မိုင်းရှင်းလင်းရေးမူအားဖြင့် သဘောတူညီမှုရရှိပြီးသော်လည်း ယုံကြည်မှုရမှသာ ဖြေရှင်းနိုင်မည်



အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်များက မူအားဖြင့်သဘောတူညီမှု ရရှိထားသော်လည်း ယုံကြည်မှု အပြည့်အဝ ရရှိပြီးမှသာ ဖြေရှင်းနိုင်မည့် နိုင်ငံရေးပြဿနာဖြစ်သည်ဟု အပစ် အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)  အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး ကပြောသည် ။

Photo: သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ၊ သိန္နီမြို့နယ် နမ္မတူမြို့နယ်ဘက်တွင်တွေ့ရသော မြေမြုပ်မှိုင်းများကြောင့် ဒေသခံလူထု လုပ်ငန်းခွင်သွားရန်အခက်တွေ့ 
မူအားဖြင့် သဘောတူညီမှု ရပြီးဖြစ်သည့် မိုင်းရှင်းလင်းရေး လုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များကြားတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်နေသည်ဟုလည်း ၄င်းကဆိုပါသည်။


" မူအရ တော့သဘောတူပြီးပြီ မူကို အကောင်အထည်ဖော်ဖို့အတွက် EAO (တိုင်းရင်းသား လက်နက်ကိုင်) တွေကြားထဲမှာ နည်းနည်းညှိနှိုင်းမှုလေးတွေလုပ်ရမယ်။ အဲ့တာကို ကျနော်တို့ စောင့်နေတယ် အဲ့ဒါပြီး ရင်တော့ ကျနော်တို့ရှင်းလို့ ရပါပြီ " ဟု ၄င်းကဆိုသည် ။


ပဋိပက္ခလွန်ကာလတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းသည် ငွေကုန်ကြေးကျအများဆုံးလုပ်ငန်းဖြစ်ပြီး  နည်းပညာ ဆိုင်ရာအားဖြင့် ကူညီပေးမည့်သူများ၊ ငွေကြေး ထောက်ပံ့ပေးမည့်သူများ ရှိသော်လည်း လက်ရှိ အနေအထားမှာ နိုင်ငံရေးနှင့် ဆက်နွယ်နေသောနိုင်ငံ ရေးပြဿနာဖြစ်သည်ဟုလည်း ဒေါက်တာမင်းဇော်ဦး ကသုံးသပ်သည် ။


သျှမ်းပြည်နယ်တွင် မိုင်းရှင်းလင်းရေးများ မပြုလုပ်နိုင်သေးသောအကြောင်းရင်းမှာ သျှမ်းပြည်နယ်အပစ် အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အနေ နှင့်တစ်လ တစ်ကြိမ်အစည်း အဝေးပုံမှန်မပြုလုပ်နိုင်သေးပဲလုပ်ငန်း ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိသောကြောင့်ဟု သျှမ်းပြည်နယ် (JMC-S) တွင် ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) အဖွဲ့မှပြောရေး ဆိုခွင့်ရှိသူ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီမှ ဗိုလ်မှူးစိုင်းဦးက ပြောသည် ။


" လုပ်ငန်းလည်ပတ်ဖို့က ဘတ်ဂျက် အခက်အခဲကြောင့်ရယ် ၊ လုပ်ငန်းကိုယ်စီ တာဝန်ကိုယ်စီရှိနေလို့ရယ်။ အချိန်တွေညှိနေတာရယ်ကြောင့်လစဉ်ပုံမှန်အစည်းအဝေးမဖြစ် သေးဘူး။ ဒါကြောင့်မိုင်းရှင်းလင်းရေး တွေလည်း မလုပ်နိုင်သေးဘူး " ဟု ၄င်းကဆိုသည် ။


မိုင်းရှင်းလင်းရေးလုပ်ငန်းတွေအတွက်  ဘတ်ဂျက်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့(JCB)ကို တင်ပြထားပြီး လာမည့် ဧပြီလလောက်တွင် ကရင်ပြည်နယ်ကို စမ်းသပ်ဧရိယာအဖြစ်စနိုင်ရန် စီစဉ်ထား ကြောင်း ကိုးကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု JMC-U အတွင်း ရေးမှူး ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပြောသည်။


JMC အနေဖြင့်မူ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်သွားမည်မဟုတ်ဘဲ ပေါ်လစီချထား ပေးပြီး နှစ်ဘက်တပ်များအကြား ညှိနှိုင်းဆောင်ရွက်ပေးရန်သာဖြစ်သည်ဟုလည်း ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။


လက်ရှိ သျှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ၊ မိုင်းရှူးမြို့ နယ်၊ ဟိုင်းပါကျေးရွာ ဟိုင်းပါစစ်ရှောင်စခန်းမှ စစ်ရှောင်ဒုက္ခသည်များနှင့် သျှမ်းမြောက် ကျောက်မဲခရိုင်  ၊ ကွတ်ခိုင်မြို့နယ် ၊ သိန္နီမြို့နယ် နမ္မတူမြို့နယ် စသည့်ဒေသများရှိ ဒေသခံလူထုများသည်  မြေမြုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်ကြပဲရှိနေသည်။


တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ‘မိုင်းအသုံးပြုခြင်းကိုရပ်တန့်ရန် ’ နှင့်မြေမြှုပ်မိုင်းအားလုံးရှင်းလင်း ရေးလုပ်ငန်းစဉ်ပူး ပေါင်းပါဝင်ရန်ု သဘောတူ ထားပြီးဖြစ်သည်။  အဆိုပါ စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သျှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ကလည်း လက်မှတ်ရေးထိုးထားသည်။


မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်တို့  အသီးသီး အသုံးပြုထားကြသောမြေမြုပ် မိုင်းများမရှင်း လင်း နိုင်သေးသ၍ စစ်ရှောင်ဒုက္ခသည်များနေရပ်ပြန်ရန် အခက်အခဲရှိနေဦးမည်ဖြစ်ပြီး  မြေမြှုပ်မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိမှုနှုန်းသည်  ကမ္ဘာပေါ်တွင် အာဖဂန်နစ္စ တန်နှင့် ကိုလံဘီယာနိုင်ငံများအပြင် မြန်မာနိုင်ငံသည် တတိယအဆင့်တွင်ရှိ ကြောင်း မြေမြုပ်မိုင်း လေ့လာေ စာင့်ကြည့်ရေးမြန်မာနိုင်ငံအစီအရင်ခံစာတွင်ဖော်ပြထားသည် ။


မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ၂၀၁၅ခုနှစ် အတွင်းကောက်ယူရရှိထားသော စာရင်းများအရ မြေမြုပ်မိုင်းကြောင့် သေဆုံးသူ၄၁၉ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၁၅၆ဦးရှိကြောင်း ၂၀၁၆ခုနှစ်တွင် ထုတ်ဝေသောမြေမြုပ်မိုင်းလေ့လာ စောင့်ကြည့် ရေးမြန်မာနိုင်ငံအစီအရင်ခံစာတွင်ဖော်ပြထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates