အခြေအနေတင်းမာနေဆဲ မူစယ်မြို့တွင် ဗုံးများပေါက်ကွဲ လူငယ်တဦးပစ်ခတ်ခံရ



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် နိုဝင်ဘာလ ၂၈ ရက်ညက ဗုံးများပေါက်ကွဲပြီး လူငယ်တဦး ပစ်ခတ်ခံရကြောင်း သိရသည် ။

ပစ်ခတ်ခံရသည့် အေးချမ်းကိုကို နှင့်အခင်းဖြစ်ပွါးသည့်နေရာ (Photo: Social Media)


“ ည ရ နာရီခွဲလောက် ဗုံးတွေပေါက်ကွဲတဲ့အချိန်မှာ လူငယ်တယောက် ပစ်ခတ်ခံရတယ်။ ဟိုနား နယ်မြေ ကောင်းမူးတုံရပ်ကွက်သား။ နာမည်က အေးချမ်းကိုကိုတဲ့။ မီးသတ်ရုံးဘက်ကနေ မြောက်ရပ်ကွက် ရဲစခန်းဘက် ဆိုင်ကယ်စီးသွားတာ။ ရဲစခန်းရှေ့လမ်းမှာ ပိတ်ကာထားတဲ့ သံဆူးကာစည်းရိုးကို သူက ဆိုင်ကယ်နဲ့တိုက်မိတယ်။ ရဲက ရပ်ခိုင်းတာကို သူက မရပ်လို့ဆိုပြီး ပစ်လိုက်တာလို့ ပြောတယ်” - ဟု  မူစယ်ဒေသခံ စိုင်းအင်း က ပြောသည် ။


အသက် ၂၀ ကျော်အရွယ်ရှိ အေးချမ်းကိုကိုအား ရဲကပစ်ခတ်ရာတွင် ညာဘက်လက်နှင့် ပေါင် ကျည်ထိမှန်သဖြင့် ဒဏ်ရာအပြင်းအထန်ရရှိကာ ရွှေလီဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း မူစယ်ဒေသခံလူငယ်များက ပြောဆိုပါသည် ။


ပစ်ခတ်ခံရသူ အေးချမ်းကိုကိုမှာ မူစယ်မြို့ ဟိုနားနယ်မြေ ကောင်းမူးတုံရပ်ကွက်နေ ဦးဝင်းနိုင်နှင့် နန်းအေမြတို့၏သားဖြစ်ကြောင်း ကမ္ဘောဇဘဏ် ၁ ၏ဘဏ်ဝန်ထမ်းဖြစ်ကြောင်း သိရသည် ။


ကမ္ဘောဇဘဏ် ၁ သည် ၄င်းအခင်းဖြစ်ပွါးရာနေရာနှင့်  ၁ မိုင်ခန့်အကွာတွင်ရှိကြောင်းလည်း ဒေသခံများကပြောသည် ။


ဗုံးပေါက်ကွဲမှုမှာလည်း ၃ လုံးမှ ၅ လုံးအထိ ကြားရပြီး မြို့တွင်းရပ်ကွက်နှင့်အနီးဆုံး ပေါက်ကွဲသည် မှာ မြို့ပတ်လမ်းတွင်သာဖြစ်ပြီး လူသူထိခိုက်မှု မရှိကြောင်း စိုင်းအင်းက ပြောသည် ။


“ မူစယ်မှာ ညအချိန်ဆို အပြင်ထွက်ရဲတဲ့သူ မရှိသလောက်ဘဲ။ ညလဲဖြစ်ပြန်တယ်ဆိုတော့ ဘယ်သူ မှ သွားမကြည့်ရဲဘူးလေ။ ပေါက်တဲ့နေရာလည်း အတိအကျ မသိရဘူး။ ပေါက်ကွဲသံတွေတော့ ၅ လုံးလောက်အထိ ကြားရတယ်။  ”- ဟု ပြောသည် ။


မူစယ်မြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့ကတည်းက အစိုးရတပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့( KIO/TNLA/MNDAA/AA)တို့ကြား စစ်ရေးတင်းမာမှု စတင်လာရာ ယနေ့တိုင်ဒေသခံ လူထုမှာ လုံခြုံစိတ်ချမှု မရှိသေးသည့် အခြေအနေအတွင်း သွားလာလှုပ်ရှားနေထိုင်နေကြရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates