မိုင်းရှူးကြားဖြတ်ရွေးကောက်ပွဲ လက်နက်ကိုင်တားဆီးနှောင့်ယှက်မှု ရှိပါသလား??



သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD မှ မဲအပြတ်အသတ်ရရှိ သည့်အပေါ် မြေပြန့်ပါတီများက စည်းရုံးရေးကာလက ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များကြောင့် လွတ်လပ်စွာသွားလာစည်းရုံးခွင့်မရသောကြောင့် ၎င်းတို့မဲမရရှိခြင်းဖြစ်ကြောင်းပြောဆိုနေကြ ပါသည်။ ၎င်းတို့စွပ်စွဲ သည့်အတိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေက တားမြစ်ပါသလား ။ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်သတင်းထောက်နန်းဟွမ်က ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။ ။ ဒီကနေ့ မိုင်းရှူး မြို့ က ရွေးကောက်ပွဲ ရလဒ်အခြေအနေ ဘယ်လိုရှိလဲ။


ဖြေ။ ။ အခု ကျနော်တို့ ပါတီအောင်နိုဖို့ က ပြည်သူ့လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်အမှတ် ၂ အောင်နိုင်ဖို့များတယ်။ ပြည်နယ်အမှတ် ၁ ကတော့ တောင်ပေါ် (ပတ္တမြားတောင်) က မဲရုံတွေ အကုန်မလာသေးလို့။ နောက်တနေရာတော့ ပြောလို့မရသေးဘူး။


မေး။ ။ ဦးစိုင်းလိတ်ရှင့် ။ မိုင်းရှူးမှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီး တချို့က စည်းရုံးရေးဆင်းရာမှာလွတ်လပ်မှုမရှိဘူးလို့ ဒေသအတွင်း ရောက်နေတဲ့ လေ့လာတဲ့ NGO အဖွဲ့အစည်း တွေကိုပြောဆိုနေတာတွေရှိပါတယ်။ အဲဒီအပေါ် ဘယ်လိုပြောလိုပါသလဲ။


ဖြေ။ ။အလွယ်ဆုံးပြောရရင်တော့ ကြွက်မနိုင် ကျီမီးရှို့တဲ့သဘောလို့ဘဲပြောလို့ရပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်စည်းရုံးရေးဆင်းတဲ့ကာလကတည်းကဘဲ ဘယ်နယ်ကို ဆင်းရမယ် ဘယ်နယ်ကိုမဆင်းရဘူးဆိုတာ အားလုံး တပြေးတည်းအခွင့်အရေးရပြီးသားပါ။ အဲတော့ SNLD ဆင်းတဲ့နေရာမို့လို့ တခြားပါတီမဆင်းရဘူးဆိုတာလည်းမရှိဘူး။ SNLD ဆင်းလို့ရတဲ့နေရာတိုင်းကို တခြားပါတီကလည်းလွတ်လပ်စွာစည်းရုံးပိုင်ခွင့်ရှိတယ် ဆိုတာကို သက်ဆိုင်ရာ ဒီနယ်မြေထဲမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းကြေငြာထားတယ်။ လက်တွေ့လည်းဘဲအဲ့တိုင်း ကျင့်သုံးနေကြတယ်။ သွားလည်းသွားနေကြတာဘဲပေါ့နော်။ နောက်ဆုံး တခြားပါတီတွေက သူတို့မနိုင်လောက်တဲ့ နေရာဒေသတွေမှာ ရွေးကောက်ပွဲမကျင်းပဖို့အထိ တောင်းဆိုထားတာ တွေရှိတယ်။


မေး။ ။ မဲရုံရွေ့လိုက်တဲ့ အနေအထားကကော။


ဖြေ။ ။ဟုတ်ကဲ့။ ကျနော်တို့က ပြည်သူလူထုရဲ့သဘောထား ဒေသခံတွေရဲ့သဘောထားကို မေးကြည့်တော့ သူတို့ကိုယ်နိုက် ကလည်း မဲထည့်ချင်တယ်ဆိုတော့ အားလုံးမဲထည့်နိုင်အောင် ကျနော်တို့က ယူအီးစီနဲ့ညှိနှိုင်းပါ တယ်။ သက်ဆိုင်ရာပြည်နယ်ရွေးကောက်ပွဲကော်မရှင် နဲ့လည်းညှိနှိုင်းတယ်။ ကျနော်တို့ပြောတဲ့ အတိုင်း ရွေးကောက်ပွဲကိုတော့မပိတ်ပင်ဘူး။ ဒါမယ့်ကန့်သတ်မှုတွေ ရှိတယ်။ မိုင်ပေါင်း ၁၀ ချီဝေးတဲ့အရပ်ကနေပြီးတော့လာပြီးမဲထည့်ရတယ်။ အဲလိုထည့်တဲ့နေရာမှာ ဥပမာ ဝမ့်လွယ်ဆိုရင် ဝမ့်လွယ်အုပ်စု သူ့မဲရုံဟာ တပ်မတော်အခြေချ စခန်းတခုရဲ့ အောက်ခြေမှာ ဘဲရှိပါတယ်။ အလွန် ဆုံးဝေးလှရင်ကိုက် ၅၀၀ ဘဲပေါ့နော်။ အဲဒီကိုမဲလာထည့် တဲ့ပြည်သူလူ ထုဟာ အနည်းဆုံး ၁၈ မိုင်ကနေ မိုင်၂၀ လောက်အထိ အကွာအဝေးကနေလာပြီးမဲထည့်ရတာပါ။


မေး။ ။ အဲဒီမဲရုံတွေကကော် ဘယ်ပါတီကမဲအများဆုံးရနေလဲ။


ဖြေ။ ။ အဲဒီမဲရုံကိုကျနော်တို့ကိုယ်တိုင်သွားပြီးတော့မှစီစစ်ပါတယ်။ အဲဒီမဲရုံမှာ NLD ကနေ အနိုင်ရ ထားပါတယ်။ တခါအဲဒီမဲရုံနဲ့မျက်နှာချင်းဆိုင် လမ်းတလမ်းဘဲခြားပြီးတော့မှ စာသင် ကျောင်း မှာ လုပ်တဲ့မဲရုံ အဲတာလွယ်နိုင်းလို့ခေါ်ပါတယ်။ လွယ်နိုင်းမဲရုံမှာ ကျနော်တို့ SNLD ကနေဦး ဆောင်ပြီး တော့ ကြံ့ခိုင်ရေးပါတီက ဒုတိယလိုက်ပါတယ်။ အဲ့တော့ ရပ်ဝေးကလာတဲ့ လူချင်းအတူတူ စည်းရုံးရေး ဆင်းစဉ်အခါတုန်းကလည်း အားလုံးအတူတူ အခွင့်အရေးအတူတူရ နေရက်နဲ့ ပြည်သူလူထုက သူ့စိတ်အားသန်ရာ သူယုံကြည်ရာပါတီကိုမဲထည့်တယ်ဆိုတာကတော့ ဒါ အင်မတန်ကို ရှင်းလင်း ပါတယ်။


မေး။ ။ မီဒီယာ လွတ်လပ်ခွင့်အခြေအနေကော ဘယ်လိုရှိလဲ။


ဖြေ။ ။ ကြားခံအဖွဲ့အစည်းတွေဖြစ်တဲ့မီဒီယာအဖွဲ့အစည်းတွေ နောက်နိုင်ငံတကာက လွှတ်လာ တဲ့ဒီ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ကိုယ်တိုင်လည်းဘဲ အဲဒီမဲရုံတွေကိုရောက်ပါတယ်။ ဒီတော့ မဲဆွယ်စည်းရုံးစဉ်ကာလက သူတို့ကကန့်ကွက်ပြီးပြီ မဲရုံပိတ်ဖို့။ အခုက သူတို့ကစိတ်ချယုံကြည် ရတဲ့အနေအထား စစ်တပ်နဲ့နီးတဲ့နေရာ အထိကိုမဲရုံကိုဆောက်ပေး ပြီးပြီ။


မေး။ ။ ဒီလိုဆိုရင် မိုင်းရှူးမှာ ဆရာတို့စည်းရုံးရေးမဆင်းရတဲ့ရွာ ရှိပါသလား ။


ဖြေ။ ။ ရှိပါတယ်။ ဟိုင်းပါဘက်ကပါ။ မိုင်းခန်အုပ်စုပေါ့ ကျနော်တို့လည်း မသွားရဘူး ။ ဘယ်ပါတီမှမသွားရဘူး သူတို့ကဝေးလို့။ ဒါမယ့် မဲပေးတဲ့နေ့မှာ မဲပေးချင်လို့ဆိုပြီးမဲလာပေးတာ ၂၀၀ လောက်ရှိတယ်။ မဲကိုခြစ်ချင်သလိုခြစ်တယ်။ တချို့လည်းတုံကင်ပြားတွေကိုမဲပုံးထဲထည့် လိုထည့်။ တချို့ဆိုရင်လည်း မဲပြားကိုမခြစ်ဘဲ မဲမပေးဘဲ ပုံးထဲထည့်ပြီးပြန်သွားတာတွေလည်း ရှိပါတယ်။ မဲလာပေးတဲ့ ဒေသခံလူထု ၂၀၀ လောက်မှာ ကောင်းကောင်းနဲ့မှန်မှန်မဲထည့်နိုင် တဲ့သူက ဆယ်ချီလောက်ဘဲရှိတယ်။ အဲလိုခါကျတော့ သူတို့ရွာကို ဘယ်အဖွဲ့ကဖြင့်သွားရမယ်။ ဘယ်အဖွဲ့ကဖြင့် မသွားပါနဲ့လို့ ဘယ်သူမှလည်း မတားထားဘူး။ ဝေးလို့ ကိုယ့်ကိုယ်ကိုမသွားတာ။ အဲတာကိုကြည့်ခြင်း အားဖြင့်လည်း ရှင်းရှင်းသိနိုင်ပါတယ်လေ။


မေး။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။


ဖြေ။ ။ ကျနော်တို့ ကိုယ် နိုက်ကလည်း ရှုံးသင့်တဲ့နေရာမှာရှုံးပြီးပြီ။ သူတို့ကလည်းဘဲ ရှုံးသင့်တဲ့နေရာမှာရှုံးပြီးပြီ။ ဒီအချိန် ကျမှ ဟို ရွေးကောက်ပွဲစည်းရုံးရေးကာလက သူတို့မှာလွတ်လပ်စွာသွားလာခွင့်မရှိဘူး ဆိုတာ ကတော့ ဒါခုနကပြောသလို ကြွက်မနိုင်လို့ ကျီမီးရှို့တာ အခြေအမြစ်မရှိတဲ့စကားတွေလို့ဘဲ လို့ ကျနော်တို့သုံးသပ်ပါတယ်။


ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။


ဓါတ်ပုံ- ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းကာလက မိုင်းရှူးမြို့နယ်အတွင်း စည်းရုံးရေးဆင်းနေပုံ Photo credit to SNDP and SNLD




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates