နောင်ချိုမြို့နယ် သျှမ်းစာပေသင်ကြားရေးဆရာများ ကျောင်းဖွင့်ချိန်အတွက်ကြိုတင် ပြင်ဆင်



သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် သျှမ်းစာပေသင်ကြားရေးဆရာဆရာမ များ ၁၀၀ ကျော်တွေ့ဆုံကာ လာမည့်ကျောင်းဖွင့်ရာသီတွင် အစိုးရစာသင်ကျောင်း များ၌ သျှမ်းစာပေသင်ကြားရေးအတွက်ကြိုတင်ပြင်ဆင်သည့်တွေ့ဆွေးနွေးမှုတရပ်ကို ကျင်းပခဲ့သည် ။

 နောင်ချို သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးတွင် ပြုလုပ်သော သျှမ်းစာပေ သင်ကြားရေးကြိုတင်ပြင်ဆင်မှုတွေ့ဆုံဆွေးနွေးပွဲ Photo by Tai NKo

နောင်ချိုမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းပေါင်း ၆၀ တွင် သျှမ်းစာပေသင်ကြား ရေး တာဝန်ကျသည့် ဆရာ ဆရာမ ၁၂၀ အား ခေါ်ယူကာ  မေလ ၂၈ ရက် မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ နောင်ချိုမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ၎င်းတို့ရုံးခန်းတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ်သည် ။


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်စိုင်းအောင်မိန်းက - “ ကျနော်တို့ မနှစ်တွေတုန်းက အစိုးရစာသင်ကျောင်းတွေမှာ သျှမ်းစာသင်ပေးနေတဲ့ဆရာ ဆရာမ တွေ လုပ်အားခ ပိုက်ဆံမရကြဘူး ။ ကျနော်တို့စုပေါင်းပြီး အစိုးရပညာရေးဌာနကို တင်ပြတော့ ဒီနှစ်အတွက် ပိုက်ဆံ ချလာပေးတယ်။ ဆရာတဦး  တလ ကျပ် ၃ သောင်းရမယ်။ ကျနော်တို့ ဒီထက်ထပ်ပြီးကြိုးစားရမယ်” ဟု ပြောဆိုသည် ။


ဆရာမ နန်းယိင်းကလည်း -“ ကျမတို့ဒီဆွေးနွေးပွဲမှာ ကိုယ်သင်နေတဲ့ကျောင်းက အခြေအနေတွေတင်ပြကြတယ်။ နောက်ပြီး လာမယ့်စာသင်နှစ်မှာ ဆရာ ဆရာမတွေအားလုံး ကြုံရာဝတ်စုံနဲ့ စာသွားမသင်ကြဖို့ပေါ့နော် ။ အမှတ်အသားတခုဖြစ်သွားအောင် ဆရာမဆိုရင် အစိမ်းရောင် သျှမ်းလုံချည်၊ နဲ့အကျီအဖြူပေါ့ ” ဟုပြောသည် ။


အစိုးရစာသင်ကျောင်းကို ဂျွန်လ ၁ ရက်တွင် ကျောင်းဖွင့်မည်ဖြစ်ပြီး သျှမ်းစာပေသင်တန်းအတွက် ကျောင်းတက်ရက် နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ အချိန်ရထားကြောင်း ၊ ကျောင်းတကျောင်းလျှင် သျှမ်းစာဆရာ ၂ ဦးမှ ၃ ဦး ထားရှိမည်ဖြစ်ကြောင်း ၊ သင်ရိုးညွှန်းတမ်းကိုမူ သျှမ်းစာပေဆရာကြီး စိုင်းဖှ ထုတ်လုပ်သော စာအုပ်ကိုအသုံးပြုမည်ဖြစ်ကြောင်း သိရသည် ။


နောင်ချိုမြို့နယ်တွင် ယမန်နှစ်က အစိုးရကျောင်း ၂၃ ကျောင်း၌ သျှမ်းစာပေသင်ကြား ခွင့် ရရှိပြီး  သျှမ်းစာပေသင်ကြားရေးအတွက် ဆရာ ဆရာမ ၅၄ ဦး ရှိကြောင်းသိရ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates