ဖြေရှင်းပေးပါ….



သို့ - သျှမ်းသံတော်ဆင့်

ကျနော်တို့ မူစယ်မြို့နယ် ပန်ခမ်းရွာမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လေးပါ။ ဘာမှမဆိုင်တဲ့ ကျနော်တို့ ရဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးကို တရားစွဲမယ်တဲ့ဗျာ ။


အဖြစ်အပျက်ကတော့ ဒီလိုဗျ….


မေလ ၆ ရက်နေ့ ညနေ ၆ နာရီကျော်ကျော်လောက်မှာ ရွာအရံမီးသတ်ဖွဲ့ဝင် ၃ ယောက်က မီးသတ်ဖွဲ့ ၀တ်စုံနဲ့ ရွာလှည့်မီးစစ်တာပေါ့ဗျာ ။ နွေရာသီဆိုတော့ မီးဘေးကြောက်ရတယ်လေ ။ ကျနော်တို့ရွာက နန်းရွှေအေး ပိုင်တဲ့ MA ဂိုဒေါင်ဆိုတာရှိတယ် ။ အဲဒီဂိုဒေါင်ကို တန့်ယန်းကတရုတ် ကိုမြင့်အောင်နဲ့ အားကွမ်းတို့ ညီအကိုက လာငှားထားတယ် ။ သူတို့မှာ အလုပ်သမား ၂၀ ကျော်လောက်ရှိတယ် ။ အလုပ်သမားခေါင်းဆောင်ကတော့ ခိုင်သူချမ်းမြတ် တဲ့ ။


သူတို့ဂိုဒေါင်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေက အရမ်းဆူလို့ ဘေးပတ်ဝန်းကျင်ကလည်း မနှစ် သက်ဘူး ။ ငြီးငြူကြတယ် ။ အဲဒါကြောင့် အသံလျှော့ဖို့ သွားပြောမယ်ဆိုပြီး အရံမီးသတ်ဖွဲ့ဝင် ၃ ယောက်က MA ဂိုဒေါင်ဆီသွားတယ် ။ ဂိုဒေါင်ဝန်းထဲရောက်တော့ သူတို့လည်း မေးတာပေါ့ … အလုပ်သမားခေါင်းဆောင်ဘယ်သူလဲဆိုပြီး တွေ့ခွင့်တောင်းတာပေါ့ဗျာ ။ ချက်ချင်းဘဲ တုတ်တွေ ၊ …..တွေ ကိုင်ပြီး အလုပ်သမား ၂၀ ကျော် ဂိုဒေါင်ကနေ ထွက်လာပါလေရော ။


အရံမီးသတ်ဖွဲ့ဝင် ၃ ယောက်ထဲက နောက်မှာကျန်ခဲ့တဲ့တယောက်က အခြေအနေမကောင်းတာ တွေ့တော့ ရဲကင်းက ရဲကိုပြေးပြီးသွားခေါ်ပါတယ် ။ ရဲကဘာပြောလဲဆိုတော့ … အထက်က အမိန့်မရ လို့ မလိုက်နိုင်ဘူးတဲ့ ။ တော်တော့ကို အားကိုးရတဲ့ရဲပါလား ။


ဂိုဒေါင်ထဲကထွက်လားတဲ့ အလုပ်သမား ၂၀ ကျော်က ကျန်ခဲ့တဲ့အရံမီးသတ်ဖွဲ့ဝင် ၂ ယောက်ကို ၀ိုင်း ရိုက်ကြပါလေရော ။ ဘေးပတ်ဝန်းကျင်ကလည်း အော်ဟစ်အကူအညီတောင်းကြတာပေါ့ ။ ဘေးပတ် ၀န်းကျင်က ဒေသခံတွေကလည်း ကိုယ့်လူ သူများရိုက်တာ ခံနေရတော့ လက်ပိုက်ပြီး ကြည့်မနေနိုင် ဘူးလေ ။ အဲဒါနဲ့ အလုပ်သမား ၂၀ ကျော်ကို ပြန်ဝိုင်းရိုက်ကြတာပေါ့ ။ အဲဒီလိုနဲ့ ပွဲကြမ်းသွားပါလေ ရော ။ အဲ … ပွဲကြမ်းတာ မပြီးခင်လေး ရပ်ရွာအုပ်ချုပ်ရေးမှူးက ရောက်လာပါတယ် ။


အရံမီးသတ်ဖွဲ့ဝင် ၂ ယောက်ထဲက ၁ ယောက်ကတော့ ခေါင်းမှာ ၁၂ ချက်ချုပ်လိုက်ရပါတယ်။ ဟို အလုပ်သမားဘက်ကတော့ နာပေမဲ့ အရမ်းကြီးတော့ မဟုတ်ပါဘူး ။


နောက်တော့ ဘယ်လိုဖြစ်သလဲဆိုရင် … လူစုပြီးသူတို့ကို လာရိုက်တယ် ဆိုပြီး ဂိုဒေါင်ဘက်ကနေ ရပ်ရွာအုပ်ချုပ်ရေးမှူးကို တရားစွဲမယ်တဲ့ ။ စ ရိုက်တာလည်း သူတို့ဘဲ။ တရားစွဲတော့လည်း သူတို့ဘဲ ။ သူတို့က ရှေ့နေကို အပ် ထားပြီးပြီလို့ သိရပါတယ် ။


ဒီအဖြစ်အပျက်မှာ ဘယ်သူကမှားတယ် ၊ မှန်တယ်ဆိုတာ … စာဖတ်ပရိသတ်တွေကလည်း ဖတ်ပြီးရင် ကောင်းကောင်းသိမယ်လို့ ယူဆပါတယ် ။   ဒါကြောင့်  ရပ်ရွာအုပ်ချုပ်ရေးမှူးကို တရားစွဲမယ်ဆိုတာက ဖြစ်သင့်ပါသလား ။ ဘယ်သူက တရားမျှတအောင် ဆောင်ရွက်ပေးနိုင်မလဲ ။ သက်ဆိုင်ရာဆီကို တင်ပြအပ်ပါတယ် ။


ပန်ခမ်းရွာသားတဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates