သျှမ်းပြည်တွင်းငြိမ်းချမ်းရေးအတွက် အတွေးအခေါ်များပြောင်းလဲရန်နှင့် စည်းလုံးညီညွတ်မှုရှိစေရန် ၂၁၁၁ သျှမ်းနှစ်သစ်ကူးတွင် ခွန်ထွန်းဦးသဝဏ်လွှာပေးပို့
နိုဝင်ဘာလ ၃၀ ရက်နေ့တွင်ကျရောက်သော ၂၁၁၁ ခု သျှမ်းနှစ်သစ်တွင် သျှမ်းပြည်တွင်းငြိမ်းချမ်းရေးအသီး အပွင့်များ သီးပွင့်ဝေဆာစေရန်အတွက် သျှမ်းပြည်သူလူထုအားလုံး အတွေးအခေါ်များပြောင်းလဲတွေးခေါ် တတ်စေရန်နှင့် စည်းလုံးညီညွတ်မှုရှိကြရန် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးက သဝဏ်လွှာပေးပို့လိုက်သည် ။
နိုဝင်ဘာလ ၂၈ ရက်နေ့ရက်စွဲဖြင့် သျှမ်းဘာသာဖြင့် ထုတ်ပြန်သည့် သဝဏ်လွှာအား မြို့နယ်အသီးသီးသို့ပေးပို့ထားသည် ။
သျှမ်းနှစ်သစ်ကူးအခါသမယတွင် သျှမ်းပြည်မြောက်ပိုင်း မူစယ် ရွှေလီဒေသဘက် ၌ နိုင်ငံရေး၊ စစ်ရေးမငြိမ်မသက်ဖြစ်နေသောကြောင့် သျှမ်းပြည်ဒေသအသီးသီး အများစုတွင်လည်း နှစ်သစ်ကူးပွဲတော် ကြီးကျယ်ခန်းနားစွာမကျင်းပခဲ့ပေ။ ပျော်ပွဲရွှင်ပွဲများလွတ်လပ်စွာမကျင်းပနိုင်ခဲ့သော်လည်း အဆိုပါပွဲလမ်းသဘင်များတွင် သုံးမည့်အသုံးစားရိတ်များအား မိမိသျှမ်းပြည်အမျိုးသားတိုးတက်ရေးလုပ်ငန်း၊ မျိုးဆက်သစ်များ၏ပညာရေးတို့တွင်အသုံးပြုနိုင်ကြောင်းသတိပေးနိုးဆော်ထားသည် ။
ထိုသို့ နိုင်ငံရေး စစ်ရေးကြောင့်နှစ်သစ်ကူးပွဲတော် ကြီးကျယ်ခန်းနားစွာမကျင်းပနိုင်သည့်အခြေအနေအား အခွင့်ကောင်းယူကာ မိမိတို့၏သမိုင်း၊ နိုင်ငံ၊ စာပေ၊ ယဉ်ကျေးမှုအကြောင်းမမေ့လျော့အောင်၊ မိမိတို့ရပ်ရွာနှင့်အမျိုးသားရေးစုပေါင်းကာကွယ်ထိန်းသိမ်းကြရန်နှင့် အမျိုးသားရေးအတွက် စီမံကိန်းများချမှတ်သွားကြရန်လည်းတိုက်တွန်းနိုးဆော်ထားပါသည် ။
Tags: General, News