ကျိုင်းတုံနှင့်မိုင်းရှူး ကြိုတင်မဲများကြောင့် ယှဉ်ပြိုင်မည့် SNLD ကိုယ်စားလှယ်လောင်းများစိုးရိမ်နေရ
ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်တရက်အလို သျှမ်းပြည်တွင်း လစ်လပ်မဲဆန္ဒနယ်များတွင် ကြိုတင်မဲ ကောက် ယူမှုများရှိနေသဖြင့် ရွေးကောက်ပွဲဝင် SNLD ကိုယ်စားလှယ်လောင်းများ စိုးရိမ်မှုရှိနေရ ကြောင်းသိရသည် ။
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ ဖြစ်သော ယန်းလောအုပ်စု မဲရုံ ၁ နှင့် မဲရုံ ၂ တို့တွင် မဲရုံသို့ရောက်လာ သူများအား မဲရုံတာဝန်ကျများက ကြိုတင်မဲများကောက်ယူနေခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် SNLD ကျားခေါင်းပါတီ မြို့နယ်ဗဟိုအလုပ်အမှုဆောင် နန်းမွန်းတွီက ပြောသည်။
“ယန်းလောအုပ်စုက မဲရုံ ၁ နဲ့ ၂ မှာ ဒီနေ့ မဲရုံစာရေးတွေကောက်တာ ကြိုတင်မဲ ၃၄၁ ပြားရသွားတယ်။ ကျမတို့သွားပြီးကန့်ကွက်တားမြစ်လို့ သူတို့ရပ်သွားပြီ။ ညနေလည်းစောင်းပြီလေ။ ရှင်ပြုပွဲကြောင့် မဲသွားမပေးအားလို့ ကြိုတင်မဲလာပေးကြတာ လို့ပြောတယ်။ မဖြစ်သင့်ဘူး ရပ်ပေးပါဆိုမှ ရပ်သွားတာ။ ယန်းလောအုပ်စုမှာ မဲရုံ ၅ ရုံရှိတာကော်။ ၂၃ ရက်နေ့ကတည်းက ကြိုတင်မဲတွေစကောက်တာလေ လကုန်အထိ ၃၁ ရက်နေ့အထိ။ တကယ်တော့ ဘယ်ရပ်ကွက် ဘယ်အုပ်စုမှာမှ ကြိုတင်မဲထည့်ရမယ့်လူ စာရင်းအတိအကျမရှိဘူး။ အခုက မဲရုံကိုလာတဲ့လူတိုင်းကိုကြိုတင်မဲကောက်နေတယ်။ ” - ဟု နန်းမွန်းတွီ ကပြောသည်။
ကျိုင်းတုံမြို့နယ်အတွင်း ပြည်နယ်လွှတ်တော်မဲဆန္ဒအတွက် မဲပေးပိုင်ခွင့်ရှိသူ ၅ သောင်းကျော်ရှိ သည့်အနက် အဆိုပါယန်းလောအုပ်စုတွင် မဲပေးခွင့်ရှိသူ ၅၆၈၉ ဦးရှိပါသည်။
အလားတူ မိုင်းရှူးမြို့နယ်တွင်လည်း မဲရုံပြောင်းရွှေ့ခံရသည့် အုပ်စုများအနက် တခုအပါအ၀င်ဖြစ်သော ၀မ့်လွယ်အုပ်စုအတွက် မဲရုံထားရှိရာ လွယ်နိုင်းအုပ်စုတွင်လည်း ကြိုတင်မဲ ကောက်ယူမှုများရှိခဲ့ကြောင်း မဲဆန္ဒနယ်အမှတ် ၂ တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် SNLD ပါတီ၏ ကိုယ်စားလှယ်လောင်းကပြောပါသည်။
“မနေ့က ကျမတို့ မိုင်းရှူး- မိုင်းနောင်-ကျေးသီး ဘက်ကို သွားပြီး စီတန်းလှည့်လည် စည်းရုံးရေးဆင်း တုန်းက မဲရုံစောင့်တဲ့သူမရှိတော့ နားဝိုင်အုပ်စုမှာကြိုတင်မဲကောက်တယ်။ မဲရုံစောင့်က ကြံ့ခိုင်ရေးနဲ့ ရပ်ကွက် စာရေးလေမနေ့က။ ဒီနေ့လည်းကောက်တယ်။ ကြိုတင်မဲပြား ၉၉ ပြားရသွားတယ်။ ၀မ့်လွယ်အုပ်စုမှာ မဲပေးခွင့်ရှိသူ ၁၀၅၄ ယောက်ရှိတာ။ ဆိုတော့ ၁၀ ရာခိုင်နှုန်းရှိ နေပြီလေ။ လုံးဝ မဖြစ်သင့်တာ။ ကျေးလက်လည်းဖြစ်နေတော့ အဲလောက်ထိမများရဘူးလေ ကြိုတင်မဲက ။ မြို့တွင်း အမှတ် ၂ ရပ်ကွက်တောင်မှ ကြိုတင်မဲ ၅ ရက် ၆ ရက်ကောက်တာ ၅၀ တောင်မပြည့်ဘူး။ ရှင်လောင်းပွဲကြောင့် တချို့အုပ်စု မှာလည်း ကြိုတင်မဲအနည်းငယ်ရှိတယ်။ တချို့အုပ်စုလည်း လုံးဝမရှိဘူး။” - ဟု မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် မဲဆန္ဒနယ် တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နန်းကောင်ခမ်းကပြောသည်။
အဆိုပါကြိုတင်မဲများနှင့်ပတ်သက်ပြီး ကျားခေါင်းပါတီပြောခွင့်ရ စိုင်းလိတ်က - “ခရီးထွက်ရမယ့်သူ၊ သက်ကြီးရွယ်အို ၊ ခရီးထွက်ရမယ့်အစိုးရ၀န်ထမ်းတွေ စတာတွေဘဲထည့်ရမယ်။ နေကောင်းပါရဲ့နဲ့ ကြိုတင်မဲထည့်တာဆိုတာကတော့ မလျော်သြဇာ သုံးတာဘဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဘက်ကလုံးဝ အကောင်းမမြင်ဘူး။ စည်းကမ်းဥပဒေကိုချိုးဖောက်တာဘဲ ။ ကျနော်တို့ဘက်က သေချာစောင့်ကြည့်ပြီး ဆန့်ကျင်သွားရမယ်။ ၅ နှစ် ၇ နှစ်မှ တခါထည့်ရမယ့်မဲကို အခွင့်အရေးမသုံးဘဲနဲ့ အလွယ်လမ်းလိုက်မယ်ဆိုရင် ကျနော်တို့လူထု အခွင့်အရေး ၄-၅ နှစ်ကြာဆုံးရှုံးရမယ်။ ဒါကြောင့် ကျနော်တို့ရသင့်တဲ့အခွင့်အရေးကို စုပေါင်း ရယူကြပါ။ မလျော်ကန်တဲ့ ကြိုတင်မဲတွေကိုလည်း စုပေါင်းပြီးတော့ ဆန့်ကျင်ကြခြင်းဖြင့် အနိုင်ယူသွားကြရအောင်လို့ တိုက်တွန်းချင်ပါတယ်။” - ဟု ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည့် သျှမ်းပြည်တွင်း လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာများမှာ မိုင်းရှူးမြို့နယ်တွင် ၃ နေရာ ကျေးသီးမြို့နယ်တွင် ၃ နေရာ ကျိုင်းတုံတွင် ၁ နေရာနှင့် ညောင်ရွှေမြို့တွင် ၁ နေရာဖြစ်ပါသည်။ အဓိကယှဉ်ပြိုင်မည့် ပါတီကြီးများမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ အမည်ရ SNLD ခေါ် ကျားခေါင်းပါတီ ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမည်ရ SNDP ခေါ် ကျားဖြူပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး USDP ပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ဖြစ်ပြီး ဒေသအလိုက် ပါတီငယ်များလည်းရှိပါသည်။
Tags: News, politic

