သတ္တုကျောက်များအား တရားမဝင်သယ်ထုတ်နေသော တရုတ်နိုင်ငံသားပိုင် ကား ၂ စီးအား နမ့်ခမ်းလူထုနှင့်ရဲတပ်ဖွဲ့ ပူးပေါင်း ဖမ်းဆီး



သျှမ်း၊မြောက် နမ့်ခမ်းမြို့နယ် နမ့်မကျေးရွာ အတွင်း     တရားမဝင် သတ္တု ကျောက်(ဆီလီကွန်)တင်ဆောင် လာသည့် တရုတ်နိုင်ငံသားပိုင် ကား  ၂ စီးအား ပြည်သူ့ရဲတပ်ဖွဲ့ နှင့် ဒေသခံ ပြည် သူလူထု များပူပေါင်းပြီး ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည် ။

နမ့်မရွာတွင်းနှင့် နမ့်မချောင်း အတွင်း ဖမ်းဆီးရမိသော သတ္တု ကျောက်တင် တရုတ်ကားများ
တရားမဝင် သတ္တုကျောက် တင်ဆောင်လာသည့်ကား  ၂  စီးသည် အောက်တိုဘာလ ၁၇ ရက် ယနေ့ မနက်  ၁၀  နာရီ ခန့်က  ပန်မော(၀်) သတ္တုတောင် မှ နမ့်မကျေးရွာ အတွင်း နမ့်မချောင်းကူးရန် ရောက်ရှိလာစဉ် ဒေသခံများက မြို့နယ်ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားခဲ့ပြီး ရဲများနှင့်ပူးပေါင်းကာ အဆိုပါကားအား စစ်ဆေးခဲ့ကြောင်း၊ သတ္တုကျောက်များအား တရားမဝင်သောနည်းဖြင့် တင်ဆောင်လာကာ တရုတ်ဘက်ခြမ်းသို့ ခိုးထုတ်မည်ကိုစစ်ဆေးတွေ့ရှိသဖြင့် ယာဉ်မောင်း  ၂ ဦးအား ရဲများက ဖမ်းဆီးခဲ့ကြောင်း ကျားဖြူပါတီဝင် စိုင်းပီး ကဆိုသည် ။


“ ရဲတပ်ဖွဲ့က မွန်းတည့်လောက်မှာရောက်လာတယ်။ လူထုအင်အား ၁၀၀ လောက် က ရဲနဲ့ပူးပေါင်းပြီးတော့ စစ်ဆေးတာ ။ တစီးကို နမ့်မချောင်းအကူး ချောင်းလယ်မှာ သွားဖမ်းမိတာ။ တစီးကိုတော့ နမ့်မ ရွာထဲမှာဖမ်းမိတာ။ ယာဉ်မောင်းက ဗမာစကားလုံးဝမတတ်တဲ့ တရုတ်နိုင်ငံသားတွေဖြစ်နေတယ်၊ ကားကတော့ တရုတ်လုပ် ၆ ဘီးကား ။  မြန်မာ နံပါတ်ပြားအနီ တပ်ထားတာ ၊ ကားကိုရော ယာဉ်မောင်းကိုရော နမ့်ခမ်းရဲစခန်းကို ဖမ်းသွားတယ်။  ရဲတွေ အခုထိ စစ်ဆေး နေတယ်။ ဘယ်ကုမ္ပဏီ က လာတင်ခိုင်းလဲ ဆိုတာ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည် ။


နမ့်ခမ်းမြို့နယ်အတွင်းတွင် ဆီလီကွန်သတ္တုကျောက် ထုတ်လုပ်မှု ယာယီပိတ်သည့်အမိန့်စာ ကို ယခင် မြို့နယ် အုပ်ချူပ်ရေးမှုး ဦးဇော်မင်း လက်ထက်၌ တစ်ကြိမ် ၊ ယခု မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဇော်ဝင်းဌေး လက်ထက်၌ တစ်ကြိမ် အမိန့်စာထုတ်ခဲ့ပြီး ယနေ့အထိ ၄င်းအမိန့်စာ ရုပ်သိမ်းခြင်းမရှိသေး ဟု နမ့်ခမ်းမြို့မိ မြို့ဖ များကဆိုသည် ။


ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၂၀၁၅ ကလည်း  သတ္တုကျောက်များ ခိုးတင်လာသော ယာဉ်တန်းကို ဒေသခံပြည်သူလူထုနှင့်သျှမ်းနိုင်ငံရေးပါတီများပူးပေါင်းပြီး ပြည်ထောင်စုလမ်းမပေါ်၌ တားဆီး ဖမ်းဆီးကာ ရဲစခန်းသို့ အပ်နှံခဲ့ဖူးသည်ဟု နမ့်ခမ်းဒေသခံ ပါ့နွမ်းကပြောသည် ။


နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုကျောက်တူးဖော်လုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများမှာ GSM ၊ ငွေကမ္ဘာ ကျော်၊ စိန်ပဒေသာ၊ မြန်မာ့မြှားဦး စသည်တို့ဖြစ်ကြပြီး  တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီအမြောက်အများလည်းကားကြီးများဖြင့် နေ့စဉ် တရားမဝင် ခိုးယူသယ်ထုတ်နေ  ကြောင်း ဒေသခံများ ထံမှ သိရှိရသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates