စဉ်းစားသင့်ပြီ အစိုးရတပ်မတော် (သို့မဟုတ်) လူထု နဲ့ တိုင်းပြည် လုံခြုံမှု အမှန်တကယ် အကာအကွယ်မပေးနိုင်တော့ဘူးလားတပ်မတော်
နံနက် ၆ နာရီ ခွဲ အချိန်လောက်ရှိမှာပေါ့ ။ တူမလေးတယောက် ငိုယိုပြီးဖုန်းဆက်လာတယ်။ “ ဦးလေး အမေတို့အခက်တွေ့ပြီ။ ဘယ်လိုကူညီရမလဲ ” ဆိုပြီး ငိုသံနဲ့ အတူ ရုတ်တရက်ကြီး မေးလာတော့၊ ကျောင်းသားဘ၀ က စာရေးသူကို ပံ့ပိုးပေးခဲ့တဲ့ အမ ဘာများဖြစ်သွားပြီလဲ ဆိုပြီး သွေးတက် နှလုံးခုန် ရပ်မတတ် ဖြစ်သွားရပါတယ်။
သေခြာမေးကြည့်တော့ - ပလောင် နဲ့ ကချင် လက်နက်ကိုင် စစ်ကြောင်း ရွာထဲ ဝင်လာလို့ အစိုးရ တပ် နဲ့ တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ထွက်ပြေးဖို့ လည်းခက် ဆက်နေဖို့လည်းခက်လို့ ဘယ်လို လုပ်ရမလဲ - ဆိုပြီး ငိုယိုနေတာဖြစ်ပါတယ်။ (မကြာခင် ဟိုတလောတုန်းက ရွာထဲဝင်ပြီး ဆက်ကြေးကောက်တယ်ဆိုတဲ့သတင်းတွေလည်း ကြားခဲ့ဖူးတာကိုး)
ရွာလို့ ပြောလိုက်တာဟာ စာဖတ်သူပရိသတ်တွေ အနေနဲ့ တောတောင်ထဲမှာ ရှိနေတဲ့ အိမ်ခြေ သုံး လေးဆယ် လောက်ရှိတဲ့ ရွာကို မြင်နေမိမယ်ထင်ပါတယ်။ အမှန်တော့ စာရေးသူ ပြောတဲ့ ရွာ ဟာ စော်ဘွားခေတ်ကတည်းက (အထူးစည်ကားတဲ့) မြို့လေးတမြို့အဆင့်ရှိတဲ့ ရွာကြီးတခုပါ။
ဒီရွာဟာ စော်ဘွားခေတ်က မြို့စားကနေအုပ်ချုပ်လာတဲ့ မြို့ ဖြစ်ပါတယ်။ ညောင်ရွှေစော်ဘွားကြီး ရဲ့ မဟာဒေဝီ စဝ်မယ် နန်းဟိန်းခမ်းရဲ့ မိခင်ဖြစ်သူ သိန္နီစော်ဘွားကြီးရဲ့ မဟာဒေဝီကြီး ဇာတိချက် ကြွေရာ မိုင်းယော် ဆိုတဲ့မြို့လေးပါဘဲ။ လားရှိုးမြို့ အရှေ့ဘက် စူးစူး ၃၂ မိုင်လောက် ဝေးပါတယ်။ ဒီမိုအစိုးရ ခေတ်မှာ မိုင်းယော်ရွာသား ၅ ဦးကို အစိုးရ တပ်မတော် စစ်ကြောင်းက သတ်လိုက်လို့ စစ်တပ်လူ သတ် မှု နဲ့ နာမည်ပြန်ကြီးလာတဲ့ ဒေသလို့ ပြောရင်လဲ မှားမယ်မထင်ပါဘူး။
ရွာမကြီး ၄ ရွာနဲ့ ရွာလေး ၂ ရွာ စုစုပေါင်းရွာ ၆ ရွာကပ်လျက်ရှိတဲ့ မိုင်းယော်ရွာမကြီးရဲ့ ပတ်ပတ် လယ်မှာ သျှမ်းရွာ ၁၇ ပတ်လယ်ဝိုင်းပြီး နေထိုင်ပါတယ်။ မိုင်းယော်ကိုပတ်ထားတဲ့ တောင်ပေါ် မှာတော့ ကချင်ရွာ၊ ပလောင်ရွာ၊ တရုတ်(မန်လီပါ) ရွာ လေးတွေရှိပါတယ်။
စာရေးသူအနေ နဲ့ မိုင်းယော်မှာ နေထိုင် လာတဲ့ သက်တမ်းတလျှောက်၊ မိခင် ဖခင် တို့သက်တမ်းတ လျှောက်မှာ ရာချီတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်နေထိုင်ပြီး ချက်ပြုတ်စားသောက် ၊ ဂီတာတီး လွတ်မြောက်ရေးသီချင်းတွေအော်ဆိုကြတယ်ဆိုတာ မကြားစဖူး၊ မမြင်စဖူးပါဘူး။ အခုတော့ မျက်လုံးပြူးမတတ် တအံ့တဩ မြင်ရကြားရပါတယ်။
စာရေးသူ အနေနဲ့ သွားပြီး စဉ်းစားမိတာက - တိုင်းပြည်ကာကွယ်ရေး နေရာမှာ အစိုးရ တပ်မတော်က အမှန်တကယ်တာဝန်မယူတော့ဘူးလား။ တာဝန်မယူနိုင်တော့ဘူးလား။ ဘာများဖြစ် သွားပြီလဲ။ ဒါ့ကြောင့် လားရှိုး - မူစယ် - နမ့်ခမ်းလမ်းတွေ လက်နက်ကိုင်တပ်ဖွဲ့တွေက ပိတ်ဆို့ထိန်းချုပ် အခွန်အတုပ်ကောက်နိုင်တာပေါ့ - စသဖြင့် တွေးမိတွေးရာ စဉ်းစား နေမိပါတယ်။
မိုင်းယော်မှာ စစ်ဝတ်စုံ စစ်အသုံးအဆောင် အပြည့်အစုံနဲ့ မြင်ဖူးနေကျ ဆိုရင် တပ်မတော် စစ်ကြောင်း၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ တွေဖြစ်တဲ့ ကေဒီအေ (ကောင်းခါးကချင်ပြည်သူ့စစ်)၊ ခွန်ဆာ လက်နက်ချ အဖွဲ့ မန်ပန်ဌာနေ သောင်းကျန်းသူဆန့်ကျင်ရေး သကဆဖ အဖွဲ့တို့ဘဲ ဖြစ်ပါတယ်။
အခုဝင်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ကြောင်းလို့ သိရပါတယ်။ မြို့အ၀င်အထွက်ကိုပိတ်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းလို့ မကြုံ စဖူးတဲ့ သူတွေအတွက် အထိတ်အထိတ်အလန့်လန့်ပါဘဲ။
ဒီလက်နက်ကိုင်အဖွဲ့က ဒီဒေသဘက် တခါမှ မရှိခဲ့ဖူးပါဘူး။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဆိုရင် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ ကချင် လွတ်လပ် ရေးတပ်မတော် KIA တို့ ရှိတယ် ဆိုတဲ့သတင်းတော့ ကြားဖူးပါတယ်။
တိုင်းပြည်အပြောင်းအလဲလို့ ပြောလိုက်ရင်- တိုက်ပွဲပိုဖြစ်လာတယ်။ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ ပိုများ လာတယ်။ အင်အားပိုမိုတောင့်တင်းလာတယ်။ စစ်ဘေးရှောင်တွေ တရက်ထက် တရက်ပိုများလာ တယ် - စတာတွေလား။ ဒါတွေဟာ ဒီမိုကရေစီအစိုးရ ရဲ့ တိုင်းပြည်အပြောင်း အလဲလား။ အမှန်ကို အမှန်အတိုင်း လက်ခံ ပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ဘာ့ကြောင့်မဆွေးနွေးနိုင်တာလဲ။ လူထု ရွေးကောက်တင်မြောက် ထားတဲ့ ငြိမ်း ချမ်းရေး နိုဘယ်ဆုရှင် ဒေါ်ဆောင်ဆန်းစုကြည် အစိုးရ အနေနဲ့ ဘာလို့ တိုင်းပြည်ငြိမ်းချမ်းအောင် မလုပ်ပေးနိုင်သေးတာလဲ။
တိုက်ပွဲဖြစ်ပွားလာရင် အစိုးရတပ်မတော် အပါအဝင် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေကလဲ လူထု အကျိုးစီးပွားကို အကာကွယ်မပေးနိုင်ကြပါဘူး။ မုန်းကိုးတိုက်ပွဲ၊ ကိုးကန့်တိုက်ပွဲ၊ ၁၀၅ မိုင် တိုက် ပွဲ အပါအဝင် ဖြစ်ပွားတဲ့ တိုက်ပွဲ တိုင်းဟာ လူထုအသက် အိုးအိမ် သေကြေပျက်စီး စေတာ မျက်မြင် ပါဘဲ။
ဒါ့ကြောင့် တိုက်ပွဲ ဆင်နွဲမှု ရပ်တန်းက ရပ်တန့်ပြီး ဒေသတွင်းအမှန်တကယ် ဖြစ်ပွားနေတဲ့ အခြေအ နေမှန်ကို လက်ခံပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကို အမြန်ဆုံး ပြင်ဆင်ကျင်းပပေးကြပါ။ တွေ့ဆုံဖြေရှင်းမှုမပြုဘဲ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ရင် အကျိုးဆုတ်ယုတ်တာ လူထု နဲ့ တိုင်းပြည် သာဖြစ်ကြောင်းပါခင်ဗျား။
ဆောင်းပါးရှင်
ခွန်ဆန်မူး
Tags: Feature





