NCA စာချုပ်အလုပ်မဖြစ်တော့ကြောင်း ဝ အစည်းအဝေးကြေငြာ



ဝ ဌာနချုပ် ပန်ဆန်းမြို့၌ သုံးရက်ကြာကျင်းပပြီးစီးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တတိယ အကြိမ် ထိပ်သီးအစည်းအဝေး မှ အချက် ၉ ချက်ပါ ကြေငြာချက်တစောင်ထုတ်ပြန်ရာ အချက် ၇ (ခ) တွင် “…. တရားမှုတမှုရှိသော အပစ်ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန် တောင်းဆို..” ဟု ပါရှိသည်။


ဖေဖေါ်ဝါရီ ၂၂ -၂၄ ရက်နေ့အထိ သုံးရက်ကြာအစည်းအဝေးတွင် - KIA /TNLA/ MNDAA တို့အား အကြမ်းဖက်အဖွဲ့ကြေငြာထားခြင်းမှ ရုပ်သိမ်းပေးရန်၊ မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသ အတွင်းထိုးစစ်ဆင်မှုရပ်ဆိုင်းပေးရန်၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်ခွင့်ရရန်၊ NCA လက်မှတ်မထိုးဘဲ UWSA ၀ တပ် ဦးဆောင်ပြီး မြန်မာအစိုးရ နှင့်ဆွေးနွေးမည့်အဖွဲ့ ဖွဲ့စည်းရန်၊ သမိုင်းဝင်ပင်လုံစာချုပ်အား NCA စာချုပ်ဖြင့်အစားထိုးရန် မြန်မာအစိုးရ ရည်ရွက်ခြင်းကို လုံးဝ လက်မခံသည့်အတွက် ….. “…. တရားမှုတမှုရှိသော အပစ်ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန် တောင်းဆို.. သည် ” စသဖြင့် ပါရှိပါသည်။


“NCA စာချုပ်ဟာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင်ဘူး။ ဒါ့ကြောင့် NCA စာချုပ် ထက် ပိုကောင်းတဲ့ နည်းလမ်းကို ဝ ကနေ ဦးဆောင်ပြီး ဖေါ်ဆောင်ချင်တာ။ ဖြစ်တာမဖြစ်တာ တကဏ္ဌပေါ့ ဗျာ။ ဒါ ဝ က ဖြစ်ချင်တဲ့ ဆန္ဒ နဲ့ NCA က အလုပ်မဖြစ်တော့တဲ့အကြောင်း မီးမောင်းထိုးပြတာ ဖြစ် တယ်” - ဟု တက်ရောက်သည့် ခေါင်းဆောင်ပိုင်း တဦးကပြောသည်။


တတိယ အကြိမ် ပန်ဆန်းထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေငြာချက်ပါ အချက် ၉ (က) နှင့် (ခ) တွင် တရုတ်နိုင်ငံကျင့်သုံးနေသည့် One Belt One Road (OBOR) ပေါ်လစီ အား မြန်မာအစိုးရ အနေဖြင့် ကျင့်သုံးသွားရန်လည်းတိုက်တွန်းထားသည်။ One Belt One Road (OBOR) ပေါ်လစီနှင့် ပတ်သက် သည့် အကြောင်းအရာ အသေးစိတ်ကိုမူ တွဲလျှက်ဖေါ်ပြထားခြင်းမရှိပေ။


UWSP/UWSA ဌာနချုပ်ပန်ဆန်းမြို့ ခေါ် ပန်ခမ်းမြို့၌ ကျင်းပသည့် တိုင်းရင်းသားလက်နက် ကိုင်တော် လှန်ရေး တပ်ဖွဲ့များ၏ ထိပ်ပိုင်းခေါင်းဆောင် အစည်းအဝေးဦးဆောင်ကျင်းပသည့် ဝ တပ် နှင့် မိုင်းလားတပ်အပြင် ကချင် KIA  ၊ ပလောင် TNLA ၊ ကိုးကန့် MNDAA ၊ ရခိုင် AA  နှင့် သျှမ်း SSPP/SSA တို့ မှ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ကြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates