ဝမ့်ဟိုင်းဌာနချုပ်တွင်ရွေးကောက်ပွဲကျင်းပသော်လည်း ဗမာ့တပ်မတော်သားများကဲ့သို့ SSPP/SSA တပ်မတော်သားများ မဲထည့်ခွင့်မရ
သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းမြို့သစ်၌ မဲရုံသုံးခုထောင်ကာ ကြားဖြတ်ရွေး ကောက် ပွဲအား လွတ်လွတ်လပ်လပ်ကျင်းပခွင့်ပြုသော်လည်း ဗမာ့တပ်မတော်သားများ ကဲ့သို့ သျှမ်းပြည်တပ်မတော်သားများ မဲထည့်ပိုင်ခွင့်မရှိဟု ဆိုသည်။
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းမြို့သစ် အထက ကျောင်းတွင် မဲရုံ ၁ ရုံ ၊ ပါခီးလမ်းခွဲ တွင် မဲရုံ ၁ ရုံ ထားရှိကာ ဒေသခံများ လာရောက်မဲထည့်ကြကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မတော်သားများ အရပ်ဝတ်ဖြင့်လည်း မဲရုံနားပင် ကပ်ခွင့်မရှိကြောင်း၊ မဲထည့်ခွင့်လဲ မရှိကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ် အရာရှိတဦးကပြောသည်။
“ကျနော်တို့ တိုင်းပြည်က တပ်မတော်က အခွင့်ထူးခံအဖွဲ့အစည်းဖြစ်နေတယ်။ ဒါကျနော်တို့ တိုင်းပြည် ရဲ့ လူတိုင်းအတွက် တရားမျှတမှုမရှိဘူး ။ တန်းတူအခွင့်အရေးမရှိဘူး ဆိုတာကို ပြသနေတယ်။ ကျနော်တို့လဲ နိုင်ငံသားဘဲ လူထုဘဲ သူများမဲ ထည့်နေတယ်။ ကျနော်တို့က မဲထည့်မရဘူး ဆိုတော့ စိတ်ဘယ်ကောင်းမလဲ” - ဟု ဌာနချုပ်အရာရှိတဦး ပြောသည်။
ဘီအဲန်အိုင်၏ ၂၀၁၆ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖေါ်ခြင်း လမ်းညွှန်အကိုးအကား တွင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အင်အား သည် ၈၀၀၀ ကျော် ရှိသည်ဟု ဖေါ်ပြထားသည်။ သျှမ်းပြည်တပ်မတော်ထံကိုမူ သီးခြား အတည်ပြုချက်မရပေ။
ကျေးသီးမြို့နယ် ဝမ့်ဟိုင်းမြို့သစ် အပါအဝင် ကျေးသီး - မိုင်းနောင် - မိုင်းရှူး - မိုင်းစံ စသည့် မြို့ / မြို့နယ်များသည် ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲ ကျင်းပခွင့်မရခဲ့ပေ။ ကျင်းပသည့် ရွေးကောက်ပွဲ တိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA မှ လုံးဝ ဝင်ရောက်စွပ်ဖက်မှာမဟုတ်ဘဲ လွတ်လွတ်လပ်လပ် ကျင်းပခွင့်၊ စည်းရုံးပိုင်ခွင့်ရှိသည်ဟု အစဉ်အမြဲထုတ်ပြန်သည်။
Tags: News, politic


