မူစယ် - နမ့်ခမ်းလမ်း ဗုံးပေါက်ကွဲ ၂ ဦးဒဏ်ရာရ



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် စယ်လန့် ကွက်သစ်ရပ်ကွက်တွင်ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ရာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည် ။


အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီ မိနစ် ၅၀ တွင်ဗုံးပေါက်ကွဲခြင်းဖြစ်ပွါးခဲ့သည်။ “ စယ်လန့် ကွက်သစ်ရပ်ကွက်မှာ ရွာသားတွေ ဗုံးတွေ့တာလေ။ တွေ့တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲကိုသွားတိုင်တယ်။ အာဏာပိုင်တွေသွားရှင်းတော့ ဗုံး ၅ လုံးတွေ့တယ်။ ည ၉ နာရီ မိနစ် ၅၀ မှာ ၂ လုံးပေါက်သွားတယ်။ လူ ၂ ယောက်ထိတယ်။ သေဆုံးမှုတော့မရှိဘူး။ ” ဟု မူစယ်လူငယ် စိုင်းခမ်းလိတ်က သျှမ်းသံတော်ဆင့်အား ပြောပြသည် ။


ဗုံးပေါက်ကွဲမှုကြောင့်ထိမှန်သွားသည့် လူ ၂ ဦးမှာ တပ်မ ၃၃ မှတပ်သားတဦးနှင့် မီးသတ်တပ်ဖွဲ့မှ ဒေသခံစိုင်းယီဆောင် တို့ဖြစ်ကြကြောင်းသိရသည်။ “ စစ်သားက ဘယ်ညို့သကြီးထိတယ်။ စိုင်းယီကတော့ ညာပေါင်မှာထိတယ် ။ ကားတာယာနဲ့ ကာထားတာကို အဲမှာပေါက်တာ။ တာယာကာနေလို့ လူကိုအဲလောက်ဘဲထိတာ။ မဟုတ်ရင်တော့ ပေါက်အားပြင်းမယ့်ပုံဘဲ” ဟု ဆိုပါသည် ။


အဆိုပါဗုံး ၅ လုံးမှ ၂ လုံးပေါက်ပြီး ကျန် ၃ လုံးကို ကောင်းစွာရှင်းလင်းသိမ်းယူနိုင်ခဲ့ကြောင်း၊ တမင် သက်သက်ထောင်ထားသည့် လက်လုပ်ဗုံးဖြစ်ကြောင်း ၊ သို့သော်လက်သည်အား မသိရသေး ကြောင်း ဗုံးရှင်းလင်းရေးအဖွဲ့ကပြောသည်ဟုဆိုပါသည် ။


အလားတူ ဩဂတ်စ်လ ၂၄ ရက်နေ့ကလည်း အမည်မသိလူတဦးက မူစယ်ဘဏ်အား လက်ပစ်ဗုံးတလုံး ပစ်ထည့်ကြောင်း၊ သို့သော် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း၊ လက်သည်အားမသိသော်လည်း တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များ၏လက်ချက်ဟု အစိုးရဘက်က စွပ်စွဲထားသည် ။


မူစယ်ခရိုင် အတွင်းတွင် အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့ တို့  ပြင် ကချင်လွတ်လပ်ရေးတပ်မတော်၊ တအာင်း(ပလောင်) ပြည်နယ်လွတ်မြောက်ရေးတပ်မတော်၊ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနပြည်သူ့စစ်တပ်ဖွဲ့များ စသည့် လက်နက်ကိုင်တပ်ဖွဲ့ များ အများအပြားရှိသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates