သျှမ်း- ကချင် နယ်စပ် တိုက်ပွဲများကြောင့် ရွှေလီတံတားပိတ်ထားရ နမ့်ခမ်း - မန်ဝိန်းဒေသခံများ အခက်တွေ့



ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ် နယ်စပ်ရှိ မန့်ဝိန်းကြီးဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြားမှာ ပိတ်မိနေပြီး ကူးသန်းသွားလာရေး လမ်းကြောင်း ပြတ်တောက်နေသည်ဟု ကျားခေါင်းပါတီ တာဝန်ရှိသူက ဆိုသည် ။


နမ့်ခမ်းမြို့နယ် ကချင် ၊ သျှမ်း နယ်စပ်အနီးရှိ ရွှေလီတံတား နမ့်ခမ်း-မန့်ဝိန်းကြီး နယ်စပ်တွင် မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက ပိတ်ထားခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲများ ဖြစ်နေသေးသည့်အတွက် တံတားမှာပိတ်ထားရဆဲဖြစ်ကြောင်း ကျားခေါင်းပါတီမှ စိုင်းဇင်မင်းအေးက ပြောသည် ။


" မန်စီ၊ မန့်ဝိန်းလမ်းက အရင်ကတည်းက ပိတ်ထားတာ အခုက မန်ဝိန်းကြီး နမ့်ခမ်းလမ်းကိုပါ ပိတ်လိုက်တော့ အတော်ကို ဒုက္ခရောက်တယ်။ သေနတ်သံတွေလည်း နေ့တိုင်းကြားရတယ်။ တရုတ်ကလည်း နယ်စပ်နားအထိ တပ်တွေချထားတော့ နယ်စပ်ကို ကျော်ပြီးသွားဖို့ကလည်း မဝံမရဲဖြစ်နေကြတယ်။ လမ်းတွေ ပြန်ဖွင့်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်အစိုးရကို တင်ပြထားတယ်။" ဟု စိုင်းဇင်မင်းအေးက ပြောသည် ။


တိုက်ပွဲများကြောင့် နမ့်ခမ်းမြို့နယ် နယ်နိမိတ်အတွင်းရှိ ကျေးရွာ ၆ ရွာနှင့် မန့်ဝိန်းတွင် ၁၈ ရွာ ရှိ ရွာသားများ ပိတ်မိနေပြီး အများစုမှာ သျှမ်းရွာများဖြစ်သည်ဟုလည်း သိရသည် ။


မန့်ဝိန်းကြီးဒေသအနီး ကျေးရွာများနှင့် တောင်တန်းများပေါ်ရှိ ကေအိုင်အေ စခန်းများတွင် တိုက်ပွဲဖြစ်သည့်အတွက် ပစ်ခတ်သံများ ၊ လေယာဉ်ဗုံးကြဲသံများမှာ နမ့်ခမ်းမြို့မှပင် ကြားနေရသည်ဟု နမ့်ခမ်းဒေသခံအချို့ကလည်း ပြောသည် ။


တိုက်ပွဲများမှာ မန့်ဝိန်းကြီးအနောက်ဘက် နမ့်ဝမ်းပူရ် ဒေသတွင် ဖြစ်နေခြင်းဖြစ်ပြီး တပ်မတော်မှလည်း လမ်းပိတ်ထားသည့်အတွက် တပ်မတော်အတွက် ရိက္ခာများကို ရဟတ်ယာဉ်များဖြင့် သယ်ယူပေးနေသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းအေးမင်းက ပြောဆိုကြောင်း မီဒီယာ အချို့တွင် ဖော်ပြထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates