ဖယ်ဒရယ် တပ်မတော်မူဝါဒထွက်ရှိရေး လုံခြုံရေး ကဏ္ဍတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အကြိတ်အနယ်ဆွေးနွေး



ဖယ်ဒရယ် တပ်မတော်မူဝါဒထွက်ရှိရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ လုံခြုံရေး ကဏ္ဍတွင် အကြိတ်အနယ်ဆွေးနွေးလျှက်ရှိကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။


ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယနေ့က တပ်မတော်ဘက်မှ တင်ပြဆွေးနွေးလာသည့် တပ်မတော်တ ခုထားရှိရေး ၊ တိုင်းရင်းသားလက်နက်ကိုင် ဘက်က တင်ပြဆွေးနွေးလာသည့် ဖက်ဒရယ်တပ်မတော် ထားရှိရေးမူဝါဒ နှင့် ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တပ်မတော်သားကိုယ်စားလှယ်တဦး
RCSS/SSA ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ ဒု ဗိုလ်မှူးကြီး စိုင်းငင်း
“မနေ့က အဲ့ဒီကိစ္စဘဲ အကြိတ်နယ် ဆွေးနွေးကြတယ်၊ ပြင်းပြင်းထန်ထန် ဆွေးနွေးကြတယ်၊ ဒါပေမယ့် မပြတ်ဘူး အဲ့ကိစ္စက ဒီနေ့ ဆက်ဆွေးနွေးမယ်၊တပ်မတော်ဘက်က တပ်မတော်တစ်ခု ထားရှိရေးမူဝါဒ တင်ပြတယ်၊ EAO ဘက်က ဖက်ဒရယ်တပ်မတော်တစ်ခု ထားရှိရေးမူဝါဒ အဲ့ဖက်ဒရယ်ဆိုတဲ့နေရာမှာ နည်းနည်းညှိလို့မရသေးဘူး၊ ဒီနေ့ညှိမယ့် အနေအထားမှာရှိတယ် ၊အဲ့တစ်ချက်ဘဲ မနေ့က ဆွေးနွေးကြတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။


ယနေ့ မေလ ၂၆ ရက် ညီလာခံ တတိယနေ့တွင် ဆွေးနွေးမှု မပြတ်သေးသော တပ်မတော် တစ်ခုထားရှိ ရေးကဏ္ဍမှာ ဆက်လက်ဆွေးနွေးညှိနှိုင်း မည် ဖြစ်သည်။


“ အခုဖြစ်စေချင်တာက တပ်မတော်တစ်ခုဆိုတဲ့ နေရာမှာ အဲ့ဒီတပ်မတော်ဟာ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်ဆိုတဲ့ အနေအထားနဲ့ ညှိနေကြတာဖြစ်ပါတယ်၊တပ်မတော် ဘက်ကတော့ ရိုးရိုးတပ်မတော်ဘဲ ပြောမယ်၊ တပ်မတော်တစ်ခုလို့ဘဲ ပြောမယ်၊ ဒါပေမယ့် EAO ဘက်က ဖက်ဒရယ်တပ်မတော် ဖက်ဒရယ်ဆိုတဲ့ စကားထည့်ဖို့ ညှိနေကြတယ်၊ ဒီနေ့ဆက်ညှိရအုံးမယ် တပ်မတော်တစ်ခုထားရှိရေးကဏ္ဍမှာ ဆက်လက်ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်” ဟု RCSS/SSA ၏ပြောခွင့်ရ ဒု ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။


ကမ္ဘာ့နိုင်ငံမှာ မည်သည့်နိုင်ငံတွင်မဆို one country one army ရှိကြောင်း လုံခြုံရေး ကဏ္ဍတွင် ပါဝင်ဆွေးနွေးသည့် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦး ကပြောသည်။


“ဘယ်နိုင်ငံ ကမ္ဘာမှာကြည့်လေ ဘယ်တိုင်းပြည်မဆို ဘဲရှိတယ်၊ တပ်မတော်တစ်ခုတည်းဘဲ တိုင်းပြည်ထဲမှာ ထားတာဘဲ အဲ့ဒါ ကမ္ဘာနဲ့ ကျော်လွန်ပြီးတော့မှ တစ်ခုတည်းသော တပ်မတော်ထားရှိရေးနဲ့ ပတ်သက်ပြီးတော့မှ တစ်ချို့အဖွဲ့တွေကပေါ့ ဒါကို လက်မခံဘူးဆိုတာ စဉ်းစားစရာပေါ့ သူတို့ ဘာရည်ရွယ်ချက်ရှိလဲ ဒါကို တွေးတောစရာအနေနဲ့ ရှိတာပေါ့ လက်ရှိတပ်မတော်တစ်ခုတည်းထားရှိဖို့ဆိုတာ လွယ်ပါ့မလား ဒါကတော့ ထားကိုထားမှာဘဲ ဘယ်နိုင်ငံကြည့်ကြည့် တပ်မတော်တစ်ခုတည်းဘဲ ရှိတာဘဲ ဘယ်နိုင်ငံ တပ်မတော် နှစ်ခုရှိတာလဲ ဒါကတော့ ကမ္ဘာမှာ ရှိတဲ့ နိုင်ငံတိုင်းမှာ ဒီတိုင်းဘဲ သွားနေတယ် ။ ကမ္ဘာမှာကြည့်လေ US Army၊India Army နဲ့ ဗြိတိသျှ အာမီလို့ဘဲ သုံးတယ် ဘယ်က ဖက်ဒရယ်တပ်မတော်လို့ သုံးပါသလဲ ” - ၄င်းကဆက်ပြောသည်။


ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံမှာ မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ နှင့် မြေယာ နှင့် သဘာဝ သယံဇာတ ကဏ္ဍ တို့ ဆွေးနွေးသွားမည်ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates