ငြိမ်းချမ်းရေးမရမချင်း အခြေခံ ဥပဒေ မပြင်ဆိုသည့် အစိုးရ၏ မူဝါဒမှာ မဖြစ်သင့်ဟု ၈၈ ခေါင်းဆောင် ဦးကိုကိုကြီးဝေဖန်
ငိမ်းချမ်းရေးမရမချင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေမပြင်ဆိုသည့် မူဝါဒမှာ မဖြစ်သင့်ပဲ ကိုယ့်ခြေထောက်ကိုယ် ကြိုးနှင့် ချည်ထားသလိုဖြစ်နေဟု ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သည့် ဦးကိုကိုကြီးက ဝေဖန်ပြောကြားလိုက်သည်။
ရန်ကုန်မြို့ Park Royal Hotel တွင် မေလ ၁၄ ရက်နေ့က ပြုလုပ်သည့် မြန်မာ့နိုင်ငံရေးဆွေးနွေးမှုတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
"အစိုးရသစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာလုပ်နိုင်တဲ့ နည်းလမ်းပေါင်းစုံရှိနေပေမယ့် ဘယ်ဟာ ဦးစားပေး ၊ ဘယ်အပိုဒ်ကို စပြင်ရမလဲ ဘယ်အချိန်မှာ ဘယ်ဟာကို စတင်ရမလဲ အဲဒါအရေးကြီးတယ်လို့ ကျနော်ထင်တယ်" - ဟု ဦးကိုကိုကြီးက ပြောသည်။
NLD အစိုးရ၏ မူဝါဒများတွင် အပစ်ခတ်ရပ်စဲမှုပြုလုပ်ပြီး ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံပြင်မည်ဟု ပါရှိနေပြီး ယင်းအချက်အပေါ် နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများက သဘောမတွေ့ကြပေ။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း ပြင်ဆင်ရန် လွယ်ကူသည့်အချက်များကို အရင်ပြင်ရန်နှင့် လက်တွေ့ကျသည့် ပုဒ်မများကို အရင်ဆုံးပြင်ဆင်ရန် လိုကြောင်း အဆိုပါဆွေးနွေးမှုတွင် ပြောဆိုသည်။
NLD မှ ဦးဆောင်သည့် ၂၁ ပင်လုံတွင် ပြည်ထောင်စု အခြေခံမူများကို ဆွေးနွေးနေသော်လည်း မည်သည့်အချိန်တွင် ဖွဲ့စည်းပုံပြင်မည်ကို အသေးစိပ်ဆောင်ရွက်ခြင်းမရှိသလို NLD အများစုဖြစ်သည့် လွှတ်တော်တွင်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွေးနွေးမှုများမှ အသံပင်မကြားရသဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကတိပြုရွေးကောက်ပွဲဝင်ခဲ့သည့် NLD ပါတီအပေါ်တွင် တိုင်းရင်းသားများက မေးခွန်းထုတ်နေသည်။
Tags: News, politic