မိုင်းရှူးမြို့အနီးနှင့် ဝမ့်ဟိုင်းဌာနချုပ်အနီးရှိ SSPP/SSA တပ်စခန်းအား အစိုးရတပ် အပြင်းအထန်တိုက်ခိုက်



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်  မိုင်းရှူးမြို့အနီးနှင့် ဝမ့်ဟိုင်းဌာနချုပ် အနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းများအား အစိုးရတပ် မတော်မှ ယနေ့ မွန်းလွဲပိုင်းမှစပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေ သည်ဟု သိရသည် ။

စစ်ဘေးတိမ်းရှောင်ရင်း ဟိုင်းပါဘုန်းကြီးကျောင်းသို့ရောက်ရှိလာသည့်ဒေသခံများ

ဝမ့်ဟိုင်းဌာနချုပ်အနီး ကောင်းမုံမိန်းနှင့် ဝမ့်လွေ အနီးရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ်က ယနေ့မွန်းလွဲ ၁ နာရီခန့်မှစ၍ မိုးချုပ်ချိန်အထိ တိုက်ခိုက်သည်ဟု ဌာနချုပ်အရာရှိ ဒု ဗိုလ်မှူးကြီးတဦးက ပြောသည် ။


ထို့အတူ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မိုင်းရှူးမြို့ အရှေ့တောင်ဘက် တမိုင်ခန့်အကွာ (ပတ္တမြားတောင်အသွားလမ်းရှိ ) ပန်စွဲ တပ်စခန်းအား မိုင်းရှူးအခြေစိုက် ခလရ ၁၄၉ က ထိုးစစ်ဆင်တိုက် ခိုက်ခြင်းဖြစ် သည်ဟု သိရသည် ။


“ သေနတ်သံ စထွက်တာ မွန်းလွဲ ၁ နာရီ လောက်တုန်းက ။  မိုးချုပ်ခါနီးအထိ လက်နက်ကြီးသံ မကြာမကြာ ကြားနေရတယ် ။ လက်နက်ငယ်အသံလဲ ကြား ရတယ် ၊ ဒီနေ့ မီးလဲ မလာဘူးဆိုတော့ တမြို့လုံးတော့ ငြိမ်နေတယ် ” - ဟု မိုင်းရှူးရပ်မိရပ်ဖ တဦးဖြစ်သည့် ဦးစိုင်းလူး ကပြောသည် ။


ယနေ့သည် သီကျွတ်ပွဲတော်၏ အဖိတ်နေ့ဖြစ်၏ ။ တနှစ်ပတ်လုံး၏ ပုံမှန် ဈေးနေ့ထက် အထူးစည်ကားသည့် ဈေးနေ့ဖြစ်၏ ။ သို့သော် ဖြစ်ပွါးသည့် တိုက်ပွဲကြောင့် မိုင်းရှူးဈေး ပျက်သွားသည်ဟု ဒေသခံ က ဤကဲ့သို့ ပြောသည် ။


“ ဝါကျွတ်အတွက် ဈေးနေ့လေ ။ နှစ်တိုင်းဆို အရမ်းစည်တယ် ။ ဒီနေ့ သေနတ် သံထွက်တော့ ဈေးလာ ဝယ်တဲ့သူကော ၊ ဈေးရောင်းတဲ့သူကော ကစဉ့် ကလျား ပြေးကြတာပေါ့ ။ ကြောက်ကြောက် လန့်လန့်နဲ့ ဈေးဆိုင်ခန်းတွေ အကုန်လဲ ပိတ်လိုက်တယ် ” - ဟု ဈေးသည် နန်းညွှန့်က ပြောသည် ။


၂၀၁၂ က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့အထိ အစိုးရတပ်မတော်မှ ထိုးဆင်တိုက်ခိုက်ရာမှာ တိုက်ပွဲပေါင်း ၅၀ ထက် မနည်း ၊ စစ်ဘေး ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော် နေရပ်မှ စွန့်ခွါရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates