၂၁ ရာစု ပင်လုံ အတွက် တောင်ကြီးမြို့တွင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်



သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) မှ ကမကထပြုကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံကို အထောက် အကူပြု စေမည့်  နိုင်ငံရေးဆွေးနွေးပွဲ ကို ပထမအကြိမ် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီး ဟော်တယ်၌ ၂ ရက်တာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည် ။


အဆိုပါ ဆွေးနွေးပွဲက ဂျွန်လ   ၁ ရက်နှင့် ၂ ရက်နေ့တို့တွင်  ဆွေးနွေးသွားမည်ဖြစ်ပြီး (CSSU) မှ ဦးဆောင် ဖိတ် ကြား ထားသဖြင့် အဖွဲ့ဝင် အားလုံးတက်ရောက်မည်ဖြစ်ပြီး  နိုင်ငံရေး ပါတီ ၁၈ ပါတီ ရှိသည့် အနက် ပါတီ ၁၃ ခုတက်ရောက် မည်ဟု  စာရင်းရရှိထားကြောင်း၊ ဦးဆောင်ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများကသာ ဦးဆောင် ဆွေးနွေးသွား မည်ဖြစ် ကြောင်း  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (S.N.L.D) ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ် ကပြောသည် ။


“ ဘာကြောင့်ဆို ခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်က ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စတင်တော့ မယ် ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတာနဲ့တပြိုင်တည်းမှာ ပြည်ထောင်စုအဆင့်ပေါ့နော်။ နိုင်ငံရေး ဆွေးနွေးပွဲ လာမယ် ။ အဲ့ဒီ နိုင်ငံရေးဆွေးနွေးပွဲကျရင် သျှမ်းပြည်ရဲ့လိုအပ်ချက်သျှမ်းပြည်သားတွေရဲ့ နဂိုရပိုင် ခွင့်တွေ မှန်မှန်ကန်ကန်ရရှိနိုင်ဖို့အတွက် သျှမ်းပြည်သားတွေ စုစည်းညီညွတ်နိုင်အောင်လို့ အဲ့ဒီရည်ရွယ် ချက်နဲ့လုပ်တာပါ ” ဟု ၄င်းကပြောသည် ။


နိုင်ငံရေးဆွေးနွေးပွဲသည် နှစ်ပေါင်း (၆၀-၇၀) အတွင်း ပထမအကြိမ်ကြုံရခြင်းဖြစ်ကြောင်း နှင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် NLD အစိုးရ တက်လာသည့်အချိန်မှ ပထမဆုံးကြိမ် နိုင်ငံရေးဆွေးနွေးပွဲလုပ်ရပြီးယင်း နိုင်ငံရေးဆွေးနွေး ပွဲသည် တိုင်းရင်းသားအားလုံးအတွက် အင်မတန်အရေးကြီးသည့် တန်းတူညီမျှ ခွင့်နှင့် ကိုယ် ပိုင်အုပ်ချုပ်ခွင့် အစရှိသည့်  ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်အတွက် တိုင်းရင်းသားများ လိုအပ် ချက်နဲ့ကိုက်ညီသည့်အခြေအနေမျိုး ရောက်အောင် ဝိုင်းဝန်းဆောင်ရွက်နိုင်ရန် နိုင်ငံရေးဆွးနွေးပွဲကနေ စတင် သွားရမှာဖြစ်ပြီး  ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင် ရန်အတွက် အားလုံးပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း  စိုင်းလိတ်ကပြောသည် ။


“ ရည်ရွယ်ချက်က စောစောကပြောသလိုဘဲ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ တိုင်းရင်းသား ရပိုင်ခွင့် ပြန်လည် ရရှိနိုင်အောင် ၊ နောက် ဖက်ဒရယ်နဲ့ ပတ်သက်ပြီး စိမ်းနေသေးတဲ့ ပြည်မ က နိုင်ငံရေး သမားတွေ နောက်ပြည်သူပြည်သား တွေ အကုန်လုံး ရှင်းရှင်းလင်းလင်း နားလည်အောင်ဆိုပြီး တော့မှ အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ ” ဟု ၄င်းကပြောသည် ။


ပြီးခဲ့သည့် တနင်္ဂနွေနေ့ မေလ ၂၉ ရက်ကလည်း သျှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ် (LSSEP- League for Shan State Ethnic Political Parties ) ကို ဖွဲ့စည်းရန် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မှ ဦးဆောင်ကာ သျှမ်းပြည် တွင်း နိုင်ငံရေးပါတီ ၁၈ ပါတီကိုဖိတ်ကြားပြီး ဆွေးနွေးပွဲတခုကိုရန်ကုန်မှာကျင်းပခဲ့သည် ။ သို့သော် သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က အစည်းအဝေးသို့ အချိန်မှီရောက်လာခဲ့သော်လည်း အစည်း အဝေးသို့ဝင်ရောက်ခွင့် မပြုခဲ့ ပေ ။ အဆိုပါအစည်းအဝေးမှ အစည်းအဝေးတက်ရောက်သည့် အဖွဲ့များအနက် အဖွဲ့ ၁၃ ဖွဲ့က LSSEP ကိုဖွဲ့စည်းရန် သဘော တူညီကြောင်း လက်မှတ်ရေးထိုးပြီး အချက် ၃ ချက်ပါကြေငြာ ချက်တစောင်ကိုထုတ်ပြန်ခဲ့သည်။ ၄င်းတို့သည်  ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီများ၏ အခန်းကို ထည့်သွင်းရန်လည်း တိုက်တွန်း ကြောင်းပါရှိပါသည် ။  




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates