ကိုးကန့်ဒေသမှာကြုံရဆုံရ ကိုယ်စားလှယ်လောင်းရဲ့ဘဝ (သျှမ်းပြည် ကိုးကန့်ဒီမိုကရေစီပါတီက လောက်ကိုင်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မောင်မြင့်ခိုင်နှင့်တွေ့ဆုံမေးမြန်း)
၂၀၁၅ နှစ်ဦးပိုင်းက အစိုးရတပ်နဲ့ကိုးကန့်တပ်ဖွဲ့တို့ကြား ၄ လ ကြာတိုက်ပွဲဖြစ် ပွါးခဲ့တဲ့ သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာလည်း ရွေးကောက်ပွဲ ပြုလုပ် ကျင်းပမှာ ဖြစ်ပါတယ် ။ သျှမ်းပြည် ကိုးကန့်ဒီမိုကရေစီပါတီက လောက်ကိုင် ခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မောင်မြင့်ခိုင်ကို သျှမ်းသံတော်ဆင့်သတင်း ဌာန က နန်းမွေခေါဝ်က ဆက်သွယ်မေးမြန်းထားပါတယ် ။
မေး ။ ။ နိုဝင်ဘာလ ၆ ရက်နေ့က မဲဆွယ်စည်းရုံးတဲ့ နောက်ဆုံးနေ့ဆိုတော့ အခုစည်းရုံးရေး အခြေအနေ ဘယ် လိုရှိပါသလဲ ။
ဖြေ ။ ။ ကိုးကန့်ဒေသမှာတော့ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က လောက်ကိုင်မြို့ပေါ်မှာ မဲဆွယ်စည်းရုံးရေးဆင်း တယ် ။ တရက်ဘဲ ဆင်းဖြစ်တယ် ။ ကွန်လုံ ဘက်ခြမ်းတော့ ၄ ရက်လောက် သွားဖြစ်သေးတယ် ။ သွားကူတာ ပေါ့နော် ။ ၆ ရက်နေ့ နောက်ဆုံးဆိုပေမဲ့ ကျနော်ကတော့ နောက်ထပ်ဆင်းဖို့ အစီအစဉ် မရှိတော့ပါဘူး ။
မေး ။ ။ လူထုဘက်က ဘယ်လိုတုံ့ပြန်လဲ ။
ဖြေ ။ ။ လူထုဘက်ကတော့ အမျိုးမျိုးရှိတယ် ။ အတည်တကျတော့ ပြောလို့မရ ဘူး ။ ဒီမှာ ကျတော့ ခန့်မှန်းလို့ မရသေးဘူး ။
မေး ။ ။ ကိုးကန့်ပါတီအတွက် စိန်ခေါ်မှုက ဘာလဲ ။
ဖြေ ။ ။ စာမတတ်တဲ့အပိုင်းတွေ တော်တော်များများ ရှိကြတယ် ။ ရွေးကောက် ပွဲ ဆိုတာ ဘာလဲဆိုတာ သူတို့ နားမလည်ကြဘူး ။ ရွေးကောက်ပွဲ နဲ့ပတ်သက် တဲ့ အသိပညာတွေ အရင်ဆုံး ပြောပြရတယ် ။ ဘာမှနားမလည် ဘူး။ တော်တော်အခက်အခဲရှိတယ် ။ တိုင်းရင်းသားလည်းဖြစ် ၊ ဗမာစကားလည်းမတတ် ၊ ဗမာစာလည်း မတတ် တော့ တော်တော့ကို ခက်တယ် ။ တော်တော်လေး ကြိုးစားရတယ် ။
မေး။ ။ ရွေးကောက်ပွဲမှာ အောင်နိုင်မယ်လို့ ဘယ်လောက်ထိ ယုံကြည်ထား လဲ ။
ဖြေ ။ ။ ခန့်မှန်းလို့ မရဘူး ။ စည်းရုံးရေးလည်း ကောင်းကောင်းမဆင်းဖြစ် ဘူး ဆိုတော့ ။ ၈ ရက်နေ့မှ သိရမယ် ။ အခုလောလောဆယ် ဘယ်လိုမှ ခန့်မှန်းလို့ မရဖြစ်နေတယ် ။ ဒီဒေသက တခြားနေရာနဲ့ မတူဘူး ။ ကိုးကန့် ဒေသက စစ်ဖြစ်ပွားခဲ့တဲ့ဒေသဆိုတော့ ရွာထဲကို မဆင်းဖြစ်ဘူးလေ ။ အခက်အခဲ ရှိတယ် ။
မေး ။ ။ သျှမ်းပြည်ကိုးကန့်ဒီမိုကရေစီပါတီက ဘယ်နှနေရာ ၀င်ပြိုင်မှာလဲ ။
ဖြေ ။ ။ ကိုးကန့်ဒေသမှာ ရ ယောက် ၀င်ပြိုင်မယ် ။ အမျိုးသားလွှတ်တော် ၁ နေရာ ၊ ပြည်သူ့လွှတ်တော် ၂ နေရာနဲ့ ပြည်နယ်လွှတ်တော် ၄ နေရာ ပါ ။ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်ပေါ့ ။ ကွန်လုံမြို့နယ်မှာတော့ ၃ ယောက် ၀င်ပြိုင်မယ် ။ နောက် ကွတ်ခိုင်မြို့နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းတစ်ယောက် ၀င်ပြိုင်မယ် ။
မေး ။ ။ ကိုးကန့်ဒေသမှာ ဘယ်ပါတီနဲ့ ယှဉ်ပြိုင်ရမှာလဲ ။
ဖြေ ။ ။ ကိုးကန့်ဒေသမှာ ၂ ပါတီဘဲ ရှိပါတယ် ။ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ကျနော်တို့ ကိုးကန့်ပါတီ ပါ ။
မေး ။ ။ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ရင် ပြည်သူတွေကို ဘာလုပ်ပေးမလဲ ။
ဖြေ ။ ။ ပါတီရဲ့မူဝါဒက ဒေသဖွံ့ဖြိုးတိုးတက်အောင် ၊ ပြည်သူတွေ ငြိမ်းချမ်း တည်ငြိမ်တဲ့ ဘဝရှိအောင် လုပ် ဆောင်ပေးမယ် ။ ပြည်သူတွေရဲ့ အခက် အခဲ ကိုကြည့်ပြီး လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးမယ် ။ နယ်စပ် တလျှောက် တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်ပေးမယ် ။
မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်မှာ ကြားချင်ပါသလဲ ။
ဖြေ ။ ။ ပြည်သူတွေရဲ့ဆန္ဒကို ဖော်ထုတ်ဖို့ ၊ သူတို့လက်ထဲမှာကိုင်ထားတဲ့ အရေးကြီးတဲ့ မဲဆန္ဒတမဲကို လာမဲ့ ရွေးကောက်ပွဲကျရင် ကိုယ်တိုင်ကိုယ်ကျ မဲရုံသွားပြီး တန်ဖိုးရှိတဲ့မဲတမဲကို စိတ်ကြိုက်လွှတ်တော်ကိုယ်စား လှယ် လောင်းကို မဲသွားထည့်ပေးပါလို့ မှာချင်ပါတယ် ။
Tags: Interview