ငြိမ်းချမ်းရေး အလှမ်းကျယ် အလယ်မလပ်စေလိုပါ



အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကိုကြည့်တဲ့အခါ  aperiod of truce, esp one that is temporary and a preliminary step to establishing a more permanent peace on agreed terms ဆိုတဲ့ အချိန်ကာ လတစ်ရပ်သတ်မှတ်ပြီး နှစ်ဘက်အပစ်ခတ်ရပ်စဲသာဖြစ်ပြီး ထာဝရငြိမ်းငြိမ်းချမ်းရေးကို သွားဖို့ ပထမအ ဆင့် အနေနဲ့သဘောတူတာဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကိုတွေ့ရပါတယ် ။


မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား
အပစ်ခတ်ရပ်စဲမှု လုပ်ထားတာတွေကြည့်မယ်ဆိုရင် ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတွေနဲ့ သက်ဆိုင်ရာ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပြည်နယ်အဆင့် ( သို့မဟုတ် )တိုင်းဒေသကြီးအဆင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်း ၊ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်း ၊နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုမှုဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။ အဒီအဆင့်တွေပြီးမှနိုင်ငံရေးဆွေးနွေးထာဝရ ငြိမ်းချမ်းရေးကိုသွားဆိုတဲ့ သဘောကို တွေ့ရမှာပါ ။


အပစ်ခတ်ရပ်စဲရေးဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေနဲ့ နိုင်ငံတကာ ဥပဒေတွေအရကြည့်မယ်ဆိုရင် ပထမဆုံး ပြည်နယ်အဆင့် ( ၀ါ ) တိုင်းဒေသကြီးအဆင့်အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွေက အချိန်ကာလ တစ်ခုသတ်မှတ်ထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေး သဘောဆောင်ပါတယ် ။


အဲဒီအဆင့်ပြီးပြီဆိုရင်ပဲဒေသအလိုက်ဆက်ဆံရေးရုံးတွေဖွင့်နိုင်တာ ၊ တပ်လှုပ်ရှားသွားလာမှုတွေကိုအဲဒီဆက်ဆံ ရေးရုံးတွေကနေတဆင့် အကြောင်းကြားသွားလာနိုင်တာ စသဖြင့်ပြုလုပ်နိုင်ပြီး နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ တော်တော်လေးကို  လျော့နည်းအောင်လုပ်နိုင်တဲ့အဆင့်လို့ ဆိုနိုင်ပါပြီ ။


ပထမအဆင့်ပြီးတာနဲ့တင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လက်နက်ကိုင်သွားလို့ရတဲ့ နယ်မြေ သွားလို့မရတဲ့ နယ်မြေဆိုတာတွေရှိလာပြီဖြစ်ပါတယ်။ ပထမပြည်နယ် ( သို့မဟုတ် )တိုင်းဒေသကြီး အပစ်ခတ်ရပ်စဲရေးစာချုပ်တွေဟာ ပြည်နယ်၊ တိုင်းအစိုးရတွေ ၊ အဲဒီဒေသက တပ်မတော်စစ်တိုင်းကိုယ်စား လှယ်တွေနဲ့ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ နှစ်ဘက်အကြား အပစ်ခတ်ရပ်ဖို့ စာချုပ်ချုပ်ဆိုကြတာဖြစ်တဲ့အတွက် ပမာဏသဘောတူညီချက်လို့လည်းဆိုနိုင်ပါတယ် ။


ဒုတိယအဆင့်ဖြစ်တဲ့ ပြည်ထောင်စုအဆင့်ကတော့ ပိုပြီးအပစ်ရပ်ရေးခိုင်မာလာတဲ့ အခြေနေအတွက် ရည်ရွယ် တယ်လို့ ပြောရမှာဖြစ်ပါတယ်။ဥပဒေကြောင်းအရကြည့်မယ်ဆိုရင် အပြီးသတ်ငြိမ်းချမ်းရေးအတွက် ကြိုတင် သဘောတူညီချက် Pre Condition ထက်တောင် အဆင့်မြင့်လာတဲ့ သဘောရှိပါတယ်။ဥပဒေကြောင်းအရ လည်း အရေးပါပါတယ်။ နိုင်ငံတကာကျင့်သုံးမှုတွေအရတော့ အဲဒီပြည်ထောင်စုအဆင့်လို စာချုပ်မျိုးတွေကို ဥပဒေအဖြစ် သတ်မှတ်ကြပါတယ်။မြန်မာနိုင်ငံမှာတော့ အဲဒီစာချုပ်တွေကို ဗဟိုအစိုးရကိုယ်စားလှယ်တွေ၊တပ်မတော်အဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်တွေအကြားချုပ်ဆိုကြပါတယ် ။


အဲဒီအဆင့်ချုပ်ပြီးပြီဆိုရင်ပဲ ချုပ်ဆိုလိုက်တဲ့ အဖွဲ့တွေအကြားပိုမိုတိုးတက်တဲ့ ဆက်ဆံရေးရှိရမှာဖြစ်သလို သက်ဆိုင်ရာနယ်မြေအတွင်းမှာလည်း ပြည်သူတွေအနေနဲ့ အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်ရမှာဖြစ်ပါ တယ်။ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ
ပိုမိုဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေပြန်လည်နေရာချထားရေးလိုကိစ္စတွေလည်း အဲဒီအဆင့်လောက်ပြီးရင်ကိုစမ်းသပ်အနေနဲ့ စတင်ဆောင်ရွက်လို့ ရနေပါပြီ ။


နိုင်ငံတကာမှာဆိုရင်တော့ အခုမြန်မာမှာကျင့်သုံးနေတဲ့ အန်စီအေနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုအဆင့် ကို မလိုအပ်တော့ပဲနိုင်ငံရေးဆွေးနွေးမှုကို ဒုတိယအဆင့်လောက်ပြီးကတည်းက စတင်လို့ ရပါပြီ။မြန်မာ မှာလည်း  လုပ်ရင်ရနိုင်ခဲ့တဲ့အနေထားမှာ တတိယအဆင့်ကကြားဖြတ်ပေါ်လာခဲ့တဲ့အနေထားရှိပါတယ်။ အန်စီအေ ဆိုတဲ့ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ဆိုတဲ့ ကိစ္စပါ ။ အမှန်က တစ်ဖွဲ့ချင်းစီ အလိုက်အပစ်ရပ်ထိုးထား တာ တွေက ၂၀၁၃ ခုနစ်မတိုင်ခင်အထိ အဖွဲ့တော်တော်များများမှာရှိနေခဲ့တာ၊ ကေအိုင်အေနဲ့ အပစ်ရပ် လက်မှတ်မဟုတ်ပေမဲ့ပဋိပက္ခဖြေရှင်းရေးအဖွဲ့တွေဖွဲ့စည်းထားနိုင် တာ ဆက်ဆံရေးရုံးတွေဖွဲ့ထားနိုင် တာကြည့်ရင် အဲဒီအဆင့်မှာတင် နိုင်ငံရေးစဆွေးနွေးလို့ရနေခဲ့ပြီဖြစ်ပြီး အပစ်ရပ်ရေးပစ်ခတ်တိုက်ခိုက်မှု လျော့ချရေးလုပ်ငန်းစဉ်တွေနဲ့ ကနဦးကအပစ်ရပ်စာချုပ်တွေမှာပါတဲ့ အချက်တွေကို ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်လက် အကောင်ထည်ဖော်လို့ ရနေခဲ့ပြီဖြစ်ပါတယ် ။


အန်အယ်လ်ဒီ အစိုးရ တက်ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းဒေသနဲ့တောင်ပိုင်းဒေသတွေမှာပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေပြန်လည်ဖြစ်ပွားလာတာအားလုံးလည်း သတိပြုမိမှာပါ။ ဒီတိုက်ခိုက်မှုတွေမှာအံ့သြမှင် တက် စရာရှိတာက ကေအိုင်အေနဲ့ တပ်မတော်အကြား တိုက်ခိုက်မှု ၊တပ်မတော်နဲ့ ရှမ်းပြည် တပ် မတော် မြောက်ပိုင်း တို့အကြားမေလနဲ့ဇွန်လဆန်းတွေက တိုက်ခိုက်မှုတွေနဲ့ ၂၁ ပင်လုံနီးကပ်နေစဉ်ရှမ်းမြောက် အဖွဲ့ ရဲ့ တန့်ယန်းမြို့ နယ်က တပ်စခန်းတွေတိုက်ခိုက်ခံရမှုတွေ ပဲဖြစ်ပါတယ်။ ရှမ်းမြောက်တပ်ဖွဲ့ကို စကြည့်ကြပါစို့ ။


SSPP/SSA ရှမ်းမြောက်တပ်ဖွဲ့ဟာ ဒီ ၂၀၀၈ အခြေခံ ဥပဒေကို စတင်ကျင့်သုံးတဲ့သမ္မတ ဦးသိန်းစိန် အစိုးရလက် ထက် မှာကိုပဲ ပြည်နယ်အဆင့်နဲ့ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုထား တဲ့အဖွဲ့ဖြစ်နေလို့ပါပဲ။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားမှုသာ မရှိသေးတာပါ။ MNDAA ၊ အေအေ ရက္ခိုင့်တပ် မတော် နဲ့ တီအန်အယ်လ်အေတို့ကတော့ ဘာမှချုပ်ဆိုထားတဲ့ အဖွဲ့တွေမဟုတ်ပါဘူး ။


ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပြန်စမယ်လို့မေလအတွင်းက ကြေငြာပြီး နောက်ပိုင်းဖြစ် လာခဲ့တဲ့ ရှမ်းမြောက်တပ်ဖွဲ့နဲ့တပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် အနည်းဆုံး ဒေသခံ ၁၅၀၀ လောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ၂၀၁၅ရွေးကောက်ပွဲနားနီးကပ်စဉ်ကာလ တုန်းကနေ ရွေးကောက် ပွဲအပြီးကာလတွေတုန်းကလည်း မိုင်းရှူးမြို့နယ်က SSA/SSPP ရဲ့ အရေးပါတဲ့စခန်းတွေမှာ တိုက်ပွဲေ တွ တလကျော်လောက်နီးပါး အကြီးအကျယ်ဖြစ်ခဲ့ပါသေးတယ် ။


အဲဒီတုန်းက စဉ်းစားစရာဖြစ်တာက အပစ်ခတ်ရပ်စာချုပ်တွေပျက်ပြယ်သွားပြီလားဆိုတာပါပဲ၊။ အဲလိုလည်း မဟုတ်သေးပါဘူး။တိုက်ပွဲတွေပြင်းထန်နေစဉ်ကာလတလျှောက် SSPP/SSA ဆက်ဆံရေးရုံးတွေက လားရှိုး၊ တောင်ကြီး ၊ ခိုလမ်တို့လို မြို့တွေမှာ ဖွင့်နေဆဲဖြစ်ခဲ့ပါတယ်။တစ်ခါတစ်လေ SSPP/SSA ခေါင်းဆောင်တွေက ရန်ကုန်ကိုတောင်လာနေဆဲဆိုတဲ့အချိန်မှာဖြစ်နေတာပါ။  SSPP/SSA ဟာ ပြည်ထောင်စု အဆင့်နဲ့ ပြည်နယ်အဆင့်
အပစ်ရပ်ထားတဲ့ အဖွဲ့ဖြစ်ပြီး ဗဟိုအစိုးရ တာဝန်ရှိသူတွေနဲ့ကောပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ပါ လက်မှတ်ရေး ထိုးအပစ်ရပ်တာဖြစ်ပါတယ် ။


အစိုးရပြောင်းသွားသော်လည်း တပ်မတော်လက်အောက်မှာ ရှိတဲ့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီးတွေ စစ်တိုင်းမှူးတွေ ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့တာပါ။ အဲတော့ အရင်အစိုးရနဲ့ ထိုးခဲ့တာကို အန်အယ်လ်ဒီလက် ထက်မှာ အဲဒီစာချုပ်တွေက ၂၀၀၈ အောက်မှာပဲထိုးခဲ့တာဖြစ်တဲ့အတွက် အသက်ဝင်ရမှာဖြစ်ပါ တယ်။ တပ်မတော်အနေနဲ့ဆိုရင်လည်း အခုထိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောင်းသေးတာမဟုတ်ပါဘူး။ အခု ကေအိုင်အေနဲ့တိုက်ပွဲတွေကို ကြည့်ရအောင်ပါ။ တစ်ကယ်တော့ ကေအိုင်အေကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား သမ္မတဦးသိန်းစိန်အစိုးရတက်စမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပေမဲ့နှစ်ဘက်ဆွေးနွေးမှုတွေ အရှိန်ကောင်းလာတဲ့ ၂၀၁၃ ခုနစ် မတ်နောက်ပိုင်းကစလို့ တိုက်ပွဲတွေအရှိန်အများကြီးလျော့သွားသလိုအကြိမ် အရေအတွက်လည်းလျှော့ချနိုင်ခဲ့တာပါ။ အစိုးရနဲ့ ကေအိုင်အေသီးခြားဆွေးနွေးမှုတွေအရ နှစ်ဘက် ပူးတွဲပါဝင် တဲ့ ပဋိပက္ခဖြေရှင်း ရေးလိုကော်မတီကို ဖွဲ့ထားနိုင်ခဲ့သလို မြစ်ကြီးနားမြို့မှာလည်း ကေအိုင်အေ ဆက်ဆံရေးရုံးနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ရုံးကိုဖွင့်လှစ်နိုင်ခဲ့ပါတယ် ။


ပဋိပက္ခဖြေရှင်းရေးကော်မတီရှိနေတဲ့အတွက် နေရာသတ်မှတ်ရေးတွေကိုအလုံးစုံမဟုတ်တောင်မှ ဘယ်နေရာက သတ်မှတ်နေရာ ဘယ်ရွာတွေက ကြားခံနေရာ ကြားခံရွာတွေ ဆိုတာမျိုးအထိ သတ်မှတ်နိုင်ခဲ့ပြီး ကေအိုင်အေ နယ်မြေအတွင်းကဒုက္ခသည်စခန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက ရိက္ခာသွားပို့တာတွေကအစ တော် တော် လေးကို ပြေပြေလည်လည်ရှိခဲ့တာပါ။ ဆွေးနွေးပွဲတွေအားကောင်းခဲ့တဲ့၂၀၁၃ ခုနစ်ကနေ ၂၀၁၄ နှစ်ကုန်ပိုင်း ( လိုင်ဇာစစ်သင်တန်းကျောင်း )တိုက်ခိုက်မခံရခင်အထိ တိုက်ပွဲတွေက ကြီးကြီးမားမား ဖြစ်တာ အင်မတန်နည်းခဲ့( ၂၀၁၄ ဧပြီက မန်ဝိန်းကြီး ဒေသမှာဖြစ်ခဲ့ ) ပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့ရင်လည်း အဲဒီကော်မတီမှာ ပြန်ဖြေရှင်းရင်း ပြေလည်ခဲ့တာများပါတယ် ။


ဒါပေမဲ့အခုအစိုးရသစ်လက်ထက်မှာ ကေအိုင်အေနဲ့ တပ်မတော်တို့အကြား ၂၁ ပင်လုံလိုဆွေးနွေးပွဲတွေရှိနေ ရင်းကြား ကနေ တိုက်ပွဲတွေ ပိုဖြစ်လာခဲ့ပါတယ်။အခုစက်တင်ဘာလအ တွင်း က တိုက်ခိုက်မှုတွေမှာ အကျအဆုံးများတဲ့ တိုက်ပွဲတွေရှိလာခဲ့ပြီးေ လကြောင်း တိုက်ခိုက်မှုတွေပါ ဖြစ်ပေါ်လာခဲ့ပါတယ် ။


(စကားချပ်။  ။ ၂၁ ပင်လုံဟာ ဆွေးနွေးပွဲလို့တောင် လောလောဆယ်ပြောဖို့ခက်ပါတယ်။ အပြန်အလှန် နိုင်ငံရေးဆွေးနွေးမှုမဖြစ်နိုင်သေးတာကြောင့်ပါ။  ) ကေအိုင်အေနဲ့လည်း စဉ်းစားစရာက အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မချုပ်နိုင်သေးရင်တောင်အရင်အစိုးရလက်ထက်က ချုပ်ခဲ့တဲ့ သဘောတူညီခဲ့တဲ့ စာချုပ်တွေတည်ဆောက်ခဲ့တဲ့ ပဋိပက္ခဖြေရှင်းရေး ယန္တရားတွေက ပျက်သွားပြီလားဆိုတာပါပဲ ။


စာချုပ်က ပျက်မပျက်မသိပေမဲ့ အရင်အစိုးရလက်ထက်က ရှိခဲ့တဲ့နယ်နိမိတ်သတ်မှတ်မှုတွေ ပဋိပက္ခ ဖြေရှင်းမှုတွေအတွက် အရေးပါတဲ့ ပဋိပက္ခဖြေရှင်းရေးကော်မတီက အခုအစိုးရလက်ထက်မှာ ပြန်မဖွဲ့ရသေးပါဘူး။အရင်ကော်မတီမှာဆိုရင် ပြည်နယ်အစိုးရတာဝန်ရှိသူတွေ ၊ တပ်မတော်အရာရှိတွေ ၊
ကေအိုင်အေ အရာရှိတွေနဲ့ ပီစီဂျီလိုငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွေ ပါပါဝင်ခဲ့ပြီးတစ်လတစ်ကြိမ် အစည်းဝေးတွေက တော်တော်ကို အလုပ်ဖြစ်ခဲ့ပါတယ်။တိုက်ပွဲလျှော့ချဖို့အတွက်ပါ။ အဲဒီကော်မတီမှာ မှတ်တမ်းတင် စောင့်ကြည့်မှုMonitor လုပ်ငန်းစဉ်တွေလည်းပါပါတယ် ။


စစ်မဲ့ဇုံကြားခံနယ်မြေသတ်မှတ်မှုတွေလည်းပါခဲ့ပါတယ်။ တိုက်ပွဲဖြစ်ရင်တောင်ဘာကြောင့်ဖြစ်တယ် စခန်း ဘယ်လို ဆုတ်ဖို့လိုတယ်ဆိုတဲ့ ကိစ္စတွေကိုကဖြေရှင်းရေးကော်မတီမှာဆွေးနွေးရင်း ပြေလည် သွားတာများပါတယ်။တိုင်းရင်း သားတွေနဲ့ အစိုးရအကြားချုပ်ဆိုထားတဲ့ စာချုပ်တွေက တစ်ကယ်တော့အဆင့် ၃ ဆင့်ရှိပေမဲ့ ဘယ်စာချုပ်ကိုမှ အပြည့် အဝ အကောင်ထည် မဖော်နိုင်သေးပါဘူး ။


အန်စီအေထိုးတဲ့အဖွဲ့ချင်းတူရင်တောင် ကေအန်ယူလိုအဖွဲ့ကစီးပွားရေးအခွင့်အလမ်းပိုရပေမဲ့ အာစီအက်စ်အက်စ် လိုအဖွဲ့ကိုဆိုရင်မူးယစ်တိုက်ဖျက်ပြီး စိုက်ပျိုးခြံအတွက် မြေဧက ၅၀၀၀ သမ္မတ ဦးသိန်းစိန်ကချပေးခဲ့တာ ကို တပ်က ဖျက်တဲ့အတွက် အဲဒီအစီအစဉ်ကို ယနေ့အထိအကောင်ထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။ ဒါဆိုရင်တပ်ဖွဲ့ရပ်တည်ရေးအတွက်ကောင်းကောင်းမွန်မွန်လုပ်စားမှာမကြိုက်တာလားလို့တောင်မေးခွန်းထုတ်စရာရှိနိုင်ပါတယ်။ နောက် အန်စီအေ မထိုးထားတာချင်းတူတူ နာဂလိုအဖွဲ့ဆိုရင် တစ်ခါမှ တပ်မတော်နဲ့ မတိုက်ပဲ အိန္ဒိယနဲ့ပဲ တိုက်ပါတယ် ။


တိုင်းဒေသကြီးအဆင့်သာထိုးထားတာပါ။ တပ်မတော်နဲ့ မကြာခဏတိုက်ပွဲဖြစ်တဲ့ရှမ်းတပ်မတော်မြောက်ပိုင်း SSPP/SSA က မှ နာဂ NSCN ( K) ထက်စာချုပ်ချုပ်ထားတဲ့ အဆင့်မြင့်နေပါသေးတယ်။ နာဂဆို နေပြည်တော်က ၂၁ပင်လုံတောင်လာမတက်ခဲ့သလ အန်စီအေ လက်မှတ်မထိုးဘူးလို့တောင် နဂိုကတည်းကပြောခဲ့တဲ့ အဖွဲ့ ပါ။ ၀ ဆိုရင်လည်း၂၁ ပင်လုံကနေလည်း ထပြန်သွားခဲ့ပါတယ် ။


သူတို့နဲ့ မတိုက်ပဲ နိုင်ငံရေးအရ အားကောင်းတဲ့ အဖွဲ့တွေနဲ့ပဲတိုက်နေတာကလည်းစဉ်းစားစရာပါ။ တပ်မတော်က ပြောပြောနေတဲ့ အန်စီအေ စာချုပ်ရဲ့အခန်း (၂) (ဂ) မှာဆိုရင် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြားချုပ်ဆိုထားသော သဘောတူညီချက်များနှင့်ကတိကဝတ်များကို ထပ်လောင်းအတည်ပြုရန် ဆိုတဲ့ ကိစ္စပါပါတယ်။ အခုအနေထားကချုပ်ကြည့်ရမယ်ဆိုရင် အပေါ်မှာ နိုင်ငံရေးဆွေးနွေးမယ်ဆိုသော်လည်း
ခိုင်မာတဲ့ ဆွေးနွေးမှု မူဘောင် ( နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေလည်းပြန်ညှိလို့မရသေး ) တွေလည်း မပြီးပြတ်နိုင်သေး စစ်မှန်တဲ့အဖြေထွက်လောက်တဲ့ နိုင်ငံရေးဆွးနွေးပွဲဖြစ်မဖြစ် မသေချာဆိုတဲ့အခြေနေမှာ  ၊ အောက်ခြေမှာလည်း ပစ်ခတ်တိုက်ခိုက်မှု လျှော့ချရေး ယန္တရားတွေပျောက်ဆိုတဲ့ အနေထားပါ။ တစ်နည်းအားဖြင့် အလှမ်းကျယ် အလယ်လပ်နေတဲ့သဘောပါ ။


 တိုက်ပွဲတွေဖြစ်နေတဲ့ အဲဒီကိစ္စတွေက ဗဟိုအစိုးရနဲ့လည်း ဆိုင်သလိုပြည်နယ်အစိုးရတွေနဲ့လည်း ဆိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင်အပစ်ရပ်စာချုပ်တွေကို ကြည့်မယ်ဆိုရင် ပြည်နယ်အဆင့် ဗဟိုအဆင့်ဆိုပြီးရှိခဲ့တဲ့ အတွက်ဖြစ် ပါတယ်။ စာချုပ်စာတမ်းနဲ့ ပဋိဉာဉ်ဥပဒေတွေအရ လည်းအဲဒီစာချုပ်တွေ က တရားဝင်ပါတယ်။ လွှတ်တော်မှာ အတည်မပြုနိုင်သေးတာတစ်ခုပဲရှိတာပါ။ ပဋိပက္ခ ဖြေရှင်းရေးယန္တရားမရှိတဲ့ အဖွဲ့တွေနဲ့
ဆိုရင်လည်း ( အန်စီအေမထိုးပဲ သာမန်အပစ်ရပ်ထားသူတွေကိုဆိုလို )ဆက်ဆံရုံးတွေကတဆင့် ဆက်သွယ်ဆောင်ရွက်ရင်းတပ်နေရာအပြောင်းအရွှေလိုကိစ္စတွေကအစဆောင်ရွက်လို့ရပါတယ်။ အခုကအစိုးရသစ်လက်ထက်မှာ အဲဒီအဆင့်တွေက ပျောက်နေပါတယ်။ ဒေါက်တာခက်အောင်တို့ ၊ ဒေါက်တာလင်းထွဋ်တို့လို ကချင်နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့အောက်ခြေက ပြဿနာတွေကို သေချာနားလည်းထားသင့်သလို မရေရာသေးတဲ့မယောင်ရာဆီလူး ၂၁ ပင်လုံထောက်ခံပွဲတွေနဲ့ တင် အချိန်မကုန်သင့်ပါဘူး ။


မယောင်ရာဆီလူးထောက်ခံပွဲတွေမှာ တက်ကြွစွာပါဝင်နေတာဟာအရင်စစ်အစိုးရလက်ထက်တွေက တိုင်းမှူး တွေအမျိုးသားညီလာခံထောက်ခံ ပွဲတက်တာ နဲ့ အတူတူပဲဖြစ်ပါလိမ့်မယ် အထူးသဖြင့်ဒေါက်တာ ခက်အောင် တို့ဆိုရင် ညီအစ်ကိုနှစ်ယောက်စလုံးကငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်နေတဲ့အတွက် ( ဦးခက်ထိန်နန်ကငြိမ်းချမ်းရေး ကိုယ်စားလှယ် ) မိမိတို့ဒေသတွင်းမှာလူမျိုးရေးပြဿနာပေါ်အောင်လှုံ့ဆော် နေတဲ့ ကိစ္စတွေကအစ အစိုးရ ကိုပွင့်လင်းစွာတင်ပြသင့်ပါတယ်။ ဦးခက်ထိန်နန် ၊ ဦးသိန်းဇော်တို့ဆိုရင် အစိုးရ နှစ် ဆက် တိတိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာတာဖြစ်ပြီးကချင်ဒေသနဲ့ နီးစပ်ကျွမ်းဝင်သူ တွေဖြစ်တဲ့အတွက်သိက္ခာရှိရှိကြားဝင်ရပ်တည်နိုင် အောင် မိမိတို့အတွေ့အကြုံတွေနဲ့အစိုးရ သစ်လက်ထက်မှာ ဆထက်ပိုး ကြိုးပမ်းသင့်ပါတယ်။ အခုကချင်မှာဖြစ်နေတဲ့ အနေ ထား က စိုးရိမ်စရာကောင်းပါတယ် ။


ဆွေးနွေးဖို့ကြိုးစားရင်းက တစ်ဘက်စီးအသာရယူလိုမှု တိုက်ပွဲတွေကတဆင့်ပဋိပက္ခနဲ့ တိုက်ပွဲတွေ အားကောင်းလာပါကယုံကြည်မှုပိုမိုပျက်ပြားလာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဂစ်တာကြိုးလိုပါပဲ အသံမကောင်းကြိုးလျော့တယ်ဆိုပြီး တင်းလိုက်တာ တင်းလွန်းအားကြီးရင်လည်းပြတ်သွားတတ်တဲ့အတွက် ဖြစ်ပါတယ် ။


အန်အယ်လ်ဒီအစိုးရအနေနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ကြိုးစားရင်းအမြန်လုပ်ရမဲ့ ကဏ္ဍတွေကတော့ ( ၁) ယခင်အစိုးရနဲ့ ချုပ်ဆိုထားတဲ့တစ်ဖွဲ့ခြင်းစီအလိုက်အပစ်ရပ်ရေးစာချုပ်တွေ အသက်ဝင်ဖို့နဲ့ ယခင်စာချုပ် တွေအရ ဖွဲ့စည်းထားတဲ့ ပဋိပက္ခဖြေရှင်းရေးယန္တရားတွေအသက်ဝင်စေရေးအမြန်ဆောင်ရွက်ရန် ( အဲလို ဆောင်ရွက်ရာမှာ တပ်မတော်ကသိပ်မလိုက်နာချင်ဘူးဆိုရင်တောင် ဥပဒေကြောင်းအရထောက်ပြ တာမျိုးလုပ်နိုင်ပါတယ် ။


(၂)  အားလုံးလက်ခံနိုင်တဲ့ နိုင်ငံရေးမူဘောင်ဆွေးနွေးမှုကိုသေချာစွာဆောင်ရွက်ရန် ( အဘယ်ကြောင့် ဆိုသော် ဦးသိန်းစိန်လက်ထက်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကလည်း ဆွေးနွေးဆုံးဖြတ်မှုမပါ ၊အန်အယ်လ်ဒီအစိုးရ လက်ထက်က ၂၁ ပင်လုံအဖွင့်ကလည်း ဆွေးနွေးဆုံးဖြတ်မှု မပါဖြစ်ခဲ့တဲ့အတွက် နောက်တစ်ခါ အဲလိုဖြစ် ရင် ဘယ်သူမှ လာမှာမဟုတ်တော့တဲ့အခြေနေကို ကြုံနိုင်တဲ့အတွက် ) စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲနဲ့ အတူ မေ့မထားဖို့က အခု အန်စီအေ လက်မှတ်ထိုးဖို့ကျန်နေတဲ့အဖွဲ့တွေ အများစုက ယခင်စစ်အစိုးရလက်ထက်မှာအမျိုးသားညီလာခံတက်ခဲ့ဖူးတဲ့ အဖွဲ့တွေဖြစ်နေတာ ကြောင့်ဖြစ်ပါတယ် ။


(၃) အန်အယ်လ်ဒီကိုယ်တိုင် ဖက်ဒရယ်မူနဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကိုဂဃနဏ ထားရှိဖို့ ( ဒါကလည်းပြီး ခဲ့တဲ့ ညီလာခံကိုကြည့်ရင် တပ်နဲ့ပြည်ခိုင်ဖြိုးရပ်တည်တာက ၂၀၀၈ အခြေခံဥပဒေဘက်က ရပ်တည်ပြီး ၊တိုင်းရင်းသား အဖွဲ့တော်တော်များများက ဆွစ်ဇာလန်လို ဖက်ဒရာယ်ပုံစံတွေကိုတင်ပြခဲ့တာကြောင့် ဖြစ်ပြီး နှစ်ဘက် အလှမ်းကွာ လွန်းတာကြောင့်ကြားပုံစံတစ်မျိုး ချပြဖို့ လိုလာတဲ့အတွက်ဖြစ်ပါတယ်။ နိုင်ငံရေးအရ တောင်းဆိုမှုမြင့်တဲ့ မိုင်ဂျာယန် ဆွေးနွေးပွဲ ကစလို့ ကေအိုင်အေနဲ့တပ်မတော် အကြားတိုက်ပွဲတွေဖြစ် လာတာ ၊ နိုင်ငံရေးအရ တောင်းဆိုမှုမြင့်လို့တပ်က မကြိုက်တာလားဆိုတာ ကလည်း စဉ်းစားစရာဖြစ်ပါ တယ်။ အန်အယ်လ်ဒီကိုယ်တိုင်ကြားနေဆိုသော်လည်း အန်အယ်လ်ဒီအစိုးရ ၊ လွှတ်တော် ၊ ပါတီက တင်ခဲ့တဲ့စာတမ်းတွေက အားရစရာ တစ်ခုမှ မရှိ အဆက် စပ်မရှိတာ ငြင်းမရနိုင်တဲ့ကိစ္စပါပဲ ။


(၄) တပ်မတော်က လက်မခံသေးတဲ့ ၃ ဖွဲ့ကိစ္စနဲ့ပတ်သက်လို့ဆက်လက်ဆွေးနွေးမှုတွေ ပြုသွားဖို့ တို့ပဲ ဖြစ်ပါတယ် ။
ဖော်ပြပါ ၄ ချက်ထဲက နိုင်ငံရေးမူဘောင်မှာ တကယ်ဆွေးနွေးဆုံးဖြတ်နိုင်တဲ့မူဘောင်ဖြစ်လာခဲ့ပြီး အောက်ခြေ အဆင့် ပဋိပက္ခထိန်းချုပ်လျှော့ချရေးယန္တရားတွေအသက်ဝင်လာခဲ့ရင် ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်တိုးဖို့ အလားလာကောင်းတွေ စတင်တယ်လို့ ပြောလို့ရနေပြီဖြစ်ပါတယ်။ မူဘောင်ကိစ္စပြေလည်ရင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ထိုးဖို့ကိစ္စတွေမှာ အများကြီးအနေထားကောင်းသွားနိုင်တာကြောင့်လည်း ဖြစ်ပါတယ်


ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates