ငြိမ်းချမ်းရေးဖြစ်စဉ် အားလုံးပါရေးဆွေးနွေးမှုကြောင့် တိုင်းရင်းသား ကိုယ်စားလှယ် ၂ ဦးအား လွှတ်တော် ဥက္ကဌ သတိပေး



ဒုတိယအကြိမ် ၂၁ ရာစုပင်လုံတွင်အားလုံးပါဝင်နိုင်ရေးအတွက် အမျိုးသားလွှတ်တော်မှအမတ်များ က အဆိုတင်သွင်းခဲ့မှုများနှင့်ပတ်သက်သည့်ဖြစ်စဉ်များအပေါ် အမျိုးသားလွှတ်တော်ဥက္ကဌက သတိပေးလိုက်သည် ။


ဒုတိယ အကြိမ် ကျင်းပမည့် ၂၁ ပင်လုံတွင် တိုင်းရင်းသား အင်အားစု အားလုံးပါဝင်နိုင်ရေး အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုမှုတွင် တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်ခွင့်ရအောင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပေးရန် အဆိုကို လွှတ်တော်အတွင်း တင်သွင်းရန် ကြိုးပမ်းခဲ့သည့် တိုင်းရင်းသား ကိုယ်စားလှယ်နှင့် ထောက်ခံဆွေးနွေးမည့် ကိုယ်စားလှယ်တို့အား အမျိုးသား လွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းမှ ဒီဇင်ဘာလ ၂၀ ရက်ကကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် သတိပေးစကား ပြောကြားလိုက်ခြင်းဖြစ်သည် ။


အဆိုပါ အဆိုအား တအာင်းပလောင် အမျိုးသားပါတီမှ နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိုင်းဝင်းထူးက ကျင်းပနေသည့် ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းရန် အဆိုပြုထားခဲ့သည်။ သို့သော် ဒီဇင်ဘာလ ၁၅ ရက်နေ့က လွှတ်တော် တာဝန်ရှိသူများက အဆိုပါ အဆိုမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်လက် လုပ်ဆောင်နေပြီဖြစ်သောကြောင့် အရေးမကြီး၊ လက်မခံနိုင်ဟု အကြောင်းပြန်ခဲ့သည်။ ထိုသို့အကြောင်းပြန်သည့်အကြောင်း  တအာင်းနှင့် ရခိုင်ပါတီ ကိုယ်စားလှယ်များက မီဒီယာများအားဖြေကြားမှု အပေါ် လွှတ်တော် ဥက္ကဌက သတိပေးခဲ့ခြင်းဖြစ်သည် ။


' အခု ဒီကနေ့ သတိပေးခံရတာက ကျနော်ရယ် ၊ တအာင်းပလောင်ပါတီက မိုင်းဝင်းထူးရယ်ပါ။ အမှန်တော့ ဒီအဆိုကို ကျန်တဲ့ သျှမ်းလို တိုင်းရင်းသားပါတီတွေကလည်း ဆွေးနွေးဖို့စီစဉ်ထားပြီး သားပါ။ လွှတ်တော် ဥက္ကဌ က ကျနော်တို့ကို ဘုမသိ ဘမသိဆိုတဲ့ စကားတွေလည်း သုံးနှုန်းပါတယ်။ ဒါက လွှတ်တော် ဥက္ကဌ တစ်ယောက်အနေနဲ့ သုံးနှုန်းသင့်မသင့်ဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။' ဟု ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် သတင်းမီဒီယာများကို ပြန်လည်ပြောပြသည် ။


လတ်တလောဖြစ်ပွားနေသော သျှမ်းမြောက်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် တအာင်း ပလောင် TNLA၊ AA ရခိုင်အဖွဲ့နှင့် ကိုးကန့် MNDAA အဖွဲ့တို့မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အခြားအဖွဲ့များနည်းတူ တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံထားရသည့် အဖွဲ့များဖြစ်သည် ။


သျှမ်းမြောက် တိုက်ပွဲများနှင့် ပတ်သက်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ကြေငြာချက်ထုတ်ပြန်ရာတွင် ပဋိပက္ခများ ချုပ်ငြိမ်းမှုနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်ရန်အတွက် NCA လက်မှတ်ရေးထိုးကြရန် တိုက်တွန်းထားသည်။
အတိုက်အခံဘဝ သမ္မတ ဦးသိန်းစိန်လက်ထက်က ပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးတွင် အားလုံးပါဝင်ရန်လိုအပ်သည်ဆိုပြီး  NLD ပါတီ အတိုက်အခံဘဝက ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဖူးသည် ။


' ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ အနှိမ် ခံနေရတာ အများကြီးပဲ၊ အမှန်တော့ လွှတ်တော် ဥက္ကဌဆိုတာက အာဇာနည်ခေါင်းဆောင် မြေးဖြစ်ပေမဲ့ ကျနော် နိုင်ငံရေးလုပ်လို့ ရ၆ လောက်က ထောင်ကျနေတဲ့ အချိန်မှာ သူတောင် နိုင်ငံရေး နားလည်ပါ့မလားပဲ။ ကျနော်ကတော့ လွှတ်တော်ထဲ ပြန်ပြောဖို့ ကြိုးစားပေမဲ့ မိုက်ခရိုဖုန်းက ကျနော်တို့ကို မပေးဘူး။ လွှတ်တော် စည်းမျဉ်းအရ ကိုယ်စားလှယ် အဖြစ် ထုတ်ချင် ထုတ်လိုက် ပြဿနာမရှိဘူး။ လူရှေ့သူရှေ့ဖြစ်တဲ့ ကိစ္စတွေက နည်းနည်း ရုပ်ဆိုးတယ်။ကျနော်ကတော့ သတင်းမီဒီယာတွေကိုပြောခဲ့တယ် ။ လွှတ်တော် နာယကနဲ့ ဒီမိုကရေစီ နည်းကျ အပြင်မှာ နိုင်ငံရေး ဒီဘိတ် ( စကားစစ်ထိုးပွဲ ) လုပ်ရဲ ရင်လုပ်မယ်ဆိုပြီး ပြောခဲ့တယ်။ ' ဟု ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


တအာင်းပလောင် ၊ ကိုးကန့် နှင့် ရခိုင် AA အဖွဲ့များမှာ ၂၁ ပင်လုံ ပထမအကြိမ်မတိုင်မီက ပြုလုပ် ခဲ့သည့် အစိုးရနှင့်ဆွေးနွေးပွဲတွင် အစိုးရဘက်မှ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်ရန် ဆန္ဒရှိ သည်ဟု ကြေငြာချက်ထုတ်ပြန်ရန် တောင်းဆိုခဲ့သည့်အတွက် ဆွေးနွေးပွဲမှာ ပျက်ပြယ်ခဲ့ရသည်။
ထို့အပြင် မူဆယ်ဒေသတိုက်ပွဲများ ပြင်းထန်နေစဉ် လွန်ခဲ့သည့်လအတွင်းကလည်း တရုတ်နိုင်ငံ ကူမင်းတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ တို့ ဆွေးနွေးရန် စီစဉ်ခဲ့ပြီး သျှမ်းမြောက် တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် KIA အား အဆိုပါ ဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးခွင့် လက်မခံ ခဲ့သည့်အတွက် ကူမင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆွေးနွေးပွဲမှာလည်း ပျက်ပြယ်ခဲ့ရသည် ။


၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ကို ၂၀၁၇ ခုနစ် နှစ်ဦးပိုင်းတွင် ကျင်းပရန် အစိုးရဘက်မှ ပြင်ဆင်နေပြီး ဒုတိယ အကြိမ် မကျင်းပမှီ အမျိုးသားအဆင့် ၊ ဒေသအလိုက်နှင့် မျိုးနွယ်စု အလိုက်ဆွေးနွေးမှုများကို စမ်းသပ်အနေဖြင့် ကျင်းပဦးမည်ဖြစ်သည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates