သျှမ်းမဟုတ်သူများ သျှမ်းဝတ်စုံဝတ် တပ်မတော်မှစစ်ပွဲ အောင်ပါစေကြောင်း ထောက်ခံမှုမှာ စည်းလုံးညီညွတ်ရေး ပျက်ပြားနိုင်ဟု SSPP/SSA ပြော



သျှမ်းတိုင်းရင်းသား မဟုတ်သူများက သျှမ်းဝတ်စုံဝတ်ဆင်ပြီး တပ်မတော်အား ထောက်ခံကာ တရားသောစစ်အောင်နိုင်ရေး ထောက်ခံပွဲဆိုပြီး ဆန္ဒပြမှုမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေနိုင်သည်ဟု သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ပြောခွင့်ရ ဗိုလ်မှူးစိုင်းဆုက မှတ်ချက်ပြုပြောသည် ။


'ကျနော်တို့ SSPP/SSA ရဲ့ သဘောထားကတော့ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းစေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ ဒီလို အနေထားမှာ သျှမ်းတိုင်းရင်းသား မဟုတ်ပဲ သျှမ်းဝတ်စုံဝတ်ဆင်ပြီး စစ်ပွဲကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို ၀င်ရောက်ဆင်နွှဲတာဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ပျက်ပြားစေပြီး သပ်လျှိုဖြိုခွဲသလိုဖြစ်စေတယ်။ မလုပ်သင့်တဲ့ အရာပေါ့နော်။ ကျနော်တို့ သဘောထားက ဒီလိုပဲရှိတယ်။ ' ဟု ဗိုလ်မှူးစိုင်းဆုက   သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဟောင်း ဦးလှဆွေအပါဝင် အမျိုးသားရေး လှုပ်ရှားသူအချို့ စစ်မှုထမ်းဟောင်းအချို့ ဦးဆောင်ကာ တပ်မတော်၏ တရားသော စစ်အောင်ပါစေကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သျှမ်း ၊ ကချင် ၊ ချင်း ၊ ကရင် စသည့် တိုင်းရင်းသား ၀တ်စုံများကို  လူတစုမှ ၀တ်ဆင်ကာ ထောက်ခံခဲ့ခြင်းဖြစ်သည် ။


ငြိမ်းချမ်းရေး တည်ဆောက်နေချိန်တွင် စစ်ပွဲအောင်မြင်ပါစေကြောင်း ထောက်ခံ ဆန္ဒပြမှုများမှာ မီးလောင်ရာ ဓါတ်ဆီလောင်းပေးသကဲ့သို့ ဖြစ်နေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည် ။


ယင်းအပြင် သျှမ်းပြည်နယ် လွှတ်တော်က ဆုံးဖြတ်ထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရေး ကိစ္စနှင့် ပတ်သက်ပြီး အဆိုပါ ကိစ္စမှာ အခြေခံ ဥပဒေအရ မညီညွတ်ကြောင်းနှင့် စစ်ပွဲများဆီသို့ဦးတည်စေမည့် မည်သည့် လှုပ်ရှားမှုမဆို ငြိမ်းချမ်းရေး ထိခိုက်နိုင်သဖြင့် ကန့်ကွက်ကြောင်း SSPP/SSA တာဝန်ရှိသူက ပြောသည် ။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက် အဖြစ်သတ်မှတ်ရန် သျှမ်းပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည့် အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း သျှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့် ကယန်းလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကယန်းပြည်သစ်ပါတီကလည်း ဒီဇင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates