သျှမ်းတိုင်းရင်းသားပါတီကို ပြည်နယ်ဝန်ကြီးချုပ် ရာထူးပေးအပ်ခြင်းဖြင့် အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ် အောင်မြင်နိုင်ဟု မြန်မာ့အရေး လေ့လာသူ ဘာတေးလ်လင်နာ ပြောဆို
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများပြားရှိနေသာ သျှမ်းပြည်နယ်တွင် အနိုင်ရ တိုင်းရင်းသား ပါတီမှ ပါတီဝင်အား ပြည်နယ်ဝန်ကြီးချုပ် ပေးခြင်းဖြင့် အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ ပိုမို မြန်ဆန်လာ မည်ဖြစ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ပါ အထောက်အကူ ပြုစေမည်ဟု မြန်မာ့အရေးလေ့လာသူ ဆွီဒင်လူမျိုးသတင်းစာ ဆရာ ဘာတေလ်းလင်နာက သုံးသပ်ပြော ဆိုသည် ။
ဆွီဒင်လူမျိုးသတင်းစာ ဆရာ ဘာတေလ်းလင်နာ |
လေ့လာသူများက ယင်းကဲ့သို့ ထောက်ပြနေသော်လည်း NLD ပါတီဘက်ကမူ ပြည်နယ်နှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ် ရာထူးခန့်အပ်ရာတွင် NLD ပါတီဝင်ကိုသာ ခန့်အပ်သွားမည်ဟု မတ်လ ၂၄ ရက်နေ့က ထပ်မံပြောဆိုထားသည် ။
ယင်းမူဝါဒအရ တိုင်းရင်းသားပါတီများအနိုင်ရထားသည့် ရခိုင်နှင့် သျှမ်းပြည်နယ်တို့တွင်လည်း NLDပါတီဝင်များသာ ၀န်ကြီးချုပ်ဖြစ်လာမည်ဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအရ ပြည်နယ်ဝန်ကြီးနေရာများကိုမူ တိုင်းရင်းသားပါတီများကို ခန့်အပ်သွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာများကို ပြောဆိုသည် ။
‘ ဆိုပါစို့ ဆိုလို့ရှိရင် ရခိုင်မှာ ၊ သျှမ်းပြည်မှာ ကျနော်တို့ လွှတ်တော်မှာ အများစု မနိုင်ဘူး ။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့ရဲ့ ဗဟိုမှာ မဲအပြတ်အသတ်နိုင် ထားတဲ့အတွက် သမ္မတက ဝန်ကြီးချုပ်ကို ခန့်အပ်မယ့်အတွက် တိုင်း ၊ ဒေသကြီး ဝန်ကြီးချုပ်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် တွေပဲဖြစ်ပါမယ် ။ အဲ့တော့ တိုင်းဝန်ကြီးတွေကတော့ ဘာပဲပြောပြော ကျနော်တို့ရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အပေါ်မှာရော တခြားအဖွဲ့အစည်းတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါပါမယ် ။ " ဟု ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာများကို ပြောသည် ။
နှစ် ၆၀ ကျော်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် သမိုင်းကို ပြန်ကြည့်ပါက တိုင်းရင်းသားအရေးနှင့် ဖက် ဒရယ် ပြည်ထောင်စုအရေးမှာ အဓိကကျခဲ့ပြီး တိုင်းရင်းသားများအနေဖြင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့် ၊ တန်းတူ ရေး ဆိုင်ရာအခွင့်ရေး မရရှိမှုကြောင့် လက်နက်စွဲကိုင်တော်လှန်ခဲ့ခြင်းဖြစ်သည် ။
သျှမ်းပြည်နယ်ကိုပင်ကြည့်မည်ဆိုပါက အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၇) ရှိနေပြီး အဖွဲ့ အားလုံးမှာ အင်အားတောင့်တင်းသည့် အဖွဲ့အစည်းများဖြစ်ကာ RCSS/SSA သျှမ်းတပ်မ တော် တောင်ပိုင်းမှ အပကျန်အဖွဲ့အားလုံးမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးခြင်း မရှိသေးသည့်အဖွဲ့ များဖြစ်သည် ။
ယင်းအပြင် သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ ဒေါက်တာလင်းထွဋ်မှာ ဗမာလူမျိုး တဦး ဖြစ်ကာ ဒေသခံတဦးလည်း မဟုတ်သဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအင်အား စုများ အကြား ဝေဖန်စရာ ဖြစ်နေခဲ့ပါသည် ။
တောင်တန်းနှင့် ပြည်မပူးပေါင်း၍ လွတ်လပ်ရေးရယူရာတွင် အရေးပါခဲ့သည့် သျှမ်းပြည်နယ်မှာ ခေတ် အဆက်ဆက် ဗမာဘုရင်အုပ်ချုပ်မှုအောက်တွင်ရှိမနေခဲ့ပဲ ပင်လုံစာချုပ်ချုပ်ဆိုပြီး လွတ်လပ်ရေးရမှသာ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည် ။
လွတ်လပ်ရေးရပြီး ကာလတလျှောက် ပြန်ကြည့်မည်ဆိုပါက ဦးသိန်းစိန် ၊ ဦးနေဝင်းကဲ့သို့ တပ်မတော် နောက်ခံဖြင့် အုပ်ချုပ်သူများ လက်ထက်တွင်လည်း သျှမ်းပြည်နယ်အကြီးအကဲမှာ တိုင်းရင်းသားလူမျိုး သာဖြစ်ခဲ့ပြီး ဒေါက်တာလင်းထွဋ်အား ခန့်အပ်မည်ဆိုပါက သမိုင်းဝင်လာ တော့မည်ဖြစ်သည် ။
ယင်းအပြင် သျှမ်းပြည်နယ်တွင် နေရာအများစု အနိုင်ရခဲ့သည့် SNLD ကျားခေါင်းပါတီမှာ အစဉ်အလာ အားဖြင့် NLD ပါတီ၏ မဟာမိတ်အဖြစ်ရပ်တည်ခဲ့သောပါတီဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် တလျှောက်လုံးတွင်လည်း NLD ပါတီဘက်မှ ရပ်တည်ခဲ့ပါသည် ။
‘ တိုင်းရင်းသားတွေကို လက်တွဲခေါ်သင့်တာပေါ့ ။ နောက်ကလိုက်ခိုင်းတာထက် ဘေးတိုက် ပုခုံးဖက်ပြီး ခေါ်သင့်တဲ့ နေရာတွေမှာခေါ်သင့်တယ် ။ တချို့တိုင်းရင်းသားတွေက ဆန္ဒလင်းပြင်းပြတယ် ။ လုပ်နိုင်တယ် လို့ယုံကြည်ချက်ရှိမယ် ။ နိုင်ငံရေးသမိုင်းတလျှောက် နိုင်ငံရေးတော်လှန်ရေး သစ္စာရှိခဲ့တဲ့သူတွေဆို စဉ်းစား ပေးသင့်တယ် ’ ဟု သတင်းစာဆရာ ကိုသီဟသွေးက သုံးသပ်ပြောဆိုသည် ။
Tags: News, politic