မုံးကိုးဒေသခံ ၆၀ ကျော်အဖမ်းခံထားရဆဲ
နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ခဲ့သည့် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် မဟာမိတ်အဖွဲ့ တို့၏ သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများအတွင်း မုံးကိုး ဒေသခံ ၆၀ ကျော်ကို တပ်မတော်မှ ဖမ်းဆီးထားကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်က သတင်းထုတ်ပြန်သည် ။
အဆိုပါ ဒေသခံများမှာ မုံးကိုးမြို့နယ်ခွဲရှိ ဖော်ဂျွန်းပါ ကျေးရွာတွင် ပြုလုပ်သည့် မင်္ဂလာ ဆောင်အခမ်းအနားကို တက်ရောက်ရန် လာရောက်သူများ ဖြစ်ပြီး ဖမ်းဆီးစတွင် အယောက် ရ၀ ရှိခဲ့သည်ဟု နိုဝင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ကချင်ငြိမ်းချမ်းရေး ကွန်ယက်က သတင်းထုတ်ပြန်ခြင်းဖြစ်သည် ။
အဆိုပါ ရ၀ ဦးအနက် တရုတ်နိုင်ငံသား ကချင်လူမျိုး ၁၂ ဦးမှာ တရုတ်ကိုယ်စားလှယ်များ ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး နိုဝင်ဘာ ၂၅ တွင်လည်း မြန်မာနိုင်ငံသား ၂ ဦးကိုထပ်မံလွှတ်ပေးခဲ့ကာ ကျန်သူများမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက် တာဝန်ရှိသူက ပြောသည် ။
‘ မုံးကိုးမှာ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်။ အရပ်သားတွေလည်း ဒီကနေ့အထိ မလွတ် သေးဘူး။ အစိုးရတပ်မတော်ဘက်က ဖမ်းထားတယ်။ မင်္ဂလာဆောင်ပွဲလာတဲ့ သူတွေလေ။ မြို့ခံတော်တော်များများကတော့ တရုတ်ဘက် ထွက်ပြေးကုန်ပြီ။ အမြန်လွတ်ပေးဖို့ ကျနော်တို့ ကြေငြာချက်ထုတ်ပြန်ရတာပါ။ ‘ ဟု ကချင်ငြိမ်းချမ်း ရေးကွန်ယက် မှ ဦးဂွမ်ရှာအောင်က ပြောသည် ။
နိုဝင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကချင်ငြိမ်းချမ်းရေး ကွန်ယက် ထုတ်ပြန်ချက် တွင် စစ်မြေပြင်၌ အရပ်သား ပြည်သူများကို ဖမ်းဆီးခြင်းသည် - စစ်ေ မြပြင်တွင် အရပ်သားများကို အကာကွယ်ပေးရေးဆိုင်ရာ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်- ဟု ဖော်ပြ ထားပြီး အဆိုပါ ဒေသခံများကို ချက်ခြင်းလွတ်ပေးရန် တောင်းဆိုထားသည် ။
မုံးကိုးဒေသတွင် နိုဝင်ဘာလ ၂၀ ရက်နေ့မှစကာ မဟာမိတ် တပ်ပေါင်းစုနှင့် အစိုးရ တပ်မတော် တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု များလည်း ရှိ ကြောင်း သိရသည် ။
Tags: Human Right, News