လယ်အတွင်း ဓါတ်တိုင်ထူသည့် ပြဿနာ အငြင်းပွားမှုကြောင့် လယ်သမားတဦး အမောဆို့သေဆုံး



သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် သံလွင်ရေအားလျှပ်စစ်စီမံကိန်းအတွက်မီးကြိုးသွယ်ရေး ဓါတ်တိုင်များစိုက်ထူရေးနှင့်ပတ်သက်ပြီး ကုမ္ပဏီနှင့်လယ်သမားများကြား ငြင်းခုံကြရာ လယ် သမားတဦး နှလုံးသွေးရပ် သေဆုံးမှုတခုဖြစ်ပွါးခဲ့သည် ။


ကျိုင်းတောင်းရေအားလျှပ်စစ် မိုင်းပန်ဓါတ်အားခွဲ စက်ရုံ မှ မိုင်းတုံမြို့သို့ လျှပ်စစ်ဓါတ်တိုင် စိုက် ထူ မီးကြိုးသွယ်တန်းမှုအတွက် ကန်ထရိုက်ဆွဲထားသည့် အောင်မြင့်မိုရ် ကုမ္ပဏီနှင့် မိုင်းပန်လယ် သမားတို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆွေးနွေးငြင်းခုံကြရင်း အဘ ဦးတင်ငွေမှာ နှလုံးသွေးရပ် သေဆုံးသွားခဲ့ခြင်းဖြစ်သည် ။


“ ကုမ္ပဏီဘက်က ၄ ယောက်လာတယ်။ မိုင်းပန်ကလျှပ်စစ်မီးကျွမ်းကျင်ဘက်က ဦးစိုးအောင် ဆိုတဲ့ တယောက် အပါအဝင်ပေါ့။ ကျနော်တို့လယ်သမားဘက်က ၁၆ ယောက်သွားတယ်။ ကျနော်တို့ တောင်းပန်တယ်။ လယ်ယာမြေထဲ ဓါတ်တိုင်မစိုက်ဖို့ပေါ့။ အရင်ကလည်း လယ်သမားတွေပေး ခဲ့ရတာများပါပြီ။ ကုမ္ပဏီဘက်က တစုံတရာပေးလျော်တာမရှိဘူး။ ရှေ့ဆက်ပေးမှာမဟုတ်ဘူး ။ ဓါတ်တိုင်တွေတော့ ပြီးအောင်စိုက်ထူသွားမယ်လို့ပြောပြီး သူတို့ထပြန် သွားတယ်။ လယ်သမား တွေလဲ ထပြန်တယ်။ ရုံးဝင်းထဲမှာဘဲ သွေးတက်ပြီး လဲကျသွားတာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရှေ့မှာ ဘဲ၊ ကုမ္ပဏီက လူတွေ တော့ ပြန်ကို လှည့်မလာဘူး။ အခုထက်ထိ ဘာမှလာ မမေးဘူး ” - ဟု မိုင်းပန်မြို့အနောက်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကပြောသည် ။


ရုံးဝင်းအတွင်း လဲကျသွားသော အဘ ဦးတင်ငွေ အသက် ၇၄ နှစ်အား ဆေးရုံသို့ပို့ဆောင်စဉ် ပင်ကွယ်လွန်သွားခဲ့သည်။ လက်ရှိတွင် ဦးတင်ငွေ၏ အလောင်းအား ၎င်း၏မိုင်းပန်မြို့အလယ် ရပ်ကွက်ရှိ နေအိမ်တွင်ပင်ထားရှိကာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သင်္ဂြိုလ်မည်ဟု သိရသည် ။


ယခင်က လျှပ်စစ်ဓါတ်တိုင်ကို လမ်းမကြီးဘေးတွင်စိုက်ထူရန်စီစဉ်ခဲ့ဖူးရာ လမ်းဖေါက်လုပ်ရေးဦးစီး က လမ်းဧရိယာအတွင်းမစိုက်ရဟုပြောဆိုသဖြင့် လမ်းမှဆင်းကာ လယ်ကွင်းများအတွင်း ပြောင်း လဲစိုက်ထူခဲ့ခြင်းဖြစ်ကြောင်း မိုင်းပန်မြို့ဒေသခံ စိုင်းလမ် ကလည်းပြောသည် ။


“ လျှပ်စစ်ဓါတ်တိုင်ဖြတ်သန်းမယ့် လယ်ဧရိယာဘယ်လောက်လဲဆိုတာတော့ ကျနော်တို့မသိရသေး ဘူး။ အုတ်တွေသဲတွေ၊ ကျဉ်းတွေတူးတော့ အနည်းနဲ့ အများ လယ်တွေပျက်တာပေါ့။ လက်ရှိစာရင်း အရ လယ်ပိုင်ရှင် ၅၀ ကျော်နစ်နာနေတယ်လို့သိရတယ်။  တချို့လယ်တွေထဲမှာ ဓါတ်တိုင်ထူပြီးပြီ။ တချို့ နေရာမှာလည်း ကျဉ်းတူး နေတုန်း။ ဓါတ်တိုင်တွေ ကြိုးတွေလာပြီး ပစ်ချထားတာ ။ အဘ ဦးတင်ငွေက ဒီအစည်းအဝေးမလာခင် သူ့လယ်ထဲက ရှုပ်ပွနေတဲ့ ကြိုးတွေ  ဓါတ်တိုင်တွေကို သွားပြီးရှင်းလာတာ။ သူက နှလုံးရောဂါအခံလည်းရှိတယ်။ အသက်ကလည်း ကြီးပြီဆိုတော့လေ ကုမ္ပဏီကအဖွဲ့နဲ့ ငြင်းကြခုံကြရင်း အမောဆို့ပြီး လဲကျတာ” - ဟု  စိုင်းလမ်က ပြောသည် ။


အဆိုပါအခင်းနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း-  ၎င်းအား ကုမ္ပဏီဘက်မှလာ ရောက် တိုင်ပင်ညှိနှိုင်းမှုမရှိသည့်အပြင် ဓါတ်တိုင်ဖြတ်သန်းမည့် လယ်ယာမြေ၏ ပိုင်ရှင်များထံ လည်း အကြောင်းကြားခြင်းမရှိသဖြင့် ထိုသို့ ပြသနာများဖြစ်ပွါးရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သျှမ်းပြည်နယ်အစိုးရထံလည်း တင်ပြအကြောင်းကြားမည်ဖြစ်ကြောင်း - ပြောဆိုပါသည် ။


အဆိုပါကုမ္ပဏီကိုယ်စားလှယ်အဖွဲ့သည် မိုင်းပန်မြို့နယ်အတွင်းလျှပ်စစ်မီးကြိုးသွယ် ဓါတ်တိုင်ထူ ရန် ပြီးခဲ့သည့် ၃ လ ကတည်းက လုပ်ငန်းများစတင်နေခြင်းဖြစ်ကြောင်း လယ်သမားများနှင့် မိုင်းပန်ဒေသခံလူထုအား တိုင်ပင်ညှိနှိုင်းဆွေးနွေးခြင်းမရှိကြောင်း  မိုင်းပန်ဒေသခံများ ပြောပြ ချက်အရသိရပါသည် ။


နောက်ဆုံးသတင်းရရှိချက်အရ ကုမ္ပဏီ၏ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက်မနက်အစောပိုင်းက ၎င်းတို့၏ လုပ်ငန်းခွင်သုံးကားများနှင့် အလုပ်သမားများကိုတင်ဆောင်ကာ တောင်ကြီးသို့ပြန်သွားပြီဖြစ်ကြောင်း၊ ဓါတ်တိုင်များမှာမူ လယ်ယာများအတွင်းရှိနေဆဲဖြစ်ကြောင်း၊ ဆက်လက်တိုင်ထူမည် မထူမည်ကိုတော့ မည်သို့မျှ ပြောမသွားကြောင်း မိုင်းပန်ဒေသခံများ ကပြောဆိုသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates