သျှမ်းလူငယ်များ ရိုးရာ သျှမ်းသိုင်းပညာထိန်းသိမ်းတတ်စေရန် မိုးနဲမြို့တွင် သိုင်းပညာသင်တန်း (အခမဲ့) ဖွင့်လှစ်
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် သျှမ်းလူငယ်များ သျှမ်းရိုးရာ သိုင်းပညာ ယဉ်ကျေးမှု ထိန်းသိမ်းတတ်စေရန် နှင့် မူးယစ်ဆေးဝါး အန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်ပြီး မိုးနဲမြို့ နွံဟန်ဟတ်ခေးအဖွဲ့မှ သျှမ်း ရိုးရာ သိုင်းပညာ သင်တန်းကို ဖွင့်လှစ်ခဲ့သင်ကြားပေးခဲ့ကြောင်း သိရသည် ။
သျှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ယဉ်ကျေးမှုကို မြှင့်တင်ရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရာ စိတ်ပါဝင်စားသူ လူငယ်များလာရောက်လေ့လာသင်ယူနိုင်ကြောင်း ၊ သျှမ်းရိုးရာ သိုင်းပညာ အပါအဝင် ယဉ်ကျေးမှုအကများကိုပါ သင်ကြားပေးကြောင်း သင်တန်းကျောင်းဖြစ်မြောက်ရေး ကူညီပံ့ပိုးသူ စိုင်းမျိုး ( yookyaak) ကပြောသည် ။
“ သိုင်း အက သင်တန်းဆရာက စိုင်းခင်သောင်းနိုင်ပါ ။ ဆရာက သျှမ်းသိုင်းပညာကိုချစ်မြတ်နိုးသူ တယောက်ဖြစ်တဲ့ အလျောက် သျှမ်းလူငယ်တွေ ကိုယ့်ရဲ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းတာက နံပါတ် ၁ ။ အဲ့ဒီထဲမှာက တစ်ခြား ရည်ရွယ်ချက်တွေပေါ့နော် ။ မူးယစ် ဆေးဝါး ထိန်းသိမ်းကာကွယ်တာပါတယ် ။ မူးယစ်ဆေးဝါး ထိန်းသိမ်းကာကွယ်တယ် ဆိုတာက ဥပမာ ဒို့ ဒီသင်တန်းကို ဖွင့်ခြင်းအားဖြင့် လူငယ်တွေက ဒီကိုလာမယ် ။ ရိုးရာ သိုင်းပညာကို လေ့လာမယ် သင်ယူမယ် လေ့ကျင့်မယ်ဆိုရင် သူတို့ က အရက်ဆိုင်တို့ ဘီယာဆိုင်တို့ စသဖြင့် မရောက်တော့ဘူးပေါ့ ။ ကျန်းမာရေး အတွက်လည်း အထောက် အကူ ဖြစ်စေ တယ် ။ ဆိုတော့ အဘက်ဘက်က ကောင်းကျိုးဖြစ်စေတယ်ပေါ့နော် ” ဟု ၄င်းကပြောသည် ။
သိုင်း အက သင်တန်းဆရာ စိုင်းခင်သောင်းနိုင် က သျှမ်း (သိုင်း) ဆိုသည်မှာ ဘိုးဘွားအစဉ်အဆက်ကတည်းက နာမည် ကြီးလာခဲ့ကြောင်း ၊ သို့သော် ယခုနှောင်းပိုင်း သျှမ်းလူငယ်များမှာ သျှမ်းသိုင်းအကတတ်မြောက်မှု တဖြည်းဖြည်း လျော့ပါးသွားပြီဖြစ်ကြောင်း ၊ မိမိယဉ်ကျေးမှုလည်း တခြားတပါးသူများ ယဉ်ကျေးမှုအဖြစ် ခိုးယူခြင်းခံရသဖြင့် လက်ရှိတွင်တိမ်ကောလာသလောက်ရှိနေကြောင်း ပြောဆိုပါသည် ။
သျှမ်းပြည်သားလူငယ်များ သျှမ်း (သိုင်း) အတတ်ပညာတတ်မြောက်စေရေးရည်ရွယ်ကာ ပြီးခဲ့သည့် ဧပြီလမှ စပြီး မိုးနဲမြို့တွင် သင်တန်းပေးခဲ့ရာ ယခုတကြိမ်သည် ၄ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရသည် ။
“ လူငယ်များအနေနဲ့ ကိုယ့်အမျိုးသား ပညာ ၊ စာပေ ၊ စကား ၊ ယဉ်ကျေးမှုကိုယ်ခံပညာတွေကိုမြတ်နိုး တန်ဖိုးထားတတ် ရမယ် ။ မပျောက်ပျက်အောင် စောင့်ထိန်း တတ်ရမယ်။ ခုခေတ်လူငယ်တွေက သိုင်း ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည် တော့ စိတ်မဝင်စားဘူး ။ ခု သင်တန်းလုပ်ပေးလိုက်တော့ သိုင်း ရဲ့ အဓိပ္ပာယ်ကို လူငယ်တွေ နဲနဲပါးပါး စိတ်ဝင်စားလာ တာ တွေ့ရတယ် ။ ” ဟု ၄င်းကပြောသည် ။
လက်ရှိသိုင်းပညာသင်တန်းသို့ အဖိုးအခပေးစရာ မလိုဘဲ လူမျိုးဘာသာမရွေး ရပ်နီးရပ်ဝေးမဟူ စိတ်ပါဝင်စားသူများ တက်ရောက်သင်ကြားနိုင်ကြောင်း၊ သင်တန်းသားအရည်အချင်းနှင့် ကြိုးစားမှုအပေါ်မူတည်ပြီး သျှမ်းသိုင်းပညာအဆင့် အဆင့်ကို ပြီးဆုံးတတ်မြောက်အောင်သင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းဆရာကပြောသည် ။
Tags: Culture, News