မဲရုံပြောင်းရွှေ့မှုကြောင့် အုပ်စု ၃ ခု ဒေသခံများ သွားလာရေးအခက်တွေ့- ကော်မရှင်မှ စီစဉ်ပေးသည့် ထော်လာဂျီမလောက်ငှ ကိုယ့်အစီအစဉ်ဖြင့်မဲလာပေးကြသူများပြား



NLD ပါတီမှ ကန့်ကွက်မှုကြောင့်မဲရုံရွှေ့ပြောင်းခြင်းခံရသည့် မိုင်းရှူးမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ စုမှ မဲဆန္ဒရှင်များအနေဖြင့် ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကော်မရှင်မှထော်လာ ဂျီစီစဉ်ပေးသည်ဟုဆိုသော်လည်း မိမိအစီစဉ်ဖြင့် မိမိ မဲလာထည့်သူများပြား နေကြကြောင်း မိုင်းရှူး ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Photo credit to Hsao Mong Hsu
မော်မေ့ ၊ ၀မ့်လွယ်၊ ကွန်ကျောင်း(နောင်အဲပ်) အစရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံများမှာအနီးဆုံး ၄ မိုင်မှ အဝေးဆုံး ၁၈ မိုင်ကျော်အထိ ကွာဝေးသည့် မဲရုံများအထိ မဲလာထည့်နေကြခြင်းဖြစ်သည်ဟု ဒေသခံများနှင့် လေ့လာစောင့်သူများမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။


' မော်မေ့ကတော့ မြို့နဲ့ ၄ မိုင်လောက်ပဲဝေးတဲ့အတွက် ကိုယ့်အစီစဉ်နဲ့ကိုယ် မြို့ပေါ်က ရပ်ကွက် ၄ မှာ ရှိတဲ့ မဲရုံမှာ လာထည့်ကြတာတွေ့တယ်။ ဆိုင်ကယ်တွေနဲ့ လာတာများတယ်။ ' ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူဖြစ်သည့် သျှမ်းစာပေးယဉ်ကျေးမှု အသင်းမှ စိုင်းစိန်မြင့်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


၎င်းကြည့်ခဲ့သည့် မိုင်းရှူးမြို့ရှိ မဲရုံအတော်များများနှင့် ၀မ်ဆော့ ကျေးရွာတို့တွင် ဒေသခံများ စုရုံးမဲထည့် နေကြသည်ကို တွေ့ရပြီး ဟိုင်းပါကျေးရွာမှာမူ အနည်းငယ်ဝေးလံပြီး နယ်မြေအခြေအနေအရ မဲလာထည့်သူ သိပ်မတွေ့ရကြောင်း ဧပြီလ ၁ ရက်နေ့ မနက်ပိုင်း အခြေအနေကို သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။


မိုင်းရှူးမြို့ခံ ကာတွန်းဆရာဖြစ်သည့် စိုင်းခေးလောဝ်ကမူ မြို့အတွင်းရှိ မဲရုံအများစုတွင် မနက်ပိုင်းတွင် လာထည့်သူများပြီး နေ့လည်ပိုင်းတွင် ကျဲပါးနေသည်ဟု နေ့လည် ၂ နာရီအချိန်က သျှမ်းသံတော်ဆင့် သို့ပြောသည်။


မဲဆန္ဒရှင်စာရင်း စုစုပေါင်း ၂၂၀၀ ကျော်ရှိသည့် ကွန်ကျောင်း(နောင်အဲက်) ကျေးရွာအုပ်စုများမှ ဒေသခံများအနေဖြင့်မူ ၄ မိုင်မှ ၁၈ မိုင်နီးပါးဝေးသည့် မိုင်းအော့(တ်) ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများသို့ မဲသွားထည့်နေကြရသည်ဟု အဆိုပါဒေသသို့ သွားရောက်လေ့လာခဲ့သည့် သျှမ်ပိုင်းဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က သျှမ်းသံတော်ဆင့်သို့ နေ့လည် ၂ နာရီအချိန်တွင်ပြောသည်။


' ထော်လာဂျီတွေ ဆိုင်ကယ်တွေနဲ့လာတာတွေ့တယ်။ အများကြီးပဲ ။ ဆိုင်ကယ်တွေနဲ့လည်း ပါတယ်။ ကော်မရှင်ကစီစဉ်ပေး ပေမယ့် ထော်လာဂျီလည်းနည်း ကူညီထောက်ပံ့မှုကလည်းနည်းပြီး လူအင်အားကများနေလို့   အကုန်လုံးကိုအချိန်မှီ အလျင်မှီအောင် မသယ်နိုင်ဘူးထင်တယ်။  ' ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မိုင်းရှူးမြို့ခံ နန်းစံကလည်း - ရွာသားတွေကိုသယ်လာပေးတဲ့ထော်လာဂျီကိုတော့ ဆီဖိုးပြန်ပေးမယ်ပြောတာဘဲ - ဟုပြောဆိုသည်။


 ဒီဗီဘီ ဒီမိုကရက်တစ် မြန်မာ့အသံနှင့် မိုင်းရှူးရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံမေးမြန်းမှုတွင်မူ ရွှေ့ပြောင်းခံကျေးရွာများမှ မဲဆန္ဒရှင်များအတွက် ကော်မရှင်မှ သွားလာရေးစီစဉ်ပေးမည်ဟု ဖြေဆိုထားသည်ကို မတ်လ ၃၁ ရက်နေ့ ဒီဗီဘီရုပ်သံထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။


‘အခု နေ့လည်အထိတော့ အေးဆေးပဲ လူတွေ အေးအေးဆေးဆေးမဲထည့်တယ်။ ပြန်ကြတယ်။ ပြဿနာ ကြီးကြီးမားမားဖြစ်တာ မတွေ့ရဘူး။ ’ ဟု ကြံ့ခိုင်ရေးပါတီမှ ဦးမြတ်ကျော်က ပြောသည်။


အန်အယ်လ်ဒီပါတီ၏ မိုင်းရှူးအလုပ်အမှုဆောင်အဖြစ်မှ နှုတ်ထွက်ကာ ကျားခေါင်းပါတီသို့ ကူးပြောင်းခဲ့သူ စိုင်းထွန်းထွန်းဦးကမူ နေ့လည်ပိုင်းတွင် မဲလာပေးသူ နည်းပါးနေပြီး ပြဿနာ ကြီးကြီးမားမား မရှိကြောင်း သျှမ်းသံတော်ဆင့်သို့ နေ့လည် ၂ နာရီအချိန်တွင် ပြောဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates