မဲရုံအချို့အား ပယ်ဖျက်ပေးရန် NLD မှ တောင်းဆိုမှု ရှိနေလင့်ကစား မိုင်းရှူးမဲဆန္ဒနယ်တွင် အနိုင်ရမည်ဟု ကျားခေါင်းပါတီ ကိုယ်စားလှယ်ယုံကြည်



မဲဆန္ဒနယ်အတွင်းမှ မဲရုံအချို့အား ပယ်ဖျက်ပေးရန်  NLD ပါတီမှ တောင်းဆိုမှုများ ရှိနေလင့်ကစား မိုင်းရှူး မဲဆန္ဒနယ်တွင်သျှမ်းတိုင်းရင်းသားပါတီတခုဖြစ်သည့် ကျားခေါင်းပါတီအနေဖြင့်အနိုင်ရမည်ဟု ယုံကြည်ကြောင်း  SNLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း  စိုင်းထွန်းအေးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဓါတ်ပုံ- မိုင်းရှူးမဲဆန္ဒနယ် SNLD ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း စိုင်းထွန်းအေး
'အခက်အခဲတွေရှိပေမဲ့ အနိုင်ရမယ်လို့ယုံကြည်ပါတယ်။ပြည်သူကိုယုံတယ်။ကျနော်တို့ မဲဆွယ်စည်းရုံး ခဲ့တဲ့ အနေထားမှာ အခြားပါတီတွေထက် လူထုက စိတ်ဝင်တစား လာရောက်နားထောင်မှုများတယ်။ ဘာကတိမှ တော့ ကြီးကြီး မားမားပေးထားတာမရှိဘူး။ ပြည်သူကို ဖိနှိပ်တဲ့ဥပဒေမှန်သမျှ ပယ်ဖျက်နိုင် အောင် ၊ ပြည်သူ့ ဘဝ လုံခြုံဖို့အထောက်အကူဖြစ်စေမဲ့ ဥပဒေတွေ ပေါ်ပေါက်လာအောင် လွှတ်တော် ထဲ ရောက် ရင် ကြိုးပမ်း ဆောင်ရွက် သွားမယ်ဆိုတာပဲ ပြောထားတယ်။ ' ဟု စိုင်းထွန်းအေးက သျှမ်းသံတော်ဆင့်သို့ မတ်လ ၂၁ ရက်နေ့က ပြောသည်။


လတ်တစ်လောကာလအတွင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ကွန်ကျောင်း ၊ နောင်အက်၊ မော်မေ့ အစရှိသည့် ကျေးရွာ အုပ်စုများမှ မဲရုံ ၄ ရုံကိုလုံခြုံရေးအကြောင်းပြချက်ဖြင့် ပယ်ဖျက်ပေးရန် NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း များမှပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တောင်းဆို ခဲ့သည်။
အကယ်၍အဆိုပါသျှမ်းရွာများအတွက် မဲရုံများအားပယ်ဖျက်လိုက်ပါက  မဲဆန္ဒရှင် ၅၀၀၀ ခန့်မှာ မဲပေးခွင့်ဆုံးရှုံး မည်ဖြစ်သဖြင့်ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်မှုများလည်း ရှိနေသည်။


' ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သမာသမတ်ကျစွာ ဆုံးဖြတ်မယ်လို့ မျှော်လင့်ထားတယ်။ ပါတီကို မကြည့်ပဲ ဒေသတွင်းကလူတွေ မဲပေးပိုင်ခွင့် အခွင့် အရေးမဆုံးရှုံးဖို့ လိုလားပါတယ်။ ဒီမိုကရေစီ အစိုးရအနေနဲ့လည်းပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်ကို လေးစားဖို့ လိုတယ်။ ' ဟု စိုင်းထွန်းအေးက ပြောသည်။
မိုင်းရှူးမြို့နယ်တွင် မဲရုံ ၄၄ ရုံနှင့် မဲဆန္ဒရှင် ၄၃၂၅၉ ဦးရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး လစ်လပ်မဲဆန္ဒနယ် (၃) နေရာ ရှိနေသည်။လာမည့် ဧပြီ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမိုင်းရှူး မဲဆန္ဒနယ်တွင်  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ခေါ် ကျားခေါင်းပါတီ SNLD ၊ သျှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီခေါ် ကျားဖြူပါတီ SNDP ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ကြံ့ခိုင်ရေးပါတီ နှင့် ၀ လစ်ဘရယ်ဒီမိုကရက်တစ်ဖွံ့ဖြိုးရေး ပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates