သျှမ်းပြည် NLD မှ ခေါင်းဆောင် ၄ ဦး ထုတ်ပယ်ခံရမှု နိုဝင်ဘာ ၂၀ တွင် အပြီးသတ် စီရင်ချက်ချမှတ်မည်
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သျှမ်းပြည်နယ်ဆိုင်ရာ ထိပ်သီးခေါင်းဆောင် ၄ ဦး ထုတ်ပယ်ခံ ရမှုနှင့် ပတ်သက်ပြီးကြားနာ စစ်ဆေးမှုများ ပြုလုပ်နေရာ လာမည့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ်စီရင် ချက်ချမှတ်မည်ဟု သိရသည် ။
![]() |
တောင်ကြီးခရိုင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုး |
သျှမ်းပြည်နယ် NLD ဥက္ကဌ ဒေါ်ခင်မိုးမိုး ၊ လွိုင်လင်ခရိုင် အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်မီးမီး ၊ ဒေါ်ယူမီဇော်နှင့် ဦးတင်မောင်တိုး တို့မှာ လွန်ခဲ့သည့်သြ ဂုတ်လက ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးတွင် ပူးပေါင်းပါဝင်မှု မရှိခြင်း၊ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားမှုများစသည့် စွပ်စွဲချက်များဖြင့် ထုတ်ပယ်ခံရခြင်း ဖြစ်သည် ။
ကနဦးကာလက ၆ ဦးထုတ်ပယ်ခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ကျန်နှစ်ဦးမှာ ထွက်စာ တင်ထားပြီး ဖြစ်သောကြောင့် ကျန်ရှိနေသည့် ၄ ဦးအား NLD ပါတီစည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ကာ ပါတီအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကိုလည်း စစ်ဆေးခဲ့သည် ။
ဦးဝင်းထိန်မှာ အဆိုပါ သျှမ်းပြည် NLD ပါတီ ခေါင်းဆောင်များ အားထုတ်ပယ်မှုတွင် ဒေါ်အောင် ဆန်းစုကြည် အမိန့်အရ ထုတ်ပယ်သည်ဟု မီဒီယာများကိုယခင်က ပြောဆိုခဲ့သော်လည်း အမှုအား ပြန်လည် စစ်ဆေးမှုတွင် ယင်းကဲ့သို့ပြောဆိုခြင်း မရှိတော့ပေ ။
ထုတ်ပယ်ခံရသူ သျှမ်းပြည် NLD ထိပ်သီးခေါင်းဆောင်များမှာ အန်အယ်လ်ဒီပါတီ စတင်ထူထောင် ကတည်းက ပါဝင်လာခဲ့သူများဖြစ်ပြီး ခက်ခဲကြမ်းတမ်းသည့်စစ်အစိုးရလက်ထက် တစ်လျှောက် ပါတီနှင့်အတူ ရပ်တည်လာခဲ့သူများဖြစ်သည် ။
လူ့အခွင့်ရေး ရှေ့နေဖြစ်သူ ဒေါ်ခင်မိုးမိုးမှာ ဒေသတွင်း ပြည်သူများလူ့အခွင့်ရေး ချိုးဖောက်ခံရ မှုများတွင် ဒေသခံများဘက်မှ လိုက်ပါဆောင်ရွက်လေ့ ရှိသူတစ်ဦးဖြစ်ပြီး စစ်အစိုးရလက်ထက်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တော ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်း ၀င်ရောက်မှု (နေအိမ်အကျယ်ချုပ်ကျ နေစဉ်ခိုးဝင်) တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေအဖြစ်ထွက်ဆို ပေးခဲ့သူဖြစ်သည် ။
ဦးတင်မောင်တိုးမှာလည်း NLD တွင် လှုပ်ရှားရင်း ထောင်ဒဏ်ချ မှတ်ခြင်း၊ ဒေသခံများမြေသိမ်းခံရမှု ၊ လူ့အခွင့်ရေးချိုးခံရဖောက် မှုများတွင် ဒေသခံများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူလည်း ဖြစ်သည် ။
NLD ၏သျှမ်းပြည်ခေါင်းဆောင်များအား ထုတ်ပယ်မှုတွင် အဓိကကျသူ ဦးဝင်းထိန်မှာ အလဲဗင်း မီဒီယာနှင့် ရန်ကုန်ဝန်ကြီးချုပ်တို့ အကြား ဒေါ်လာတစ်သိန်းတန်နာရီ အငြင်းပွားမှုတွင် အလဲဗင်းအား အပုပ်ချသည်ဟု ပြောဆိုခဲ့မှုကြောင့် အလဲဗင်း မှ ဥပဒေကြောင်းအရ တုံ့ပြန်မည်ဟုပြောဆိုခံထားရသည့် ပုဂ္ဂိုလ်လည်းဖြစ်သည် ။
Tags: General, News