လွမ်းမောဖွယ်ရာ သျှမ်းပြည့်အညာ
“ တောပန်းကလေးများနဲ့ … လှချင်တိုင်း လှနေပါတယ် …. လမ်းကလေးကွေ့ကောက် ရာဘေးတဘက်မှာ အဆင်းအတက်ခရီးဆက်ကာ ဖြတ်ကျော်မြင်ကွင်းရှေ့ မှာ တောင်ပြာ တန်းတွေ ဆီးလို့ကာ ….…..”
လင်းခေးမြို့အဝင်လမ်း |
လင်းခေးမြို့အဆင်း တောင်ပေါ်မှလှမ်းမြင်ရပုံ |
ဟုတ်ပါတယ် ။ .. သျှမ်းပြည်နယ်လုံးဆိုင်ရာ မူလမင်းကွန်း ကမ္မဋ္ဌာန်းတိုက် ဂိုဏ်းချုပ်ကြီး ရဲ့ နှစ် ၅၀ ပြည့် မဟာသတိပဋ္ဌာန် ညီလာခံပွဲသွားဖို့သံဃာတော်တွေရော ဒကာ ဒကာမတွေပါ ခရီးထွက်ကြတာ ဖြစ်ပါတယ် ။
တမူးရှိလို့ တပဲလှူဆိုတဲ့ အတိုင်း ရှိသမျှ စုဆောင်းထားတဲ့ ငွေလေးတွေနဲ့ အလှူ အဒါန်းပြုဖို့ သျှမ်းပြည် အနယ်နယ်အရပ်ရပ်က စေတနာရှင်လူထုကကော အိမ်ရှင်ဖြစ်တဲ့ လင်းခေးမြို့ခံ လူထုတွေကပါ ဒီပွဲအတွက် ကိုယ်စီကိုယ်ငှ စိတ်လှုပ်ရှားနေကြပါတယ် ။
ပျော်ပွဲရွှင်ပွဲကြီးမို့လို့ စိတ်လှုပ်ရှားကြတာမဟုတ်ပါဘူး ။ သံသရာကနေလွတ်မြောက်ဖို့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ မိဇ္ဈိမ လမ်းစဉ်တရား ကျင့်ကြံအားထုတ်တဲ့ လောကီသားတွေ ကို စေတနာအပြည့်အလျှံနဲ့ ထောက်ပံ့မှုပေးဖို့ ကမ္မဌာန်းလမ်းစဉ်ကျင့်သုံးတဲ့ လူထုရဲ့ သဒ္ဓါတရား ရင်ထဲမှာအပြည့်ရှိကြလို့ဘဲဖြစ်ပါ တယ် ။
နှစ် ၅၀ ပြည့်ရွှေရတု လင်းခေးမြို့ သထုံမူလမင်းကွန်း သာသနာ့မာ န်အောင်ကမ္မဌာန်းတိုက်က ညီလာခံပွဲတော် |
အဲဒီမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၉၉၆ ပေသာ ရှိပြီး သျှမ်းပြည်အညာ လို့ လူသိများတဲ့ အဆိုတော် စိုင်းထီးဆိုင်မွေးရပ်မြေ လည်းဖြစ်ပါတယ် ။ တောင်ကြီးမြို့တော် ကနေ အရှေ့တောင်ဘက် မိုင်ပေါင်း ၁၂၀ ကျော်ကျော်လောက်မှာ တည်ရှိပါတယ် ။
သျှမ်းပြည်ထဲမှာ အပူဆုံးမြို့တမြို့ဖြစ်သလို သဘာဝ အလှတရားတွေနဲ့လည်းပြည့်နှက်နေ တာမို့ သဘာဝကိုခံစားတတ်တဲ့သူတွေအတွက် အရာရာ ဟာ လှပနေပါတယ် ။
လင်းခေးမြို့ နမ့်အွန်ကျေးရွာက သဘာဝ တောအုပ် |
ဗာဂျီးနီးယားဆေးရွက်ကြီးစိုက်ခင်းနှင့် မြို့အရှေ့ဘက်တောင်တန်းကြီးအလှ |
ဗာဂျီးနီးယားဆေးရွက်ကြီးများကိုအခြောက်လှမ်းထားပုံ |
မပြောမဖြစ်တဲ့ လင်းခေးမြို့ရဲ့ အထင်ကရလေးနောက်တခုကတော့ အစိုးရ အထက်တန်းေ ကျာင်းနားက လင်းခေး ဗာဂျီးနီးယား ဆေးပေါင်းရုံကြီးပါ ။ ဆေးပေါင်းရုံကြီးကလဲ လင်းခေး မြို့ ရဲ့ သဘာဝကို ထင်ဟပ် စေတာ မှန်ပေမယ့် နိုင်ငံ့စီးပွားရေး အရ ၀မ်းရေးခက်ခဲလာလို့ ဗာဂျီးနီးယားဆေးရွက်ကြီး အောင်မြင်မှု သိပ်မရှိလှတော့ပါဘူး ။ စိုက်ပျိုးမှု နည်းပါးလာတယ် လို့ ဒေသခံတွေက ပြောပါတယ် ။
ဗာဂျီးနီးယားဆေးပေါင်းရုံ |
လင်းခေးမြို့အဝင် |
အသက် ရဝ အရွယ် အဖွား မယ့်ထောက်ခမ်းက ဘယ်မြို့ ဘယ်နေရာ ဘဲရောက်ရောက် နမ့်တိန်းချောင်းရေ အရသာကို ဘယ်ရေမှ လိုက်မမှီနိုင်ဘူးလို့ဆိုပါတယ် ။
နမ့်တိန်းချောင်းရေရဲ့အရသာဟာ ချိုမြိန်လွန်းလို့ မသောက်ရမနေနိုင် ။ တချို့တွေဆိုရင် တခြားမြို့ကို ဘုရားဖူး ၊ ခရီးထူး သွားတာတောင်မှ တိန်းချောင်းရေကို ဗူးလေးထဲထည့် နဲ့ သယ်ယူသွားကြတယ်လို့ ပြုံးပြုံးလေးနဲ့ ပြောပြပါတယ် ။
ထူးခြားချက်လေးနောက်တခုက တော့ လင်းခေးမြို့လေးရဲ့ တင်္ကေတ လို့ ပြောရင်လဲ မှားမယ်မထင်ပါ ဘူး ။ ဒေသခံတွေက တိန်းချောင်းရေကို ရေရဟတ် နဲ့ သယ်ယူပြီး လယ်ယာ စိုက်ခင်းထဲ သဘာဝနည်းနဲ့ ခပ်ထည့် တဲ့ လက်လုပ်ယန္တယားလေးဘဲဖြစ်ပါတယ် ။ ဒါ့ကြောင့် လင်းခေးသူ လင်းခေးသား တွေအတွက် တိန်းချောင်း ဟာ သူတို့ရဲ့အသက်သွေးကြော လို့ ပြောရင်လဲ မှားမယ်မထင်ပါ ။
နမ့်တိန်းချောင်းအလှ |
ဒါပေမယ့် တဖက်ကလည်း ပူအိုက်တဲ့ရာသီရှိလို့ မီးဘေး အချိန်မရွေး ကြုံနိုင်တာကြောင့် လင်းခေးမြို့ ခံတွေဟာ အဝီစိတွင်းတွေကိုယ်စီလည်း တူးထားကြပါတယ် ။ မှန်ပါတယ် .. မီးဘေးရှောင် မလောင်ခင်တား .. ကြိုတင်သတိ ဝိရိယထား မှားသည်မရှိ .. ပေါ့နော် ။
ရေရဟတ်ဖြင့် လယ်ရေသွင်းနေစဉ် |
လင်းခေးသူလင်းခေးသား တွေဟာ အပူချိန်ကိုအန်တုပြီး ၀မ်းရေးအတွက် ရုန်းကန်ရာမှာ ကြည်လင်အေးမြတဲ့ တိန်းချောင်းရေဟာ သူတို့ဘဝရဲ့ အမောပြေလေးပါဘဲ ။
ဒါတင်ဘဲလား … မဟုတ်ပါဘူး ။ လင်းခေးမှာ ဘယ်ပန်းချီရေးလို့မမှီတဲ့ သဘာဝအလှတရားတခု ရှိပါသေး တယ် ။
" အိမ်မှာ ရေတွင်းတော့ရှိတယ် ။ မချိုးချင်ဘူး ။ တိန်းချောင်းရေကိုဘဲ ဆင်းချိုးချင်တယ် ။ အိမ်ကရေတွေ သောက်လို့ မချိုဘူး ။ မအေးဘူး ။ အန်တီတို့ နမ့်တိန်းရေကို ဘဲ သောက် တယ် " လို့ ဒေသခံ ပါအိမ် ကပြောပါတယ် ။
နမ့်တိန်းချောင်းသို့ ဒေသခံများ ရေဆင်းချိုး |
နွားလှည်းဖြင့် ရေဆင်းခပ်ကြပုံ |
အလှအပရော အသုံးချမှုအတွက်ရော စွယ်စုံရတဲ့ ရွှေလင်းခေးက တိန်းချောင်းရေလေးပါ တကား…… ။
နမ့်တိန်းချောင်းအလှ |
လင်းခေး ပွဲတော်ကအပြန် ဒီအကြောင်းအချက်ဟာဖြင့် စာရေးသူကို စိတ်မကောင်းဖြစ်စေ မိတာအမှန်ပါ ။
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ရဲ့ အလှကို စုပေါင်းကာကွယ်ဖို့ အမှိုက်သရိုက်ကို စည်းစနစ်နဲ့ စွန့်ပစ်ကြပါ ၊ တိန်းချောင်းဘေးက သဘာဝ တောရိုင်းသစ်ပင်တွေကို ဝိုင်းဝန်းထိန်းသိမ်းပေးကြပါလို့ တိုက်တွန်းလိုက်ရပါ တယ်ရှင် ……
ဆောင်းပါးရှင် - နန်းဆိုင်ဖူး
Tags: Feature