NCA စာချုပ်ချုပ်ဆိုမှု တနှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပမည်
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့အကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့မှု တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည် ။
နေပြည်တော် MICC 1 ခန်းမတွင် ပြုလုပ်ကျင်းပမည့် အခမ်းအနားသို့ သမ္မတ ဦးထင်ကျော် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါဝင် NCA စာချုပ်ချုပ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များပါ တက် ရောက် ကြ မည်ဖြစ်ပြီး ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှာ အောက်တိုဘာလ ၁၃ ရက်နေ့ ကတည်းက နေပြည်တော်သို့ ရောက်ရှိနေခဲ့သည် ။
“ ဒီပွဲက ကျနော်တို့ အန်စီအေ စာချုပ်ထိုးထားတဲ့ ၈ ဖွဲ့ကနေ တင်ပြလို့ လုပ်ဖြစ်တာ။ ထိုးထားတာလည်း တစ်နှစ်လောက်ရှိလာပြီ။ အဲဒီအပေါ် အစိုးရသစ်ရဲ့ အသိအမှတ်ပြုမှု အပါဝင် နောက်ထပ် စာချုပ်ချုပ်ပြီးကာလ ကြုံရတဲ့ အခြေအနေ ၊ စာချုပ်ပါ ကတိကဝတ်တွေကို အကောင်ထည်ဖော်နိုင်မှု အနေထားတွေနဲ့ ပတ်သက်လို့ ပြန်ပြီး သုံးသပ် ဆွေးနွေးလို့ရအောင် တင်ပြတာ။ ဒါကို အစိုးရဘက်ကလည်း လက်ခံတဲ့အတွက် လုပ်ဖြစ်တဲ့ သဘောပါ။ ” ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ အကြံပေးဖြစ်သူ ဦးခွန်ဆိုင်းက ပြောသည် ။
ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်မည့် တနှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုမြန်မာ့အသံနှင့် ရုပ်မြင်သံကြားကလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်မရပ်သေးသည့် အဖွဲ့များမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည် ။
“ အခုက ဒါကလုပ်မှဖြစ်မှာလေ အစိုးရသစ် တက်လာပြီး အိမ်ပြန်ချင်နေတဲ့ ဒုက္ခသည်တွေ မိမိနေရပ်ပြန်ပြီး အခြေနေ လုပ်ကိုင်ချင်သူတွေ အဖို့က နယ်မြေတွေတည်ငြိမ်ဖို့ အရေးကြီးတာကိုး သူတို့ကလည်း မဝံ့မရဲ မျှော်လင့်နေကြချိန်မှာ သူတို့ကိုလည်း မေ့လို့မဖြစ်ဘူး ” ဟု ဦးခွန်ဆိုင်းက ဆိုသည် ။
အန်စီအေ စာချုပ်ချုပ်ဆိုပြီး အကောင်ထည်ဖော်နိုင်မှု အခြေနေဆိုင်ရာ သုံးသပ်ဆွေးနွေးမှုများကိုမူ အောက်တိုဘာလ ၃၀ တွင်မှ ကျင်းပမည်ဖြစ်ကာ အပစ်မရပ်သေးသည့် UNFC အဖွဲ့များအနေဖြင့်လည်း အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်`၌ ပင်ဆွေးနွေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်သည် ။
Tags: News, politic


