အစိုးရ တပ်မတော် ထိုးစစ်ဆင်မှုကြောင့် ကလေး ၁၂၀၀ ကျော် ကျောင်းမတက်ရ
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် အတွင်းအစိုးရတပ်မတော် မှ သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မူလတန်းနှင့် အလယ်တန်းကျောင်းသူ ကျောင်းသား ၁၂၀၀ ကျော် ကျောင်းမတက်ရဘဲ စစ်ဘေးရှောင်နေရသည် ဟု ဒေသခံ ပညာရေးဝန်ထမ်းတဦး က ပြောသည် ။
လွယ်လင်ခရိုင် ကျေးသီး ၊ မိုင်းရှူး ၊ မိုင်းနောင် ၊ မိုင်းစံ ဒေသအတွင်းရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ကျေးသီး ၊ မိုင်းနောင် ၊ မိုင်းစံ ၊ မိုင်းရှူးမြို့နယ်အတွင်း အစိုးရစာသင်ကျောင်း ၁၄ ကျောင်း မဖွင့်နိုင်သည့် အတွက် ကျောင်းသူကျောင်းသား ၁၂၄၆ ဦး ပညာသင် ယူခွင့်မဲ့နေသည် ဟု ဆရာမ တဦးက ဤကဲ့သို့ပြောသည် ။
“ မိုင်းရှူးမြို့နယ်မှာ မူလတန်း ၊ အလယ်တန်းအဆင့်က ၁၀ ကျောင်း ၊ ကျေးသီးမှာက ၂ ကျောင်း ၊ မိုင်းနောင်မှာက ၂ ကျောင်း ကျောင်းပိတ်ထားရတယ် ။ လာတက်မယ့်လူလည်း စစ်ဘေးရှောင်ကုန်ပြီလေ ။ လက်နက်ကြီးဒဏ် ကြောက်ကြလို့ ” - ဟု ဆရာမ နန်းလျဲန်း ကပြောသည် ။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် ဗဟိုရုံးအရာရှိ က “ အခု လက်နက်ကြီး ရမ်းပစ်တဲ့တပ်က လွယ်ကျူမောက်ခေါဝ် နဲ့ လွယ်နမ့်မွန်းမှာ လာထိုင်တဲ့ အစိုးရတပ်လေ ။ အခုလိုမျိုးလားရာမဲ့ ရမ်းပစ်နေလို့ရှိရင် ကျနော်တို့ အဲဒီတပ်ကို မရမက တက်တိုက် မယ် လို့ တပ်မတော်နဲ့ အစိုးရကို အကြောင်းကြားထားပြီးပြီ ” - ဟု ပြောသည် ။
သျှမ်းပြည်တပ်မတော်အား အောက်တိုဘာ ၆ ရက်နေ့ မှ ယနေ့အထိ မြန်မာ့တပ်မတော် မှ ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်သည် ။ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ ၆၀၀၀ ကျော် (ရွာပေါင်း ၅၀ ကျော်) နေရပ် မှ စွန့်ခွါကာ စစ်ဘေးရှောင်နေရသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည် ။
Tags: Human Right, News