သီပေါမြို့ရဲစခန်း၏နယ်မြေအတွင်း ကျူးကျော်တဲဟု စွပ်စွဲခံရသူများ ဖယ်ရှားမှုမပြုပါက ဖမ်းဆီးအရေး ယူမည်ဟု နယ်စပ်ရေးရာဝန်ကြီးပြော
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ရဲတပ်ဖွဲ့ပိုင်မြေတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ ကျူးကျော်နေထိုင် လာသူအား ပြောင်းရွှေ့ခိုင်းမှုအပေါ် မလိုက်နာပါက ဖမ်းဆီးအရေးယူမည်ဟု နယ်စပ်ရေးရာဝန်ကြီးက သျှမ်းပြည်နယ်လွှတ်တော်တွင်ကျင်းပသော အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၏ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းစမ်းစမ်းအေးက - သီပေါမြို့နယ် ဇာတ်စုရပ်ကွက် နယ်မြေ (၅) မှ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ပိုင်မြေဧရိယာအတွင်း ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၁၄ အိမ်ကို ရဲတပ်ဖွဲ့မှ (မြေယာ စီစဉ်ပေးမှုမရှိဘဲ) ပြောင်းရွှေ့ရန် ညွှန်ကြားထားသည်နှင့် ပတ်သက်ပြီး ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုင်မြေပေါ် ကျူးကျော်လာသည့်အိမ်များမှာ တာဝန်ရှိသူများမှ နေရာချပေးခြင်းဖြင့် နေထိုင် နေခြင်းမဟုတ်ဘဲ မိမိသဘောဖြင့် ကျူးကျော်နေထိုင်ခြင်းဖြစ်၍ ကျူးကျော်နေအိမ်များ ဖယ်ရှားခြင်းတွင်တာဝန် ရှိသူတို့မှ နေရာစီစဉ်ပေးပါက နောက်ထပ်ကျူးကျော်သူများဖြစ်ပေါ်ရာ ရောက်မည်ဖြစ်သဖြင့် ကျူးကျော် အိမ်များအတွက် နေရာ စီစဉ်ပေးရန် အစီစဉ်မရှိ ကြောင်း၊ စီစဉ်ပေးနိုင်မည့် လုပ်ပိုင်ခွင့်လည်း မရှိကြောင်း၊ ကြိုတင်သတ်မှတ်အသိပေးထားသည့် ကာလအတွင်း ဖယ်ရှားခြင်းမရှိပါက သို့မဟုတ် ဆက်လက် ကျူးကျော်နေထိုင်ပါက ဥပဒေ နှင့် အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင် က လွှတ်တော်တွင်း၌ ပြန်လည်ဖြေကြားခဲ့သည်။
“သူတို့ဆီကမျှော်လင့်ထားတာကတော့ သူတို့က အစိုးရဆိုတော့ ပြည်သူတွေရဲ့ ပြသနာကို သူတို့ကူညီ ပေးနိုင်မှာပေါ့ ၊သူတို့ပြန်ပြောလာတာတော့ သူတို့မှာ ကူညီပေးဖို့ တာဝန်မရှိဘူးလို့ပြန်ပြော လာတော့ ဒါဆို ဘယ်သူ့ဆီမှာ တာဝန်ရှိလဲပေါ့ ”ဟု ကြယ်ပွင့်ပြမေးခွန်းမေးသူ ဒေါ်နန်းစမ်းစမ်းအေး ကပြောသည်။
သီပေါမြို့နယ် ဇာတ်စုရပ်ကွက် နယ်မြေ ၅ မှ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ပိုင် မြေဧရိယာအတွင်း ကျရောက်သဖြင့် ကျုးကျော်အဖြစ် သတ်မှတ် ထားသော အိမ်ခြေ ၁၄ အိမ်ကို ၂၀၁၆ ခုနှစ်တွင် ရဲတပ်ဖွဲ့မှ ရပ်ကွက်ရုံးသို့ဆင့်ခေါ်ပြီး ၂၀၁၇ ခုနှစ် မတ်လကုန်တွင် နောက်ဆုံးဖယ်ရှားပေးရန် လက်မှတ်ထိုးခိုင်းခဲ့သည်။
တစ်ချိန်တည်းမှာ ၄င်းတို့ အိမ်ခြံမြေဝင်းအတွင်း ရဲတပ်ဖွဲ့ပိုင်မြေ မကျုးကျော်ရ ဆိုင်းဘုတ် ကိုလည်း စိုက်ထူသွားခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါ်နန်းစမ်းစမ်းအေး ကပြောသည်။
“ကျူးကျော်ဆိုတာ ဥပဒေမမှန်မှန်းနားလည်တယ်၊ ဒီနေရာမှာဆို မေးခွန်းရှိတယ် ဥပဒေက ရှိလာတာ ကြာပြီ ၊သူများလာနေတုန်းက မပြောင်းရွေ့ခိုင်းဘူး အခုနေလာတာ ၃၆ နှစ်ရှိပြီ၊ အခုကျမှ အိမ်လည်းကောင်းပြီ ဆိုတော့မှ ထွက်ခိုင်းတယ် နေရာလည်း မပေးထားဘူး၊နေရာဆိုတဲ့ဟာက တကယ်ပြောင်းပေးရင် ကြိုတင်စီစဉ်ပေးထားတဲ့နေရာကိုဆိုလိုတာ”ဟု ၄င်းကပြောသည်။
အဆိုပါ နေရာတွင် မိသားစု ၁၄ စုမှ ကျူးကျော်နေထိုင်လာသည်မှာ အုပ်ချုပ်ရေးမှူး ၉ ဆက်တိတိ (နှစ်ပေါင်း ၃၆ နှစ်မျှ) ရှိပြီဖြစ်ကြောင်းသိရသည်။
ဆိုပါမြေသည် ယခင်က သီပေါ စော်ဘွားစဝ်ကြာဆိုင် ပိုင်မြေဖြစ်ကြောင်း၊ စော်ဘွားမှ ရဲတပ်ဖွဲ့သင်တန်း ကျောင်းတည်ဆောက်ခဲ့ရာမှ လက်ရှိမှာ ရဲတပ်ဖွဲ့ပိုင်မြေ ဖြစ်လာကြောင်း နှင့် ပြည်သူကို ဗဟိုပြုသော ဒီမိုကရစီ အစိုးရခေတ်တွင် ရွှေ့ပြောင်းရမည်ဆိုပါက ရွှေ့ပြောင်း နေထိုင်ရမည့် ပြည်သူများ အတွက် မြေနေရာ ပြန်လည်ချထားမှု မလွဲမသွေ လုပ်ဆောင်စီစဉ်ပေးရမှာဖြစ်ကြောင်း နန်းစမ်းစမ်းအေး ကပြောသည်။
Tags: General, News


