တောင်ကြီးမြို့ ၂၁၁၁ ခုသျှမ်းနှစ်သစ်ကူးပွဲ ၅ ရက်ကျင်းပမည်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပသော ၂၁၁၁ ခု သျှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့်အစိုးရအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည် ။
နိုဝင်ဘာလ ၃၀ ရက်နေ့တွင်ကျရောက်သော ၂၁၁၁ ခု သျှမ်းနှစ်သစ်အား ကြိုဆိုပွဲကို သျှမ်းပြည်မြို့တော်တောင်ကြီးတွင် နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ၅ ရက် ကျင်းပမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ ၂၇ ရက်ညနေပိုင်းတွင် တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပခဲ့သည် ။
"သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လွှတ်တော်ဥက္ကဌ စိုင်းလုံးကျောက်နဲ့ ရပခ တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင်ဝင်းမင်းထွန်း နဲ့ သျှမ်းပြည်နယ်အစိုးရရဲ့ဝန်ကြီး ၉ ဦး တက်ရောက်ပါတယ်။ သျှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီ စိုင်းထွန်းမြ ကနေ ဖဲကြိုးဖြတ် ပွဲဖွင့်ပေးပါတယ်။ ရပ်နီးရပ်ဝေး မိတ်ဆွေ ပွဲလာပရိသတ် တွေနဲ့ စည်ကားလှပါတယ်။ "ဟု ပွဲကျင်းပရေးကော်မတီ အလုပ်အမှုဆောင်နန်းနွန်းမိုက သျှမ်းသံတော်ဆင့်အားပြောပြသည် ။
ဖွင့်ပွဲအခမ်းအနားတွင် သျှမ်းလူငယ်အဖွဲ့ SYO မှ ကိန္နရီ ကိန္နရာအက ၊ တောင်ကြီးသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှလူငယ်မောင်မယ်များက သျှမ်းရိုးရာအကတို့ဖြင့် ဖွင့်ပွဲတွင်ကပြခဲ့ကြောင်းသိရသည် ။
၂၈ ရက်နေ့တွင် ရိုးရာသျှမ်းအစားအစာပြိုင်ပွဲ၊ သစ်သီးအလှ ပန်းအလှပုံဖော်ပြိုင်ပွဲတို့ရှိပြီး ညနေပိုင်းတွင် ထမင်းလက်ဆုံစားပွဲရှိပြီး အဝေရာကွင်းတွင် လူငယ့်အကြိုက် ဇိဏ်းလျောသံစုံတီးဝိုင်းမှလည်းဖျော်ဖြေပေးမည်ဖြစ်ကြောင်း ဆိုပါသည် ။
၂၉ ရက်နေ့တွင် ပဒေသာပင်လှည့်ခြင်းနှင့်ညပိုင်းတွင်သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံး ၌နှစ်သစ်ကူးကြိုဆိုသည့် ဟောပြောမှုအခမ်းအနားတို့အပြင် ညပိုင်းတွင် အဝေရာမီးပုံးပျံကွင်း၌ နှစ်သစ်ကြိုဆို ခြင်းတို့ပြုလုပ်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင်မူ သံဃာတော်များထံကောက်သစ်လှူဒါန်းခြင်း၊ နှစ်သစ်ဆွမ်းကပ်လှူဒါန်းခြင်း၊ သျှမ်းရိုးရာအားကစားများပြုလုပ်ခြင်းတို့ပြုလုပ်မည်ဖြစ်သည် ။
ဒီဇင်ဘာလ ၁ ရက်နေ့တွင် မီးပုံးပျံပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် နှစ်သစ်ကူးပွဲတော်ပိတ်ပွဲအခမ်းအနားရှိကြောင်းလည်း သိရသည် ။
နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ပွဲကျင်းပသည့်ညတိုင်းခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေပွဲများ ရှိကြောင်း ဆိုပါသည် ။
Tags: Culture, News