မြောက်ပိုင်း တိုင်းရင်းသား တပ်ဖွဲ့များအနေဖြင့် အစိုးရနှင့် တစ်ဖွဲ့ချင်း မဆွေးနွေးတော့ဟု ၀ အစည်းအဝေးထုတ်ပြန်



မန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရ ဖွဲ့ တက်ရောက်နေသည့် ပန်ခမ်း ထိပ်သီးအစည်းအဝေးမှာ ဧပြီလ ၁၉ ရက်နေ့က ပြီးဆုံးသွားပြီဖြစ်ပြီး အစည်းအဝေး တက်ရောက် သူများအနေဖြင့် အစိုးရနှင့် တစ်ဖွဲ့ချင်းစီ ဆွေးနွေးမှုများ ပြုလုပ်တော့မည်မဟုတ်ပဲ ပန်ဆန်း အစည်းအဝေးမှ ဖွဲ့စည်းလိုက်သည့် ကော်မတီဖြင့်သာ ဆွေးနွေးတော့မည်ဟု ကြေငြာချက်ထုတ်ပြန် လိုက်သည်။

Photo Credit to AA
"ဆွေးနွေးရင် ခွဲပြီးဆွေးနွေးတာမျိုးတွေ လုပ်တော့မှာမဟုတ်ဘူး။  ပန်ခမ်းအစည်းအဝေးက ဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့သာ ဆွေးနွေးတော့မှာဖြစ်ပါတယ်။ " ဟု အစည်းအဝေးတက်ရောက် ခဲ့သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။


ဝ ဌာနချုပ်ပန်ဆန်းတွင် ၆ ရက်ကြာကျင်းပခဲ့သည့် အစည်းအဝေးတွင် အဖွဲ့ ၇ ဖွဲ့မှ ကိုယ်စား လှယ် များပါဝင်သည့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီအား ဖွဲ့စည်းခဲ့ပြီး ပန်ခမ်းအစည်းအဝေး တက်ရောက်သူများ၏ မူဝါဒအားလက်ခံသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား အမြဲတံခါး ဖွင့်ထားကြောင်းလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။


အစည်းအဝေးတွင် တင်သွင်းခဲ့သည့် စာတမ်းအားလည်း ကျေလည်စွာ ညှိနှိုင်းဆွေးနွေးအတည်ပြုခဲ့ပြီး ယင်းစာတမ်း အစိုးရထံ ပေးပို့သွားမည်ဟုလည်း ဖော်ပြထားသည်။ အိမ်ရှင် ၀ ပြည်သွေးစည်းညီညွတ် ရေး ပါတီ ၊ မိုင်းလား NDAA ၊ KIO ကချင် ၊ SSPP/SSA သျှမ်းပြည်တပ်မတော် ၊ တအာင်းပလောင် TNLA/PSLF ၊ အေအေ ရက္ခိုင်တပ်ဖွဲ့ နှင့် ကိုးကန့် MNDAA စသည့် အဖွဲ့ ၇ ဖွဲ့ တက်ရောက်ခဲ့သည့် ပန်ခမ်းအစည်းအဝေး ဖွင့်ပွဲနေ့တွင် တက်ရောက်လာသည့်အဖွဲ့အစည်းများအကြား ညီညွတ်မှုရှိကြရန် ၀ ခေါင်းဆောင် ပေါက်ယူချန်းက တိုက်တွန်းခဲ့သည်။


သမိုင်းတွင် အမျိုးမျိုးသော နိုင်ငံရေးမဟာမိတ်အဖွဲ့အစည်းများအား တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များမှ ဖွဲ့စည်းခဲ့သော်လည်း တူညီသည့် နိုင်ငံရေးလမ်းညွှန်မှု မရှိခဲ့သောကြောင့် မဟာမိတ် အဖွဲ့အစည်းများသည် အလိုအလျောက် ပျောက်ကွယ်ခဲ့ရသည်ဟု ၀ ခေါင်းဆောင် ပေါက်ယူချန်းက ပြောဆိုခဲ့သည်။


အစည်းအဝေးတွင် အတည်ပြုခဲ့သည့် စာတမ်းပါ အချက်များကို အခြေခံ၍ အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ၀ တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း ဆိုသည်။


ပန်ခမ်းကြေငြာချက်ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည့်အတွက် အစိုးရမှ တအာင်းပလောင် ၊ အေအေ ရက္ခိုင်တပ်မတော် ၊ ကိုးကန့် တို့အား သုံးဖွဲ့ပေါင်း သီးသန့် ဆွေးနွေးရန် အစီအစဉ်မှာ မရေမရာဖြစ်သွားခဲ့ပြီဖြစ်သည်ဟု မြောက်ပိုင်းအရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates