သျှမ်းပြည်ပါတီများ အဖွဲ့ချုပ်ဖွဲ့စည်းရန် လာမည့်လအစည်းအဝေးတွင်ဆုံးဖြတ်မည်



သျှမ်းပြည်ပါတီများအဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းရန်  လာမည့်နိုဝင်ဘာလဆန်းပိုင်းတွင်ကျင်းပမည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကျားဖြူ ပါတီ ဥက္ကဌ စိုင်းအိုက်ပေါဝ်း ကပြောသည် ။

ပြီးခဲ့သည့်မေလက ကျင်းပသည့် သျှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းမည့် အစည်းအဝေး

သျှမ်းပြည်ပါတီများအဖွဲ့ချုပ်တွင် သျှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပါတီ ၁၈ ပါတီ ပါဝင်ဝင်မည် ဖြစ်ပြီး  သျှမ်းပြည်ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေးအတွက် ပြီးခဲ့သည့်မေလက ပထမအကြိမ် ကျင်းပ သည့်  ၁၃ ပါတီပါဝင်သည့် အစည်းအဝေးတွင် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း (SNDP) ကျားဖြူ ပါတီ ဥက္ကဌ လည်းဖြစ် သျှမ်းပြည်ပါတီအဖွဲ့ချုပ် အကျိုးဆောင် လည်းဖြစ်သည့် စိုင်းအိုက်ပေါင်း က အောက်တိုဘာလ ၂၀ ရက်နေ့က သျှမ်းသံတော်ဆင့်သို့ပြောသည် ။


“ နိုဝင်ဘာ ၃ - ၄  ရက်နေ့ အစည်းအဝေးပြန်လုပ်မယ်၊ နောက် ၅ ဖွဲ့က သဘောမတူတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ စည်းဝေးတုန်းက ဘတ်ဂျတ်မလုံလောက်တော့ တစ်ဖွဲ့ကို နှစ်ယောက်မဖိတ်နိုင်ဘူး၊ ခုတော့ တစ်ပါတီကို နှစ်ဦးတက်ရောက်ဖို့ ဖိတ်ထားတယ်၊ ပြီးခဲ့တဲ့ စည်းဝေးက တစ်ချို့ပါတီက မအားတော့ မလာတက်ဖြစ်ဘူး အာခါ၊ လားဟူ၊ ကိုးကန့် သူတို့တွေ။ ကျားခေါင်းပါတီတော့လာတယ်။ သူတို့နောက် ကျမှ ရောက်လာတော့ စည်းဝေးခန်းထဲ မဝင်ရဘူး။ ပအိုဝ်းလည်း မလာတက်ဖြစ်ဘူး။ ခုလုပ်မယ့် အစည်းအဝေးတော့ အကုန်တက်ဖြစ်မယ်၊ ၁၃ ဖွဲ့က သဘောတူညီမှုရထားပြီ။ နောက်လာမယ့် အစည်းအဝေးက ဆုံးဖြတ်ချက်ချတော့မယ်” ဟု ၄င်းကပြောသည် ။


သျှမ်းပြည်ပါတီများအဖွဲ့ချုပ်ဖွဲ့စည်းရေးဆွေးနွေးပွဲကို မေလ ၂၉ ရက်က  ရန်ကုန်မြို့ အောက်ခေတ်ဟိုတယ်၌  ကျင်းပကြောင်း ၊ ထိုအစည်းအဝေးသို့ သျှမ်းပြည် အတွင်း ရှိ နိုင်ငံရေးပါတီ ၁၉ ပါတီ အားဖိတ်ကြားထားသော်လည်း  အစည်းအဝေးတက်ရောက်သည့်ပါတီများမှ သျှမ်းပြည်ပါတီအဖွဲ့ချုပ်ဖွဲ့စည်းရန်အတွက် ၁၃ ပါတီ ထောက်ခံမဲပေး ဆန္ဒပြုကြောင်း သိရသည် ။


“ အဓိကကတော့ သျှမ်းပြည်မှာ သျှမ်းပြည်တိုင်းရင်းသားပါတီဘဲ နိုင်ရမယ်လေ။ သျှမ်းပြည် တိုင်းရင်းသားပါတီ စုပေါင်းပြီးတော့ သျှမ်းပြည်နယ် အစိုးရ ဖွဲ့နိုင်ဖို့ပေါ့။ ဒါက အဓိကဘဲလေ။  ဒီ ပါတီဖွဲ့ပြီးရင် လာမယ့် ရွေးကောက်ပွဲတွက် ကြိုတင်ပြင်ဆင်ရတော့မှာပေါ့။ ဒို့ NBF က သျှမ်းပြည်ကို လည်း EPP လုပ်မယ်။ ပြီးရင် ပြည်နယ်တိုင်းမှာလည်း တိုင်းရင်းသားပါတီတွေ အားကောင်းအောင် ပြန်ပြီးစည်းရုံးမယ်”ဟု စိုင်းအိုက်ပေါင်းကပြောသည် ။


သျှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းမည့် ရည်ရွယ်ချက်မှာ  အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံရေး တွင် သျှမ်းပြည်အတွင်းနေ နိုင်ငံရေးပါတီများ တစိတ်တဝမ်းတည်းဖြစ်စေရန် ၊ ပြည်နယ်ကိုအခြခံသည့် နိုင်ငံရေးပါတီများအုပ်စုဖွဲ့စည်းနိုင် ရန်ရည်ရွယ်သည်ဟုလည်းသိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates