တိုင်းပြည်အပြောင်းအလဲအတွက် NLD အစိုးရနှင့် အစွမ်းကုန်လက်တွဲပူးပေါင်းနေသည် ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ပြော
၂၀၁၅ ရွေးကောက်ပွဲမှ ရွေးကောက်ခံရ NLD အရပ်သားအစိုးရအာဏာရယူလာသည့် တနှစ်နီးပါးကာလ အတွင်း သျှမ်းပြည်တွင်း နိုင်ငံရေး၊ စီးပွါးရေး တိုးတက်မှု မတွေ့ရသေးသော်လည်း တိုင်းပြည်အပြောင်း အလဲအတွက် NLD အစိုးရနှင့် အစွမ်းကုန်လက်တွဲပူးပေါင်းမှု ပြုနေသည်ဟု သျှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည် ။
“ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီက အစိုးရဖြစ်လာတဲ့အပေါ် ကျနော်တို့ဘက်က အစွမ်းကုန် လက်တွဲပူးပေါင်းပါတယ်။ တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်လက်မှတ်ထိုးတယ်။ သို့သော် NCA လက်မှတ် ထိုးပြီးပြီဆိုပေမယ့် တိုင်းရင်းသားအတွက်က နိုင်ငံတော်တည်ဆောက်ရေးမှာ ဘာမှဝင်ရောက်လုပ်ကိုင် ပိုင်ခွင့်မရှိသေးဘူး။ နိုင်ငံရေးဆွေးနွေးဖို့ စောင့်ရတာတခုကလွဲလို့ပေါ့ ”- ဟု ပြောသည် ။
ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် ထိုင်းနိုင်ငံ မတိချွန်းသတင်းစာ၏ တွေ့ဆုံမေးမြန်းမှုတွင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ပြောဆိုဖြေကြားခဲ့ခြင်းဖြစ်သည် ။
“သျှမ်းပြည်မှာ ရွှေ၊ငွေ၊ ကျောက်သံ ပတ္တမြား ကျွန်းသစ် ကျောက်မီးသွေး သဘာဝသယံဇာတ ပေါကြွယ်ဝ တယ်။ သို့ပေမယ့် အားလုံးကို နိုင်ငံတော်က ချုပ်ကိုင်ထားတယ်။ ပြည်သူလူထုကိုစီမံခန့်ခွဲခွင့် မပေးဘူး။ ဒါကြောင့် ဒီမိုကရေစီ ဆီကို သွားဖို့ အရပ်သားအစိုးရက ကြိုးစားနေတယ်ဆိုပေမယ့် ယနေ့ထိ တိုင်းရင်း သားပြည်သူလူထုက ဆင်းရဲတွင်းထဲမှာရှိနေတုန်းဘဲ”- ဟု ဆိုသည် ။
လက်ရှိတွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပင်လုံစာချုပ် ပင်လုံသဘောတူညီချက် အကြောင်းမကြာခဏ ပြောဆိုလာသည့်အပေါ် တိုင်းရင်းသားပြည်သူလူထု မျှော်လင့်ချက်တိုးလာသကဲ့သို့ နိုင်ငံတကာမှလည်း မြန်မာအစိုးရအား ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်နေသည်ဟုမြင်လာကြောင်း၊ ထို့အတွက် သျှမ်းပြည်သူလူထုတရပ်လုံးကလည်း မိမိတို့၏တခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် တန်းတူညီမျှမှုနှင့်တရားမျှတမှုရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တတ်နိုင်သည့်ဘက်က လုပ်ဆောင်လာ သည်ကိုတွေ့ရကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုသည် ။
“ လူထုရွေးကောက်တင်မြှောက်တဲ့အစိုးရ ၁၀ လ တာ အာဏာချုပ်ကိုင်မှုသက်တမ်းမှာ တိုင်းရင်းသား ဒေသမှာ တိုးတက်မှုမတွေ့ရသေးဘူး။ အထူးသဖြင့်ကျနော်တို့သျှမ်းပြည်မှာ။ စီးပွါးရေးကျပ် တည်းနေ တုန်း။ သျှမ်းပြည်လူထုအနေနဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းတွေမှာ ကိုယ့်ကိုယ်ကိုအားကိုးနေရတုန်း။ အစိုးရအနေနဲ့ဘာမှကူညီမှုမပေးသေးဘူး။ အနည်းဆုံး ၂ နှစ်တော့ အချိန်ပေးစောင့်ကြည့်သွားမယ်”- ဟု သျှမ်းပြည်ပြန် လည်ထူထောင် ရေးကောင်စီ သျှမ်းပြည် တပ်မတော် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုသည် ။
ထို့အတွက် အာဆီယံနိုင်ငံများနှင့် စီးပွါးရေးလက်တွဲပူးပေါင်းရန်အတွက်လည်း မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်သည်ကိုမတွေ့ရသေးသဖြင့် အနာဂတ်မြန်မာ့စီးပွါးရေးကို စောင့်ကြည့်နေကြကြောင်း မတိချွန်းသတင်း စာက ရေးသားထားသည် ။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင်လက်မှတ်ထိုးခဲ့ပြီးဖြစ်သော်လည်း၂၀၁၇ ခုနှစ်ဆန်းပိုင်းအထိ အစိုးရ တပ်မတော် ၏ စစ်ဆင် တိုက် ခိုက်မှု မကြာခဏ ရင်ဆိုင် နေရဆဲဖြစ်သည့် အပစ်ရပ် သျှမ်းလက်နက်ကိုင်တပ်တခုဖြစ်သည် ။
Tags: News, politic


