လာမည့်ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းပြည် လစ်လပ်မဲဆန္ဒနယ် ၈ နေရာအတွက် ဒေသတွင်းပါတီ ၆ ခု ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မင်္ဂလာစည်တော်ပါတီ ၀င်ပြိုင်မည်မဟုတ်
လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာ သျှမ်းပြည်အတွင်း လစ်လပ်နေရာ ၈ နေရာ အတွက် သျှမ်းပြည်အခြေစိုက် ပါတီ ၆ ခု က ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် သျှမ်းပြည် အရှေ့ပိုင်း ရဲ့ ဒေသခံ ပါတီ ဖြစ်တဲ့ ကောင်ဇိုင်း ပါတီအမည်ရ မင်္ဂလာစည်တော်ပါတီ ESSDDP က ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ် ။
ကျိုင်းတုံမြို့နယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၂ မှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ SNDP ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုး ရေးပါတီ USDP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ANDP ၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ LNDP တို့က ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ် ။
အစက ကျနော်တို့ သျှမ်းပါတီတွေ ပေါင်းပြီး ကိုယ်စားလှယ်လောင်းတယောက်ရွေးချယ်ကြမယ် ကျနော်တို့အားလုံးကိုယ်စား ကြားဖြတ်ရွေး ကောက်ပွဲ ၀င်ဖို့ ပေါ့။ အစပိုင်းက အဲလိုဆွေးနွေး ထားကြပေမယ့်နောက်တော့ ပါတီကြီး နှစ်ခုလုံးက လက်မခံတဲ့အတွက် ကျနော်တို့ လဲ ဒီလာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်တော့မှာမဟုတ်ဘူး - မင်္ဂလာစည်တော်ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေ က ပြော ပါတယ် ။
ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုတဝှမ်းလုံး လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၈ နေရာ ရှိပါတယ် ။
ပြည်နယ်လွှတ်တော် ၇ နေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာ နဲ့ အမျိုးသားလွှတ်တော် ၃ နေရာ တို့ဖြစ်ပါတယ် ။
ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပါတီကြီး ၂၄ ခု နဲ့ တသီးပုဂ္ဂလတွေကနေ အမည် စာရင်း တင် သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းအရေ အတွက်ကတော့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ၄၉ ဦး၊ အမျိုးသားလွှတ်တော် ၁၅ ဦးနဲ့ ပြည်နယ်နဲ့တိုင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးရှိတဲ့အကြောင်း ဇန်နဝါရီ ၃ ရက်နေ့က အစိုးရပိုင် သတင်းစာမှာ ထုတ်ပြန်ကြေငြာထားပါတယ် ။
သျှမ်းပြည်အခြေစိုက် ဒေသခံ ပါတီတွေဟာ အင်အားကြီးပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ပြည်ခိုင်ဖြိုးပါတီကို ပြိုင်ဆိုင်ရမှာဖြစ်တဲ့အပြင် သျှမ်းပြည်တွင်း အခြေစိုက်တဲ့ ပါတီအချင်းချင်းလဲ ပြိုင်ဆိုင်ရမယ့်သဘော ဖြစ်နေပါတယ် ။
Tags: News, politic