တိုက်ပွဲများ ရပ်ဆိုင်းပြီး အဆင်သင့်ဖြစ်မှ ၂၁ ပင်လုံ ဒုတိယ အကြိမ် ကျင်းပရန် ဒေါ်စုနှင့် တပ်ချုပ်ထံ အပစ်ရပ်အဖွဲ့များတင်ပြ



တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းထားပြီး အဆင့်သင့်ဖြစ်မှသာ ၂၁ ပင်လုံ ဒုတိယ အကြိမ်ကို ဆက်လက်ကျင်းပရန် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်  နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်တို့ထံ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တင်ပြခဲ့ ကြောင်းသိရသည် ။

Photo: Myanmar State Counsellor Office
NCA အပစ်ရပ်လက်မှတ်ထိုး အဖွဲ့များဖြင့် ဖွဲ့စည်းထားသော  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ ကိုယ်စားလှယ် ၅ ဦးတို့သည် ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံစဉ် တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည် ။


“ အခုက ပဋိပက္ခတွေ ရှိနေတယ်။ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိတယ်။ ဒီဟာတွေရှိနေရင် နိုင်ငံရေးအရ အဖြေထွက်ဖို့ မလွယ်ဘူး။ သဘောက မထိုးသေးတဲ့အဖွဲ့တွေ မတက်နိုင်သေးတောင် သူတို့နဲ့ အပစ်ရပ် ထားပြီး ဆွေးနွေးမှုတွေလုပ် ပဋိပက္ခဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးမှုတွေလုပ်ပြီးမှ ဒီ ၂၁ ပင်လုံ ဒုတိယ အကြိမ်ကို ဆက်ကျင်းပဆိုတဲ့ သဘောကို တင်ပြခဲ့တာပါ။ စစ်ဆင်ရေးတွေ သွားမလုပ်ဖို့ပေါ့လေ ”  ဟု သွားရောက်တွေ့ဆုံခဲ့သူ PPST အဖွဲ့ဝင် ဦးခွန်စိုင်းကပြောသည် ။


သို့သော် ယင်းအချက်နှင့် ပတ်သက်၍ သဘောတူညီမှု မရခဲ့ဟု သိရပြီး တိုင်းရင်းသားများကမူ ပဋိပက္ခ လျှော့ချရေး ( သို့မဟုတ် ) ရပ်ဆိုင်းရေးအတွက် ဆန္ဒရှိကြောင်း အဓိကထားတင်ပြခဲ့ကြသည် ။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်- မြန်မာနိုင်ငံမြောက် ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် သက်ရောက်နိုင်မှု၊  မကြာခင်ကျင်းပ မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ခိုင်မာသော ရလဒ်များ ထွက်ပေါ်လာရေး၊  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသော တိုင်းရင်းသားနယ်မြေဒေသများ အတွင်း ဖွံ့ဖြိုး တိုးတက်မှုများကို ပြည်တွင်း၊ ပြည်ပ ကူညီထောက်ပံ့မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးရေးကိစ္စ၊   NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ အဖွဲ့ဝင်အချို့၏ အမှုအခင်း များကိစ္စ၊  NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ ပါဝင် လာနိုင်ရေးကိစ္စ၊  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများ ကို ဆွေးနွေး ခဲ့ကြသည် ။


သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အရေအတွက်မှာ ၈ ဖွဲ့ရှိခဲ့ပြီး ယခု NLD အစိုးရလက်ထက် အထိလည်း  စာချုပ်စတင်ချုပ်ဆိုခဲ့စဉ်က အရေအတွက်အတိုင်း ၈ ဖွဲ့သာ ရှိနေသည်။ ၂၁ ပင်လုံ ပထမ အကြိမ်အပြီးတွင် ဂိဒွန်ဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မူဆယ်လမ်းမပေါ် တိုက်ပွဲများ လည်း ဖြစ်ပွားခဲ့သလို လတ်တလောကာလအတွင်းမှာပင် ကေအိုင်အေ ၊ တအာင်းပလောင်၊ SSPP/SSA အဖွဲ့များ နှင့် တပ်မတော်တို့အကြား တိုက်ခိုက်မှုများ ရှိနေသည် ။


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကမူ ၂၁ ပင်လုံ ဒုတိယ အကြိမ်ကို ဖေဖော်ဝါရီလတွင် ပြုလုပ်ချင်ကြောင်း ပြောဆိုခဲ့သည် ။


မကြာသေးမှီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ၀ါရှင်တန် တက္ကသိုလ်မှ မြန်မာ့အရေးလေ့လာသူ Colinham ကမူ -  ငြိမ်းချမ်းရေး  မြန်မြန်ရလေ ကောင်းလေ - ဆိုသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များဖျက်သိမ်းခြင်း ပြန်လည်ပေါင်းစည်းခြင်းနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များမှာ မည်သည့် နိုင်ငံတွင်မဆို နှစ်ပေါင်းများစွာ အချိန်ယူရသဖြင့် ရွေးကောက်ပွဲသက်တမ်းနှင့် ငြိမ်းချမ်းရေးကို ယှာဉ်တွဲ မစဉ်းစားသင့်ကြောင်း သတိပေးပြောဆိုထားသည် ။


အပစ်ရပ်ရေးကျန်နေသည့် အဖွဲ့အများစုမှာ စစ်အစိုးရလက်ထက်က အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့ဖူးပြီး ခိုင်မာသည့် နိုင်ငံရေးအဖြေမရှိသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် အဖွဲ့များလည်း ဖြစ်သည် ။


ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းရင်းသားအရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု အရေးအတွက် ဆောင်ရွက်သွားမည်ဟု ကတိပေးကာ ရွေးကောက်ပွဲဝင်ခဲ့သော်လည်း ရွေးကောက်ပွဲအပြီး အစိုးရ ဖွဲ့စည်းချိန်မှစ၍ သျှမ်း ရခိုင်စသည့် တိုင်းရင်းသားများနှင့်မ ပြေလည်ခဲ့ကာ နောက်ပိုင်းတွင် တိုင်းရင်းသားများနှင့် ဆက်ဆံရေး အေးခဲလာကြောင်း အကဲခတ်များက ဆိုကြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates