ရွေးကောက်ပွဲကော်မရှင်ထံ NLD စာတင်မှုကြောင့် မိုင်းရှူးမဲဆန္ဒရှင် ၄၀၀၀ ကျော် မဲပေးပိုင်ခွင့် ဆုံးရှုံးဖွယ်ရှိ



သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းအုပ်စုသုံးခုအား လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်နယ် မြေဖြစ်သောကြောင့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် လုံခြုံမှုမရှိဟုဆိုကာ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် NLD က ရွေးကောက်ပွဲကော်မရှင်ထံ စာတင်မှုကြောင့် မိုင်းရှူးမြို့နယ် ကျေးရွာအုပ်စု ၃ ခု မှ မဲ ဆန္ဒရှင် ၄၀၀၀ ကျော် မဲပေးပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးဖွယ် ရှိနေသည်။


မိုင်းရှူးမြို့နယ် အုပ်စု ၁၇ ခုအနက် ဝမ့်လွယ်၊ မော်မေ့၊ ကွန်ကျောင်း ကျေးရွာအုပ်စု ၃ ခု  (ကျေးရွာ ၃၇ ရွာ) မှာ သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေ ဖြစ်သောကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိဟုဆိုကာ ရွေးကောက်ပွဲမကျင်းပရန် မိုင်းရှူးမြို့ NLD တာဝန်ရှိ သူတဦး နှင့် လွှတ် တော်ကိုယ်စားလှယ်တဦးတို့ လက်မှတ်ထိုးပြီး ရွေးကောက်ကော်မရှင်ထံ မတ်လ ၂၁ ရက်နေ့က တိုင်တမ်းထားသည်ဟု သိရသည်။


“ ဟုတ်တယ်။ NLD က စာတင်လာတာပေါ့။ အဲတာနဲ့ပတ်သက်ပြီးကျနော်တို့ နက်ဖြန်မိုင်းရှူးမှာ အစည်း အဝေးထိုင်မယ်။ အစည်းအဝေးပြီးမှဘဲဆုံးဖြတ်ချက်ထွက်လာမှာလေ။ ကျနော်တို့ ဘယ်လို လုပ်မလဲဆိုပြီးတိုင်ပင်ဖို့ပေါ့နော်။ ပြည်နယ်ရယ် ခရိုင်ရယ် မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွေ ရယ် လုံခြုံရေးဘက်ကရယ် အရပ်ဘက်ကရယ် အကုန်လုံးခေါ်ထားပါတယ် ” - ဟု လွိုင်လင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသန်းတင်က ပြောသည်။


၎င်းနှင့်ပတ်သက်၍ မိုင်းရှူးမြို့နယ်လစ်လပ်မဲဆန္ဒတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကျားခေါင်းပါတီက ဤကဲ့သို့ရှင်းပြသည်။


“ပြီးခဲ့တဲ့အပတ်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဉက္ကဌ ကိုယ်တိုင် လာရောက်ပြီးတော့မှ နိုင်ရေးပါတီ အကုန်လုံးနဲ့ စုဆုံပြီး ဆုံးဖြတ်ချက်တခု ချခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့ အစည်းတွေ နဲ့နီးတဲ့နေရာတွေမှာ ရှိတဲ့ကျေးရွာတွေကို စစ်တပ်နဲ့ရဲမပါဘဲနဲ့ ရွေးကောက်ပွဲဝန်ထမ်း တွေနဲ့သက် ဆိုင်ရာနိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ဘဲ မဲလက်မှတ် သယ်ဆောင်သွားဖို့ အဲလိုဆုံးဖြတ် ချက်ရှိပါတယ်။ အားလုံးရဲ့သဘောတူညီချက်နဲ့ပါ။ အခုရက်ပိုင်းမှာမှ ….ပြန်လည်ပြီး ကန့်ကွက် တယ်ဆိုတာ ကျနော်တို့အနေနဲ့ အကျုံးမဝင်ဘူးလို့မြင်ပါတယ်။” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရစိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ပြောသည်။


သျှမ်းပြည်တပ်မတော် SSPP/SSA ကလည်း ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ မဲဆန္ဒရှင်များမဲပေးနိုင်ရေး  အတွက် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များအနေဖြင့် လွတ်လွတ် လပ်လပ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း  ထုတ်ပြန်ကြေငြာထားသည်။


“မော်မေ့ဆိုရင်မိုင်းရှူးနဲ့ ၁ မိုင်ဘဲဝေးတယ်။ တခြားနေရာတွေဆိုရင် အဲ့ထက်ဝေးတဲ့နေရာဆိုရင် ဘာ ပြသနာမှမရှိဘူး။ အကြောင်းအရာအသေးစိပ်စီစစ်ရအောင်လို့မနက်ဖြန် ကျနော်တို့ တွေ့ဆုံမှာ။ မိုင်းရှူးမှာ။ ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးအဖွဲ့က ရွေးကောက်ပွဲအရာရှိတဦးက သွားတက်မယ်” - ဟု လည်း ဦးသန်းတင်က ပြောဆိုသည်။


၂၀၁၅ ရွေးကောက်ပွဲက မိုင်းရှူးမြို့နယ် ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွါးမှုကြောင့်ရွေး ကောက်ပွဲကျင်းပပါက လူထုဆန္ဒအစစ်အမှန်မရနိုင်ဟုဆိုကာ ကျားဖြူပါတီမှ ရွေးကောက်ပွဲကော် မရှင်ထံ တိုင်တန်းသည့်အတွက် ဒေသခံများ မဲပေးခွင့် ဆုံးရှုံးခဲ့သည်။ လက်ရှိတွင် မိုင်းရှူး မြို့နယ် အတွင်း စစ်ရေးတင်းမာမှုမရှိသော်လည်း ယခင်အပတ်က မိုင်းရှူးမြို့တွင်း ၁၁ အုပ်စုအား မဲရုံ ပြောင်းရွှေ့ရန်စာတင်တိုင်တန်းမှုများ ရှိခဲ့ဖူးသည်။ သို့သော် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်က တင်ပြတောင်းဆိုမှုကြောင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်မှုကိုပြန် လည်ရုပ်သိမ်းခဲ့သည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates