ကျားခေါင်းပါတီဝင်များဖမ်းဆီးခံရမှု အမြန်ဆုံးလွှတ်ပေးရန် TNLA အား SNLD တောင်းဆို
သျှမ်းပြည်မြာက်ပိုင်း ကျောက်မဲမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့မှ ဖမ်းခေါ်သွားသည့် ရွာသား ၂၄ ဦး အနက် ကျားခေါင်းပါတီဝင် ၅ ဦးပါဝင်ကြောင်း သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကပြောသည် ။
“ဒီလို ဖမ်းခေါ်သွားတာ ထိခိုက်နစ်နာတယ်၊ လူတစ်ယောက်က စစ်သားမလုပ်ချင်ဘဲ လုပ်ရတယ်။ စစ်သားလုပ်တယ်ဆိုတာ မလွယ်ဘူး။ ယုံကြည်မှုရှိမှရမှာ။ အခုဟာက ကိုယ့်ကိုယ်နေထိုင် စားသောက် လုပ်ကိုင်နေတာကို လာဖမ်းသွားပြီး အတင်းအဓမ္မ စစ်သားလုပ်ခိုင်းတော့ မကောင်းဘူး” ဟု ၄င်းကပြောသည် ။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့တွင် SNLD ပါတီမှ အရေး ပေါ် ထုတ်ပြန်ကြေညာချက် တစ်စောင်ထုတ်ပြန်ရာတွင် - ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ ၌ ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စု ပန်ကွမ်ရွာမ တွင် ကျေး ရွာသား ၂၄ ဦးအား TNLA တပ်ဖွဲ့မှ တပ်သားသစ် အလို့ငှာ အတင်း အကြပ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုပါရှိပါသည် ။
ယင်းလူစုထဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ပန်ကွမ်ကျေးရွာ အုပ်စု ဒုတိယဥက္ကဌ နှင့်အလုပ်အမှုဆောင် အဖွဲ့ ဝင်လေးဦး စုစုပေါင်းငါးဦးတို့လည်းပါဝင်ကြောင်းဆိုပါသည် ။
“ဘာကြောင့်လဲဆိုတော့ TNLA ကဖမ်းသွားတဲ့အထဲမှာ ကျောက်မဲမြို့ နယ် မှာ ကျေးရွာသား ၂၄ ဦး ဖမ်းသွားတယ်။ အဲ့ထဲမှာ ကျားခါင်း ပါတီဝင် ၅ ဦးပါတယ်၊ ပြီးတော့ နမ္မတူမှာ သျှမ်းလူမျိုး ၁၁ ယောက် သူတို့ ဖမ်းခေါ်သွားတယ်၊အခုချိန်ထိ ပြန်မလွှတ်ပေးသေးဘူး ဒါကြောင့် ရှေ့ဆက် မဖြစ်အောင်ဖမ်း ထား တဲ့လူလည်း ပြန်လွှတ်ပေးဖို့ အဲ့ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ကြေညာချက်ထုတ်ရခြင်းဖြစ်တယ် ” ဟု ဦးစိုင်းညွန့်လွင် ကပြောသည် ။
TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရွာသားများမှာ ကျောက်မဲမြို့ နယ် ပန်ကွမ်ရွာသား ၂၄ ဦး၊ နမ္မတူမြို့နယ် မိုင်းတတ်ရွာသား ၁၁ ဦး ၊ မန်နားရွာသား ၁ ဦး စုစုပေါင်း ၃၆ ဦးဖြစ်ကြောင်း SNLD ပါတီက ဆိုပါသည် ။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီ အနေဖြင့် ကျားခေါင်းပါတီ လွှတ်တော်အမတ်မှ တစ်ဆင့် အုပ်ချုပ်ရေး ဘက်၊စစ်တပ်ဘက် များ သတင်းပို့ထားပြီး လုပ်သင့် လုပ်ထိုက် သည် များ ကိုလုပ်ထားပြီး ပြည်သူများနှင့် တအာင်းတပ်မတော် TNLA များ သိရှိရန် အရေးပေါ် ထုတ်ပြန်ကြေညာချက် ထုတ်ရခြင်း ဖြစ်ကြောင်း ကျားခေါင်းပါတီ အထွေထွေ အတွင်း ရေးမှူး ဦးစိုင်းညွန့်လွင် ကပြောသည် ။
Tags: General, News