေမယ့် အမျိုးသမီးနဲ့ခလေးတွေအတွက် ပြေးရလွှားရလုံးဝ မလွယ်ပါဘူး။ တချို့တွေဆိုတိုက်ပွဲရဲ့အကျိုးဆက်ကြောင့် ပြေးရင်းလွှားရင်း အသက်တွေစတေးသွားခဲ့ရတာတွေရှိပါတယ်။ ဒီအကြောင်းတွေကိုအစိုးရကိုသိစေချင်ပါတယ်။ လူထုခံစားချက်တွေကိုသိရှိခံစားပေးစေချင်ပါတယ်။
နန်းမွေစံ (သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း)
ဘယ်သူမှ တိုက်ပွဲမဖြစ်စေချင်ဘူး ။ တိုက်ပွဲဖြစ်ရင်အများဆုံးခံရတာကအမျိုးသမီးနဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဖြစ်နေတယ်။ အမျိုးသားတွေဟာအပြေးသန်တယ်။ အမျိုးသမီးတွေထက်သွက်လက်တယ်။ စစ်ဖြစ်လာရင်အမျိုးသမီးတွေဟာထွက်ပြေးဖို့အတွက် ကလေးရှိရင်ကလေးယူတယ်။ သက်ကြီးမိဘရှိရင်လည်းသက်ကြီးမိဘကိုလည်းယူရတယ်။ အသက်ဘေးကလွတ်သွားပေမယ့် ဆက်လက်အသက်ရှင်နေထိုင်စားသောက်သွားဖို့ကလည်း ဆက်လက်တာဝန်ယူရတယ်။ ဒါကြောင့် စစ်ဖြစ်ရင် အမျိုးသမီးတွေကစစ်ဘေးစစ်ဒဏ်ပိုခံရတယ်။ ဖြစ်နိုင်ရင် စစ်ဆိုတာမရှိရင် ပိုကောင်းတယ်လို့ပြောချင်ပါတယ်။ တိုက်ပွဲမရှိရင် ငြိမ်းချမ်းရေးရမယ်။
နန်းမေဦး(ဟုမ္မလင်း)
စစ်မဖြစ်ဖို့ တပ်မတော်ဘက်ကလည်း လျှော့သင့်ပြီလို့ထင်တယ်။ တိုင်းရင်းသားတွေဘက်ကလည်း  NCAကိုဖြစ်မြောက်အောင်ဆိုရင်တော့ လက်မှတ်ထိုးမယ်ဆိုရင်လည်းမိမိဆန္ဒအလျောက် ရင်ထဲကလာတဲ့လက်မှတ်ဘဲဖြစ်စေချင်ပါတယ်။
နန်းခင်အုံး (မိုးမောက်)
အရင်ကကျမလိုင်ဇာနားကဂျာအင်ယန်ရွာမှာကျမစီးပွါးရေးလည်းလုပ်တယ်။ နေလဲနေထိုင်ပါတယ်။ အဲဒီတုန်းကကျမတို့နဲ့ ၁၀ မိုင်လောက်ဘဲဝေးတဲ့နေရာမှာတိုက်ပွဲတွေဖြစ်တော့ လက်နက်ကြီးငယ် အသံတွေ စုံလင်ဆူညံနေတယ်။ အဲ့ချိန်မှာကျမတို့အမျိုးသမီးတွေကလေ ကလေးကိုပိုးပြီး လွယ်အိပ် တလုံးနဲ့ထွက်ပြေးတာ ကမ္ဘာပျက်သလိုဘဲ။  ကျမမြင်ခဲ့ရတယ်။ အဲဒီအချိန်တုန်းကလည်း သူတို့က ကျမကိုမေးတယ်။ ဆရာမတဲ့ ကျမတို့ ဘယ်မှာသွားပုန်းနေကြမလဲတဲ့  ။ အနီးစပ်ဆုံးအလုံခြုံဆုံးနေရာ ကို ညွန်းပေးတယ် သူတို့ကို။ ဘုန်းကြီးကျောင်းမှာသွားနေပါ။ ဘာဖြစ်လို့လဲဆိုဘုန်းကြီးကျောင်းက ၃ ထပ်ရှိတယ် ။ အောက်ဆုံးမြေအောက်ခန်းမှာကျမတို့ပုန်းလို့ရတယ် ။ တကယ်လို့ စစ်ကြောင်း ဝင်လာရင် ကျမတို့ ရွာသားတွေဖြစ်ကြောင်းသိစေချင်လို့ စုစုစည်းစည်းနေပါ။ တခုခုကြုံလာခဲ့ရင် ဝိုင်းဝန်းဖြေရှင်းလို့ရအောင် ဘုန်းကြီးကျောင်းမှာနေပါလို့ ကျမသူတို့ကိုတိုက်တွန်းခဲ့တယ် ။


တိုက်ပွဲကဖြစ်ရင်းဖြစ်ရင်းအရမ်းနီးလာတော့ ဘုန်းကြီးကျောင်းမှာမနေနိုင်တော့ဘဲကျမတို့ တောထဲကိုထွက်ပြေးရတယ်။ ကျမတို့ မိုင်ပေါင်းမြောက်များစွာလျှောက်ပြီးတော့ ဒုက္ခပေါင်း မြောက်များစွာကြုံတွေ့ရပြီးတော့ ထွက်ပြေးခဲ့ရတယ်။ ခလေးတွေဆိုလည်း စားစရာရတဲ့သူကရ မရတဲ့သူလဲငတ် ပေါ့ ။


ဒါကြောင့် စစ်နဲ့ပတ်သက်လာရင် ကျမဘယ်အဖွဲ့အစည်းဘက်ကို မျက်နှာလိုက်ပြီးတော့မပြောဘူး။ လက်နက်ကိုင်အဖွဲ့အားလုံးကို ရည်ရွယ်ပါတယ်။ စစ်ဆိုတာကိုရပ်စေချင်တယ်။ ဘာလို့ဆိုတော့ အမျိုးသမီးတွေနဲ့ခလေးငယ်တွေကအဓိကဓါးစာခံဖြစ်နေရတာကြောင့်ပါ။ ကျမတို့ကိုယ်တိုင် လက်တွေ့လဲကြုံခဲ့ရတယ်။ ဒုက္ခဆိုတာလဲရင်ဆိုင်ခဲ့ရတာကြောင့် စစ်ကိုရပ်ပေးပါလို့ပြောချင်ပါတယ်။ စစ်ကိုရပ်တဲ့နည်းဘယ်လိုရှိသလဲဆိုတာကိုလည်းဝိုင်းပြီးစဉ်းစားကြစေချင်တယ်။ ကျမတို့လည်း ဝိုင်းစဉ်းစားပေး စေချင်တယ်။ ဆွေးနွေးမယ်ဆိုရင်လည်းကျမတို့ဝိုင်းဆွေးနွေးလို့ရပါတယ်။ အဲဒီအထိကျမတို့စဉ်းစားထားပါတယ် ။

နန်းခမ်းယုံ (သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း)
ကျမတို့ အမျိုးသမီးတွေအနေနဲ့ တိုက်ပွဲကိုလုံးဝ အလိုမရှိပါဘူး။တိုက်ပွဲဖြစ်လာရင် အမျိုးသမီးနဲ့ ကလေးတွေဟာဓါးစာခံဖြစ်ရတယ်ဆိုတာကျမတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးဖြစ်တာကြောင့်ပါ။ ဒါကြောင့် စစ်ကိုပြီးဆုံးစေချင်တယ်။ ဘယ်သောအခါဘဲဖြစ်ဖြစ်ပေါ့။ ဆုတောင်းတယ် မျှော်လင့်တယ်။ စစ်ပွဲအမြန်ဆုံးရပ်တန့်နိုင်အောင်လို့။ ဘယ်တော့ရပ်နိုင်မလဲဆိုတာမသိ၊ ကံဇာတာဘယ်လိုဖြစ် လာမလဲမသိပေမယ့် ဘယ်အခြေအနေမျိုးဘဲကြုံကြုံကိုယ်လွတ်ရုန်းနိုင်တဲ့စွမ်းရည်ရှိအောင်တော့ အမျိုးသမီးတွေကျင့်ထားရမယ်လို့ကျမထင်မိတယ်။ ကျမသတင်းတွေနားထောင်မိတယ်။ စစ်ဖြစ် လာရင်  မိသားတစုမှာထွက်ပြေးမယ်ဆိုရင် အားလုံးမသွားဘူး။ ပစ္စည်းတွေနဲ့ ကျွဲနွားတွေကို စောင့်ကြည့်ဖို့ ချန်ထားမယ် ဆိုပြီးဖြစ်တတ်တယ်လေ။ အဲတာကိုကြည့်ရင်လဲ ကျမတို့ဘာကိုမြင်နိုင် မလဲဆိုရင် ကျမတို့သျှမ်းတွေဟာကြိုတင်ပြင်ဆင်မှုမရှိတတ်ဘူး။ အဲဒီအတွက်လည်းကျမတို့ စွမ်းရည်မြင့်တင်ရေးလုပ်ဆောင်သွားရမယ် လို့တွေးမိပါတယ်။ သူများနိုင်ငံမှာဆိုရင် ငလျင်လှုပ် ဘေးကြုံ လာရင်ကြိုတင်ပြင်ဆင်နိုင်အောင် ဆိုပြီးတောင်မှ ပညာပေးမှုတွေသင်တန်း တွေရှိခဲ့ တာဘဲလေ။ ရေကြီးမှုလားဘာလားဆိုတာလဲပြင်ဆင်ထားကြတယ်။ ဆိုတော့ ကျမတို့တွေဟာ မတည်ငြိမ်တဲ့နိုင်ငံရေးမှာရှင်သန်ပေါက်ဖွားလာကြတယ်ဆိုတော့ စစ်ဆိုတာကြီးဖြစ်လာရင် ဘယ်လိုရှောင်ရတိမ်းရမလဲဆိုတာလေးတော့သိထားသင့်တယ် ။ အသိပညာပေးသင့် တယ် လို့မြင်မိတယ်။ ပြင်ဆင်ထားတယ် ။


နောက်တခုကျမတို့ရှမ်းမှာကရှိသမျှငွေကြေးတွေဟာ မွေးမြူရေးတွေမှာရင်းနှီးမြုပ်နှံထားကြတယ်။ တကယ်လို့စစ်ကြီးဖြစ်လာရင် ဒီကျွဲတွေနွားတွေကိုယူသွားလို့မရဘူးလေ။ ဆိုတော့ ဆုံးရှုံးပြီးရင်ဆုံးရှုံး တာကိုဘဲကြုံရတယ်။ အဲတာကြောင့် ငွေကြေးစီမံရေးဆိုတဲ့ကဏ္ဍလိုအပ်မလားပေါ့နော်။ စစ်ဘေးရှောင်တွေကိုသတိပေးချင်တယ်။ စစ်ကဖြစ်ပြီးသွားပြီထပ်မဖြစ်တော့ဘူးလို့ပြောလို့မှမရတာ။ ဘယ်တော့ထပ်ဖြစ်မလဲဆိုတာလဲသိမှမသိနိုင်တာ ။ ဆိုတော့ အလွယ်တကူဖြေရှင်းနိုင်မယ့်နည်းတခုက ကျွဲနွားတွေတဝက်ကိုရောင်းပြီးငွေကြေးဖြစ်လာရင်ဘဏ်ထဲထားမလား။ အဲလိုဆိုရင်ဘယ်လိုဘဲ ရင်ဆိုင် လာလာငွေကြေးကိုအလွယ်တကူထုတ်ယူသုံးစွဲနိုင်မယ်လေ ။ ဒါကတော့ အလွယ်ကူဆုံးနည်းလမ်း တခုပေါ့နော်။ ဘာလို့လဲဆိုတော့ စစ်ပွဲတွေရပ်ပါဆိုပြီးတားဖို့ကျမတို့မှာအာဏာမရှိဘူးလေနော်။ ဒါကြောင့် ကျမတို့အားလုံးကလုပ်နိုင်တာကကျမတို့မှာရှိတာလေးကိုစီမံခန့်ခွဲသွားမယ်။ ဒါလေးတွေပေါ့နော် ။


သျှမ်းပြည်တွင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများအမြန်ဆုံးရပ်တန့်စေရေး ဆုတောင်းပွဲကို အောက် တိုဘာ ၁၇ ရက် ည ၇ နာရီတွင် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ပင်လုံမြို့၊ ခိုလမ်၊ သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲမြို့၊သီပေါမြို့၊ နမ့်လန်မြို့တို့အပြင် စစ်ကိုင်းတိုင်း မန္တလေးတိုင်း တို့မှာ   တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ် ။


ယခင်အစိုးရလက်ထက် သမ္မတဟောင်း ဦးသိန်းစိန် က တိုင်းရင်းသား နဲ့ တပ်မတော်တို့အကြား အပစ်ရပ်လက်မှတ်ရေးထိုးပွဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကျင်းပနိုင်ခဲ့သည်သာမက လက်ရှိ  NLD အစိုးရလက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကိုပါ ပြီးခဲ့တဲ့ ဩဂတ်စ်လက ကျင်းပခဲ့ပါတယ်။ သို့ပေမယ့် ဩဂတ်စ်လနှောင်းပိုင်းကစပြီး အစိုးရရဲ့တပ်မတော်ဟာ စစ်အင်အားသုံး ပြီး ကချင်၊ ရှမ်းတပ်ဖွဲ့တွေကို ဝင်ရောက်ခဲ့တာကြောင့် ရှမ်းပြည်အလယ်ပိုင်းမှာ စစ်ဘေးရှောင် ၂၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါ့အပြင် အစိုးရစစ်ကြောင်းနဲ့အတူ အဖမ်းခံရတဲ့ မိုင်းကိုင်မြို့နယ်က တုံလောရွာသားတချို့လည်း တလလောက်ကာလကြာခဲ့ပြီဖြစ်ပေမယ့် နေအိမ်ကိုပြန်မရောက်သေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates