မိုးနဲမြို့မြေယာနှင့် ရေဦးရေထွက်ပြသနာ သျှမ်းပြည်နယ်အစိုးရ မဖြေရှင်းပေးသေး ဒေသခံလယ်သမားများ တောတောင်သဘာဝနတ်မင်းထံတိုင်တည်
သျှမ်းပြည်တောင်ပိုင်းမိုးနဲမြို့တောင်သူလယ်သမား ရာနှင့်ချီစုပေါင်းကာ မြစ်ချောင်း တောတောင် သဘာဝ ကာကွယ်ထိန်းသိမ်းပေးရန် မြို့စောင့်နတ်ရွာစောင့်နတ်အား တိုင်တည်ဆုတောင်းကာ သဘာဝဖျက်ဆီးသူများအား ကျိန်စာတိုက်သည့် လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည် ။
ဓါတ်ပုံ- မိုးနဲလယ်သမားများ တောတောင်သဘာဝ နတ်မင်းထံတိုင် တည်ဆုတောင်းမှုပြုနေကြပုံ (Photo- မိုးနဲမြို့သဘာဝပတ်ဝန်းကျင်မြတ်နိုးသူ)
|
ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက် က မိုးနဲမြို့ခံတောင်သူလယ်သမားများ ၁၀၀ ကျော်စုပေါင်းကာ မိုးနဲမြို့တောင်ဘက်ရှိ နောင်လွယ်စယ်နမ့်ဟူး(ရေထွက်) နှင့်မြောက်ဘက်ရှိ နမ့်ဟူးနဂါး၊ နမ့်ဟူးခေါန်၊နမ့်ဟူးပါဝဲန် (ရေထွက်)များရှိရာနေရာသို့သွားကာ တောတောင်ရေမြေသဘာဝစောင့်နတ်မင်းများထံတိုင်တည်မှုပြုခဲ့ကြခြင်းဖြစ်သည် ။
မိုးနဲမြို့နယ် ကျားခေါင်းပါတီပြည်နယ်လွှတ်တော်အမတ် စိုင်းမွန်းလိန်က - ကျနော် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒုတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေးမှာလည်းကျနော် ကြယ်ပွင့်ပြ မေးခွန်း နဲ့ လွှတ်တော်မှာတင်ပြခဲ့ပြီးပြီ။ လူထုဆန္ဒဘယ်လိုရှိတယ်ဆိုတာ။ သျှမ်းပြည်နယ်အစိုးရက ဘာမှ ဆောင်ရွက်မပေးဘူး။ ဒေသန္တရအမိန့်ဆိုပြီးတော့ဘဲ မြို့နယ်အာဏာပိုင်တွေက ရေထွက် အနီး တဝိုက် ပေ ၁၀၀ ပတ်လည် ဘာမှမလုပ်ရ လို့ဘဲ ပြောလိုက်တယ်။ ပေ ၁၀၀ ပတ်လည်ဘဲဆိုတော့ ဘာမှမထူးဘူးလေ။ လူထုကဒါကိုလည်း လက်မခံနိုင်ဘူး။ ဒါကြောင့် လူထုက အားကိုးရာမဲ့ သွား တဲ့ အဆုံး ဘိုးဘွားအစဉ်အလာယုံကြည်မှုအတိုင်း မြို့ရွာစောင့်နတ်တွေကိုဘဲ စုပေါင်းတိုင်တည်ပြီး ကျိန်စာတိုက်ကြတော့တယ်။ - ဟု သျှမ်းသံတော်ဆင့်အားပြောဆိုသည် ။
မိုးနဲမြို့လယ်သမားများသည် ရေထွက်ဦးနှင့်အနီးတဝိုက်ရှိ သစ်ပင်ကြီးများအား ရာဇမတ်ခတ် ပူဇော်ကာ ‘သဘာဝပတ်ဝန်းကျင်နှင့်ရေထွက်ဦးများ ချောင်းရေ မြစ်ရေများအားကာကွယ် မှုပေးပါရန် ’ တောတောင်သဘာဝနတ်မင်းများအားတိုင်တည် ဆုတောင်းကြကြောင်း ထို့နောက် ‘သဘာဝပတ်ဝန်းကျင်ရေမြေ တောတောင်များအား ဖျက်ဆီးသူမှာ မကောင်းဆိုးဝါးများနှင့် တွေ့ဆုံရ ပါစေ၊ ဆင်းရဲခြင်းကြုံတွေ့ရပြီး ချစ်ခင်သူနှင့်ကွေကွင်းရပါစေ ’ အစရှိအချက်များပါသည့် ကျိန်စာတိုက်ခဲ့ကြကြောင်း ရပ်မိရပ်ဖ ဦးစိုင်းကဆက်လက်ပြောပြသည် ။
မိုးနဲမြို့မြောက်ဘက်ရှိ ရေထွက်များမှ နမ့်စလိုင်ချောင်းနှင့် နမ့်တွန်ချောင်းတို့အဖြစ် မိုးနဲမြို့အရှေ့ဘက် ထိုမှတဆင့်တောင်ဘက်သို့စီးဆင်းဖြတ်သန်းကြောင်း၊ အဆိုပါချောင်းများမှာ မိုးနဲမြို့အရှေ့ဘက်နှင့်တောင်ဘက်ရှိလယ်ယာမြေဧကပေါင်းမြောက်များစွာကိုရေဖြည့်ပေးကြောင်း၊ အဆိုပါရေချောင်းခြောက်ကပ်ပျက်စီးပါက မိုးနဲမြို့လယ်သမားများအားလုံး ဒေသခံများအားလုံး အခက်အခဲ ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း မိုးနဲမြို့ခံ ဒေါ်ပါ့ပေါက် ကပြောသည် ။
“ကနေ့ခေတ်မှာနိုင်ငံရေးအခြေအနေပြောင်းလဲလာပြီ။ ကျနော်တို့ နယ်မြေ ဒေသထဲကိုတခြားတိုင်းတပါးက တခြားနယ်ကလူတွေလာနေတာလည်းများလာပြီ။ ကိုယ့်လယ်ယာမြေခိုးရောင်းစားခံရတာလည်းမကြာခဏကြုံလာရပြီ။ ဒါကြောင့် လယ်ယာမြေနဲ့ပတ်သက်ပြီး လေးလေးနက်နက်ထားစေချင်ပါတယ်။မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေ ပုံစံတွေ၊ ဂရမ်တွေ၊မှတ်ပုံတင်တွေ လုပ်ထားပါ။ ကိုယ့်လယ်ယာမြေကိုအမြဲဂရုစိုက်နေပါ။ ပြသနာဖြစ်လာရင် လွှတ်တော်အမတ်တွေ ရပ်မိရပ်ဖတွေကိုလာပြီး ဆွေးနွေးပါ။ ကျနော်တို့တတ်နိုင်သလောက် အစွမ်းကုန်ကူညီပေးပါမယ်” - ဟု စိုင်းမွန်းလိန်ကပြောသည် ။
မိုးနဲမြို့နယ်အတွင်းမှ ထွက်ရှိသည့်ဆန်စပါးများသည် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် တခုလုံးနီးပါးသာမက ထိုင်းနယ်စပ်အထိရောင်းချရသည်အထိ နူးညံ့ကောင်းမွန်သောဆန်ကောင်း အဖြစ်နာမည်ကျော်လျှက်ရှိပါသည် ။
Tags: Environment, News