သျှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်ခြင်းနှင့် နည်းဥပဒေများပြန်လည်ရေးဆွဲပြဋ္ဌာန်း နိုင်ရေး သျှမ်းအမတ်တင်သွင်း



သျှမ်းပြည်မြို့တော်တောင်ကြီး၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္ဓမပုံမှန် အစည်းအဝေးမှ သျှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်ခြင်း နှင့် နည်းဥပဒေများ ပြန် လည်ရေးဆွဲပြဋ္ဌာန်းနိုင်ရန် အတွက် တိုက်တွန်းခြင်း အဆိုကို ယနေ့ လွှတ်တော်၌ အတည်ပြုလိုက်သည်။


၎င်းအဆိုကို သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)  နန်းစမ်းစမ်းအေး မှ အဆိုတင်သွင်းပြီး အဆိုကိုထောက်ခံ ဆွေးနွေးသူနှစ်ဦးရှိကြောင်း သိရသည်။


စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်ခြင်း အဆိုကို ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္ဓမပုံမှန်အစည်းအဝေး ပထမနေ့တွင် အဆိုတင်သွင်းပြီး ဒုတိယနေ့ တွင် အတည်ပြုသည်။


“အဆိုကို လွှတ်တော်က အတည်ပြုလိုက်တယ်၊ အတည်ပြုပြီးတဲ့နောက်ပိုင်းမှာ ဒီသက်ဆိုင်ရာ ဝန်ကြီးဌာန စည်ပင်သာယာရေး ဝန်ကြီးဌာနက သူတို့ ကနေ ရေးဆွဲပါမယ်၊ အဲ့ဒီ နည်းဥပဒေကို ပြန်ပြီးတော့ ရေးဆွဲမယ် လွှတ်တော် မှာပြန်တင်သွင်းမယ်။ အဲ့ထဲမှာ သူတို့ရေးဆွဲလာတဲ့ဟာပေါ်မူတည်ပြီးတော့ လွှတ်တော် ကိုယ်စား များအားလုံးက ပြန်သုံးသပ်မယ်၊ အတည်ပြုပြီးမှဘဲ အဲ့ဒီနည်းဥပဒေကို ပြန်လည်အသုံးပြုမှာပေါ့”ဟု အဆိုတင် သွင်းသူ နန်းစမ်းစမ်းအေး ကပြောသည်။


စည်ပင်သာယာရေး ဥပဒေရှိသော်လည်း အသေးစိတ် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်း နည်းဥပဒေ မရှိ သေးသည့်အတွက် ကော်မတီရွေးချယ်သည့်နေရာတွင် အခက်အခဲရှိသည့်အတွက် ၄င်းအဆိုကို တင်သွင်း ရခြင်းဖြစ် ကြောင်း ဒေါ်နန်းစမ်းစမ်းအေး ကပြောသည်။


“နည်းဥပဒေတွေ မရှိတဲ့အတွက်ကြောင့် စည်ပင်သာယာရေးကော်မတီရွေးချယ်တဲ့နေရာမှာတကယ်ပွင့်လင်းမြင် သာ ပြီးတော့ တန်းတူညီမျှတဲ့ ကိုယ်စားပြုမှုမရနိုင်ဘူး ရနိုင်ဖို့ ခက်ခဲတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လာရောက် နားထောင် တဲ့လူက လူအင်အား ဘယ်လောက်လောက် အများဆုံး နဲ့ အနည်းဆုံးမပါဘူးပေါ့နော် ပြီးတော့ ဘယ်လို အရည်အချင်းသတ်မှတ်ချက် အသက်အရွယ်ကန့်သတ်ချက်တွေ မရှိထားဘူး၊ အောက်ခြေမှာတော့ နည်းနည်းလေးတော့ အဲ့လိုမျိုး ပုံစံရှိနေတယ်၊ ဒါကြောင့် ဒါတွေ လုပ်ထုံးလုပ်နည်းတွေ သေသေချာချာပြဋ္ဌာန်း ထားမယ်ဆိုရင် အငြင်းပွားမှုတွေ ပဋိပက္ခတွေ ဌာနဆိုင်ရာ နဲ့ လူထုကြားမှာ အဲ့လိုမဖြစ်တော့ဘူး။ ခုနလည်း အများကြီးထောက်ပြသွားတယ်၊ လွှတ်တော်ထဲမှာ ဥပဒေကတော့ ကောင်းတယ်။ ဒါပေမယ့် လုပ်ရမယ့် အလုပ်တွေ အသေးစိတ်မပါတဲ့အတွေက်ကြောင့် အခက်အခဲရှိခဲ့တယ်” ဟု ၄င်းကပြောသည်။


ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဥ္ဒမပုံမှန် အစည်းအဝေးကို မတ်လ၂၀ ရက်မှ ၂၃ ရက်နေ့ထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သျှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ အခန်း(၅) ပုဒ်မ (၁၇)၊အပိုဒ် (ဗ) တွင် ကျူးကျော်အိမ်များ၊ ကျူးကျော်တဲများ၊ ကျူးကျော်အဆောက်အအုံများ၊ ကျူးကျော် ရပ်ကွက်များ ဖျက်သိမ်းခြင်း နှင့် လိုအပ်ပါက ပြောင်းရွေ့နေရာချထားခြင်း ဟူသော အပိုဒ်တွင် လမ်းနယ်နမိတ် မှတိုင်းလျှင် မည်မျှအတိုင်းအတာကို ကျူးကျော်လျှင် ကျူးကျော်ဟု သတ်မှတ်ခြင်း ဆိုသည့် ဖော်ပြချက်များ မပါရှိခြင်း၊ လိုအပ်ပါက ပြောင်းရွေ့နေရာချထားခြင်း ဟူသောအပိုဒ်တွင်လည်း ထိုသို့ပြောင်းရွေ့ရာတွင် မည်သို့သော မြေနေရာတွင် မည်သူက အကုန်ကျခံ၍ စီမံပေးရမည်၊စီမံခန့်ခွဲချိန် မည်မျှပေးထားသည်၊ ထိုစီမံခန့်ခွဲချိန်အတွင်း ကျူးကျော်လူထုက မည်သည့်နေရာတွင် နေရမည် ဟူသောဖော်ပြချက်မပါရှိသည့် အတွက် ကျူးကျော်ကိစ္စတွင် ဖြေရှင်းရန် ရှုပ်ထွေးလျှက်ရှိကြောင်း လွှတ်တော်၌ ထောက်ပြပြောဆို ဆွေးနွေးခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates