ရဝမ်ဒါလူသတ်ပွဲလို သျှမ်း - ပလောင်လူမျိုးကြား ပြဿနာမကြီးထွားလာစေလို



၁၉၉၄ ခုနှစ်က ရဝမ်ဒါ နိုင်ငံက ဟူတူ လူမျိုးစု နှင့် ထွတ်စီ လူမျိုးစု ကြားပြဿနာကြီး ထွားပြီး လူစုတခု နဲ့ တခုကြား သတ်ဖြတ်ကြလို့ လူပေါင်း ၈ သိန်း ကနေ တသန်းအထိ သေကြေခဲ့ရပါတယ် ။


ရဝမ်ဒါ နိုင်ငံအကြောင်း တစေ့တစောင်းလေ့လာကြည့်မယ် ဆိုရင် ၁၉၁၈ ခု နှစ်တုန်းက ဘယ်လဂျီယံ နိုင်ငံ ကနေ ရဝမ်ဒါ နိုင်ငံကို ကျူးကျော်သိမ်းပိုက် လိုက်ပါတယ် ။ ရဝမ်ဒါနိုင်ငံကိုလဲ သွေးခွဲ အုပ်ချုပ်ခဲ့ပါတယ် ။

၁၉၉၄ ခုနှစ်က ရဝမ်ဒါတွင်ဖြစ်ပွါးခဲ့သည့်လူသတ်ပွဲ
တိုက်ပွဲကြောင့် မေလ ၆ ရက်နေ့က နမ့်ခမ်းမြို့နယ် မုံးဝီးအုပ်စု ဟိုပန်ရွာ မီးရှို့ခံရ 
 မေလ ၁၇ ရက်နေ့ကတွေ့ရသော ကျောက်မဲမြို့ ဝိုးလုံရွာအခြေအနေ
 မေလ ၂၈ ရက် ကျောက်မဲမြို့ ဆန္ဒဖော်ထုတ်ပွဲ

ရဝမ်ဒါမှာ အဓိက လူမျိုးစု သုံးခု ရှိပါတယ် ။ ၈၅ % ရာခိုင်နှုန်းက Hutu ဟူတူလူမျိုး ၊ ၁၄ % ရခိုင်နှုန်းက Tutsi ထွတ်စီလူမျိုး နဲ့ Twa ထွာလူမျိုး ၁ ရာခိုင်နှုန်းတို့ ယှဉ်တွဲနေထိုင်ကြပါတယ် ။ ဘယ်လဂျီယံဆီက မျက်နှာ အရဆုံးက ပညာရည်မြင့်မားတဲ့ လည်ပင်းရှည် ထွတ်စီ လူမျိုးတွေပါ ။ အဲဒါ တွေဟာ ဟူတူ လူမျိုး က သူတို့တွေအပေါ် အမြင်တိမ်းစောင်း မှုတွေ ဖြစ်ပေါ်လာစေပါတယ် ။


၁၉၉၄ ဧပြီ ၆ ရက်နေ့က သမ္မတ ဟာဘေးရီမာနာ စီးလာတဲ့လေယာဉ်ပျံ ပစ်ခတ်ခံခဲ့ရပြီး သမ္မတ ပါ သေဆုံးသွားပါတယ် ။ အဲဒါကို ဟူတူတွေက ထွတ်စီလူမျိုး တွေဟာ သူတို့လူမျိုးသမ္မတနဲ့လိမ်လည်ပြီး ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့တယ် ။ ပြီးတော့ သူတို့သမ္မတကိုပစ်သတ် တယ် ဆိုပြီး ဝါဒဖြန့်ပါတယ်။ အမှန်တော့ သမ္မတ လေယာဉ်ကို ပစ်ချတာ ဟူတူ လူမျိုးထဲကပါဘဲ ။


သမ္မတ လေယာဉ်ပစ်ချ ခံရတဲ့နောက် ဟူတူလူမျိုးတွေက ထွတ်စီလူမျိုးတွေ ကို သတ်ဖို့ ရည်ရွယ်ချက် ရှိရှိ စတင်လာပါတော့တယ် ။ လည်ပင်းရှည်တဲ့ ထွတ်စီလူမျိုးတွေကို ဟူတူလူမျိုးတွေက ပိုးဟပ်မျိုးတွေ ၊ သစ်ပင်ရှည်မျိုးတွေ လို့ခေါ်ကြပါတယ် ။


အဆိုးဆုံးက ရေဒီယို အသံလွှင့်တခုကနေပြီးတော့ အသံလွှင့်သူတဦးက “ ကျနော်က ရဝမ်ဒါ ကို ချစ် မြတ်နိုးတဲ့သူပါ။ အဆိုးဆုံးသတင်းက ငါတို့ သမ္မတ ကို ပိုးဟပ်မျိုးတွေက သတ်လိုက်ပြီဆိုဒါပါဘဲ ။ ဒါ ကြောင့် ပိုးဟပ်တွေကို ရှင်းဖို့အချိန်တန်ပြီ သစ်ပင်ရှည်ကြီးတွေခုတ်ပစ်ဖို့ အချိန်တန်ပြီ ” ဆိုတာပါပဲ ။ အဲဒီကနေ လူသတ်ပွဲကြီး စတင်တော့တာပါဘဲ ။


ထွတ်စီလူမျိုးတွေရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ ကလေးတွေကို တွေ့သမျှ အကုန် သတ်၊ မိန်းမတွေကို လိင်ကျွံ အဖြစ်ထား ၊ အိမ်တွင်း ၊ ယာတွင်း ၊ လမ်းမပေါ် အပါအဝင်နေရတကာတွေ့သမျှ လူသတ် ကြပါတယ ။ လူသတ်မှု ကို ဘယ်သူမှ အ ကာအကွယ်မပေးနိုင်ပါဘူး ။ ငြိမ်းချမ်းရေး ကို စောင့်ထိန်း ပါတယ် ဆိုတဲ့ ယူအဲန် တပ်ကလဲ ဘာမှ အကူအညီ မပေးနိုင်ပါဘူး ။ နောက် ဆုံးေ တာ့ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ပြင်သစ်တပ် တွေက ထွတ်စီလူမျိုးစု ကာကွယ်ရေးတပ်နဲ့ တူ အခြေအနေဝင်ထိန်းလိုက်ရပါတယ် ။


ဝမ်းနည်းဖွယ်ရာကတော့ ထွတ်စီလူမျိုး ၈ သိန်းကနေ တသန်း အထိ အသတ်ခံရတဲ့အပြင် ဟူတူ လူမျိုးတွေ လဲအများ အပြားသေဆုံးခဲ့ရပါတယ် ။


ဒီ့အတွက် သျှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာက စာရေးသူ အနေနဲ့ အထူးစိုးရိမ် မိတာ အမှန်ပါဘဲ ။


မြန်မာအစိုးရ ၊ မြန်မာအစိုးရရဲ့ တပ်မတော် အစရှိအာဏာရ အုပ်စုကလဲ ဘယ်လဂျီယံ ကဲ့သို့ သွေးခွဲ အုပ်ချုပ် ၊ လက်နက်ကိုင်အုပ်စုတွေမှ လည်း သွေးထိုးလှုံ့ဆော်မှုများ - မပြုမိစေရန်၊ ပြုမိနေပါက ရပ်တန်းက ရပ်ရန်လိုအပ်ပါတယ် ။


ယနေ့ကြားသိရတဲ့ သျှမ်းပြည်မြောက်ပိုင်း က နမ့်ခမ်းမြို့ရဲ့ စိတ်မကောင်း ဖွယ်ရာ သတင်းတွေထဲမှာ သျှမ်းတွေရောင်းတဲ့ ပစ္စည်း- ပလောင် လူမျိုးတွေ မဝယ်ရ ၊ ပလောင် တွေရောင်းတဲ့ ပစ္စည်း သျှမ်းလူမျိုး မဝယ်ရ စတဲ့သွေးထိုးမှု သတင်းတွေ ဖြစ်ပေါ်လာလို့ပါဘဲ ။


ဒီပြဿနာအစကို ပြန်ဖေါ်ရရင် RCSS နဲ့ TNLA ကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာကနေ မေလ ဆန်း ပိုင်းက အိမ်ခြေ ၆၈ အိမ်ရှိ သျှမ်းလူမျိုးေ တွနေထိုင်တဲ့ ရွာ မီးရှို့ခံလိုက်ရပါတယ် ။ အဲဒီရွာက နမ့်ခမ်းမြို့ တောင်ဘက် မိုင်းဝီးဒေသ ဟိုပန်ကျေးရွာအုပ်စု ဟိုပန်ကျေးရွာပါ ။ မေလ ၆ ရက်နေ့က မီးတင်ရှို့ပြီး ကျန်နေတဲ့ အိမ်တချို့နဲ့ တဲတွေကိုလဲ မေ ၁၇ ရက်နေ့ က အပြီး ပြန်လာရှို့သွားပါတယ် ။


ဂျွန် ၁ ရက်နေ့ကနေ ၃ ရက်နေ့ တုန်းကလဲ ပလောင်လူမျိုးသုံး ဦးသတ်ခံ လိုက်ရပြန်ပါတယ် ။ လက်သည်မသိလိုက်ရပါဘူး ။


တုန့်ပြန်မှုဇါတ်ကွက်ထဲ ထပ်ဝင်လာ တဲ့အကြောင်း အရာ နောက်တခုက ဂျွန် လ ၆ ရက်နေ့က နမ့်ခမ်းမြို့ ကနေ လားရှိုး - မန္တလေးဘက်သို့ ဦးတည်သွားနေ တဲ့ (ကားဆရာအပါအဝင်) နမ့်ခမ်းလူငယ် ရ ဦး ကို နမ့်ဖတ်ကာ မရောက်ခင် ဖာလိုင်ရွာမှာ လက်နက်ကိုင်အုပ်စုတခု ဖမ်းဆီးသွားပါတယ် ။ ကနေ့တိုင် သူတို့တွေကို မိသားစု နဲ့ ဆက်သွယ်ခွင့်မပေးပါဘူး ။


သျှမ်းလူထု နဲ့ ပလောင်လူ ထု ကို ခုတုံးလုပ်ပြီး ဒီလက်နက်ကိုင်အုပ်စုနှစ်ခုရဲ့ အားပြိုင်မှုက တနေ့ တခြား ပိုမို ကြီးထွားလာနေပါတယ် ။ လက်တွေ့မှာက ဘယ်သူ အမြတ်ရသွားလဲ ။ စဉ်းစားစရာပါ ။


သျှမ်းရွာမီးရှို့ခံရမှုဟာ TNLA လက်ချက် ။ တအာင်း (ပလောင်) လူမျိုး ၃ ဦးသတ်ခံရတာ RCSS ရဲ့လက်ချက် ။ ထို့အတူ နမ့်ခမ်းသျှမ်းလူငယ် ရ ဦး ဖမ်းဆီးခံရတာ ဟာ TNLA လက်ချက်ပါ …….. လို့ပြောနေကြပေမယ့် လက်တွေ့မှာ ဘယ်တာဝန်ရှိပုဂ္ဂိုလ်ကမှ မဖေါ်ထုတ်နိုင်ကြပါဘူး ။


သျှဲန်ပိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ စိုင်းဇင်ကတော့ - “ကျနော်တို့ သတင်း စာလောကမှာ စကား တစ် ခွန်းရှိတယ်ဗျ ။ ပဋိက္ခတွေ ၊ စစ်ပွဲတွေ ဖြစ်လာရင် အရင်ဦးဆုံး ကျဆုံးသွားတာက အမှန်တရားပဲတဲ့ ။ ပြီးတော့ နစ်နာရ တာက လည်း လက်နက်မဲ့ ပြည်သူတွေပဲ ။ ပလောင်တပ်ဘက်ကလည်း သျှမ်းရွာတွေ ရှိ လို့ သျှမ်းတပ်တွေ လှုပ်ရှားနိုင်တယ် လို့ သံသယနဲ့ ကြည့်ကြတယ် ။ သျှမ်း တပ် ဘက်ကလည်း တောထဲ တောင်ထဲ တွေ့သမျှ ပလောင်လူမျိုးတွေဟာ ပလောင်တပ်ကလူတွေပဲ လို့ သံသယနဲ့ကြည့်တယ် ။ သျှမ်းပြည်မြောက်ပိုင်းမှာ သျှမ်းရွာတွေ မီးလောင်တယ် ။ လူတွေ အသတ်ခံရတယ် ။ သိပ်မကြာဘူး ပလောင်ရွာသားတွေ ထပ်အသတ်ခံရတယ်” ။


“  နောက်ပြီး ခရီးသွားတဲ့ သျှမ်းလူငယ်တွေ လမ်းမှာပျောက်သွားတယ် ။ အပြန် အလှန် ကလဲ့စားချေ နေကြ သလားလို့တောင်အများက မြင်နေကြပြီ။ အပြစ် မရှိဘဲ၊ ဘာမှ မသက်ဆိုင်ဘဲ နစ်နာခဲ့ရသူတွေ အားလုံး အတွက် လုံးဝ စိတ် မကောင်းဘူး ။ ဖြစ်လည်း လုံးဝ မဖြစ်သင့်ဘူး ။ ခက်တာက ဘယ်သူကမှ လည်း သူတို့ လက်ချက်ပါလို့လည်း ဝန်မခံကြဘူး ။ အမှန်တရားကတော့ ကျူးလွန်တဲ့သူတွေကိုယ်တိုင် အသိဆုံးဖြစ် ပါလိမ့်မယ် ”  ။

“ ဒါကြောင့် နှစ်ဖက် သက်ဆိုင်ရာ တပ်တွေအနေနဲ့ ငြိမ်းချမ်းစွာပဲ ဖြေရှင်းကြေ စချင် တယ် ”


“ ဒါပေမယ့် ကြားနေရတာကတော့ နှစ်ဖက်စလုံးက စစ်သားတွေ ထပ်စုနေကြ တယ် ။ အင်အား ဖြည့် တင်းဖို့ လုပ်နေကြတယ်လို့ ကြားတယ် ။ ဆွေးနွေး နိုင်ကြဦးမယ်လို့ မထင်ဘူး ။ ဆွေးနွေးလို့ မရလို့ တိုက်ကြမယ်ဆိုရင်လည်း စစ်သားချင်းစစ်သား ဖြစ်တဲ့ကိစ္စကို စစ်သားပီပီ စစ်သားချင်းရှင်းကြပေါ့။ လက်နက်မဲ့ အပြစ်မဲ့ လူထုကို လုံးဝဒုက္ခမပေးစေလိုဘူး”


“ အခုဖြစ်နေတာက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ "ဝ" တပ်ဖွဲ့ကို အားကျပြီး သူတို့ စိုးမိုးတဲ့ နယ်မြေများလေလေ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ သူတို့ရဲ့ နိုင်ငံရေးတောင်းဆိုချက် ပိုမို ခိုင်မာ လာမယ်လို့ ထင်နေကြတယ် ။ ဒါကြောင့်လည်း နယ်မြေစိုးမိုးရေးကို အဓိကထားနေကြတယ် ။ နှစ်ဖက် စလုံးက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အနေနဲ့ ရှေ့ရေးကို ကြည့်ဖို့လိုပါလိမ့်မယ် ။ တခြားလူတွေ ကလည်း လောင် စပြုနေပြီဖြစ်တဲ့ လူမျိုးရေး ပဋိပက္ခမီးကို မီးစာထပ်မထည့်သင့်ဘူး ။ အနာ ဂတ်မှာ ရှင်သန်ကြမယ့် သျှမ်းကလေးတွေ ၊ ပလောင်ကလေးတွေကို ပဋိက္ခအမွေ ချန်ရစ်ပေးခဲ့ကြမှာလား ၊ ငြိမ်းချမ်းချစ်ကြည်ရေး အမွေချန်ပေး ခဲ့ကြမှာလား ဆိုတာ ကြပ်ကြပ်ကြီး စဉ်းစားကြဖို့လိုလိမ့်တယ် ” - လို့ ပြောပါတယ် ။


ပလောင် နှင့် သျှမ်းလူမျိုးစုအကြား အမုန်းပွားမှုဟာ ဘယ်လောက် ထိကြီး သလဲဆိုရင် - တပ်မတော်စစ် ကြောင်း နဲ့ သျှမ်း ပြည်တပ်မတော် SSPP/SSA အကြား တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် အတွင်း နောင် ကန်အုပ်စုဝင် ဝိုးလုံကျေးရွာ သား ၈ ဦး က ရွာထဲမှာဘဲ မီးရှို့သတ်ဖြတ်ခံရမှုပင် သျှမ်းလူမျိုးေ တွက သတိမရ သလို - ဖြစ်လာတာကိုတွေ့ရပါတယ် ။


ဘာလို့လဲဆိုတော့ မေလ ၂၈ ရက်နေ့က ကျောက်မဲ ဆန္ဒဖေါ်ထုတ်ပွဲက အဆိုပါ ကိစ္စ ထုတ်ဖေါ်ခြင်းလုံးဝ မတွေ့ရှိရပေ ။


သျှမ်းပြည်အတွင်းမှာ သျှမ်းလူမျိုးနဲ့ ပလောင် (တအာင်း) လူမျိုးတွေ ဆို တာ ရှေးပဝေသဏီကတည်းက အတူနေလာတယ် ။ ရိုးရာယဉ်ကျေးမှု မှ အစ နာမည်မှည့်ခေါ်တာ အဆုံး ဆင်တူကြပါတယ် ။ သျှမ်းလူမျိုး တွေ ရိုးရာပွဲ ကျင်းပ ရင် ပလောင်တွေ မပါမရှိသလို ၊ ပလောင်ပွဲတွေမှာလဲ သျှမ်းတွေ မသွားမနေပါဘဲ ။


ဒီအလှတရားတွေ အစား လက်ရှိအခြေအနေမှာတော့ နမ့်ခမ်းမြို့နယ် အတွင်း မှာ လူမျိုးတခု နဲ့ တခု ကြား မယုံကြည်မှုတွေ ၊ အမုန်းပွားမှုတွေ တဖြည်းဖြည်း တိုးပွားလာနေပါတယ် ။


ဒီအက်ကွဲမှုကို အခွင့်အရေးအနေနဲ့ အသုံးချမယ့် တတိယ အုပ်စုလဲ ရှိမည်မှာ မလွဲပါ ။ ဒီ့အတွက် ၎င်းတို့ ဆင်ထားတဲ့ အကွက်ထဲ မကျမိစေရန် မိမိအမျိုး ကိုချစ်ကြတဲ့ သျှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ ဖြစ်ပွားနေတဲ့ ပြဿနာကို ငြိမ်းချမ်း တဲ့ နည်းနဲ့ အမြန်ဆုံးဖြေရှင်းကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါတယ် ။

ဆောင်းပါးရှင်- ခွန်ဆန်မူး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates