တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက် ညီလာခံကျင်းပရေးအတွက် TYN လူငယ်များအစည်းအဝေးကျင်းပ



၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက်ညီလာခံကျင်းပရန်အတွက် Tai Youth Network  မှ ၆ လပတ်အစည်းအဝေးနှင့်အတူ ပြင်ဆင်ရေးအစည်းအဝေးကို သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့ စကိုင်းနျူးဟိုတယ် တွင်ကျင်းပခဲ့သည်။


Tai Youth Network မှ ပြောရေးဆိုခွင့်ရှိသူစိုင်းနော်ဆိုင်က - “ တဖက်ကလည်း  TYN ထဲက အလုပ်အမှုဆောင်အသစ် အဟောင်းပြန်လည်တွေ့ဆုံပြီး လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်တာလေ။ နောက်တဖက်ကလည်း လာမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် များကွန်ယက် ညီလာခံ တတိယအကြိမ် ကျင်းပဖို့အတွက် ဆွေးနွေးကြတယ်။ ပြင်ဆင်ရေးတွေ လုပ်ထားကြတယ်။ အဲဒီအတွက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရခြင်းဖြစ်ပါတယ်။” ဟု ပြောသည်။


လားရှိုးမြို့တွင် ဂျွန်လ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပသော  TYN ၏ ၄ ကြိမ်မြောက် ၆ လပတ် အစည်းအဝေးတွင်လူငယ်ခေါင်းဆောင်များ အလုပ်အမှုဆောင် အသစ် အဟောင်းများ စုစုပေါင်း ၄၀ ဦးထက်မနည်း တက်ရောက်ခဲ့ကြသည်။


အဆိုပါအစည်းအဝေးမှ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက် တတိယအကြိမ် ညီလာခံအား လာမည့်ဒီဇင်ဘာလ ၂၇ မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့သည် ဟုသိရသည်။


“အဲဒီညီလာခံအတွက်တော့ အစည်းအဝေးတွေဆက်လက်လုပ်ဆောင်သွားပါမယ်။ ဘယ်နေရာ လုပ်မယ်ဆိုတာလည်း မဆုံးဖြတ်ရသေးဘူးလေ။ ၂၀၁၈-၂၀၁၉ မှာ ကျနော်တို့ ခေါင်းဆောင်မှု အပိုင်းအလဲအလှယ်ထပ်လုပ်ရတော့မယ်ဆိုတော့ လာပြီးတာဝန်ယူမယ့် လူသစ်တွေအတွက်လည်း ပြင်ဆင်ထားပေးရမယ်လေ” ဟု စိုင်းနော်ဆိုင်က ဆက်လက်ပြောပြသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက်ညီလာခံ ပထမအကြိမ်ကို ၂၀၁၄ ခုနှစ်ဒီဇင်ဘာလ၊ ဒုတိယအကြိမ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတို့တွင် မန္တလေးမြို့၌ကျင်းပခဲ့ကြပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates