မူးယစ်ဆေးဆိုးကျိုးနှင့်ပတ်သက်ပြီး သမိုင်းဝင်ပင်လုံမြို့နယ်တွင်ဟောပြောပွဲကျင်းပ



သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် နောင်လိုင် ကျေးရွာအုပ်စု၌  မူးယစ်ဆေးဝါး ပြဿနာ ကင်းရှင်းရန်အတွက် ကျေးရွာ ကော်မတီဝင်များက ပထမအကြိမ် မူးယစ်ဆေးဝါးဆိုး ကျိုး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲတရပ် ကျင်းပခဲ့ကြောင်း သိရသည် ။


ကျေးရွာအတွင်း မူးယစ်ဆေးဝါးပြဿနာသည် ပြီးခဲ့သည့် နှစ်ထက် ယခု နှစ် ပိုမိုဆိုးရွာ လာနေပြီး  မူးယစ်ဆေးဝါးသုံးစွဲလာသူ ပိုမို များပြားလာကြောင်း ၊ ဘိန်းမဲထက် ယာမ ကို ပိုမိုသုံးစွဲလာပြီး တစ်ချို့ကျေးရွာ နှင့် တောကျသည့် ရွာများတွင် မိဘအုပ်ထိန်းသူကော သား / သမီးများပါ သုံးစွဲလာကြောင်း ၊ အမျိုးသား၊ အမျိုးသမီးများ ပြိုင်တူ သုံးစွဲကြ ကြောင်း နောင်လိုင်ကျေးရွာ ကော်မတီဝင် တစ်ဦး ကပြောသည် ။


“ ဘာကြောင့်လဲဆိုတော့  မူးယစ်ဆးဝါး သုံးစွဲနေတဲ့ လူငယ်တွေ လည်း ရပ်တန့်သွား အောင်ရည်ရွယ်ပါတယ် ။ ဒီနှစ်က ယာမ အရမ်းများလာတယ် ။ ဘိန်းမဲ က အဲ့လောက် မဟုတ်သေးဘူး ။ ယာမ ကို သုံးစွဲတဲ့လူတွေလည်း အရမ်းများလာတယ် ။ တောတွေ ရွာတွေထဲမှာ  မိန်းခလေးပါ ယောကျာ်းလေးရော အားလုံးသုံးစွဲလာတယ် ။ တစ်ချို့နေရာဆို မိခင်ကော သားသမီး ပါ သုံးစွဲကြတယ် ။ ဘယ်အဖွဲ့အစည်းမှ လာပြီးဖြေရှင်းတာ မရှိဘူးပေါ့ ။ ဒီလို နဲ့ ကိုယ်ထူကိုယ်ထ လုပ်တာပေါ့ ” ဟု ၄င်းကပြောသည် ။


နောင်လိုင်ကျေးရွာအုပ်စု၏ အနောက်ဘက်ခြမ်းတွင် ကျောက်မီးသွေးကြောများရှိသည် ဟုဆိုကာ အရင်းရှင် ငွေရှင်များက မကြာဆိုသလို လာရောက်စမ်းသပ်ပြီး ကျေးရွာသားများထံ လက်မှတ် လာတောင်းကြောင်း သိရသည် ။


“ နောင်လိုင်ရဲ့ အနောက်ဘက်ခြမ်းမှာ ကျောက်မီးသွေး ကြောရှိတယ် ။ အဲ့ဒါကို အရင်းရှင်တွေက မြေတိုင်းတွေ ပါတွေနဲ့ အစိုးရဆီမှာစာတွေတင်ပြီး ရွာသားတွေဆီမှာ ခနခန လက်မှတ်လာတောင်းတယ် ။ အဲ့ဒါကို သူများလာတူးမယ်ဆိုတာ ရှေ့ဖြစ်လာမယ့်ဟာကို ကြိုတင်မြင်နေပြီ  အဲ့ဒါကို  ထိန်းသိမ်းတတ်အောင် ဆန့်ကျင်တတ်အောင် ပညာပေးတာပေါ့ ” ဟု နောင်လိုင်ဒေသခံ တစ်ဦးက ပြောသည် ။


“ အရမ်းအကျိုးရှိတယ် ။ ဒီလိုမျိုးဟောပြောပွဲက မကြာခဏ ရှိသင့်တယ် ။ ဒီလိုမျိုး လူကြီးတွေ သူကြီးတွေ ဦးဆောင်ပြီး လုပ်တာလည်း ဝမ်းသာပီတိဖြစ်ရတယ် ။ ကိုယ့်သားသမီးတွေ ပိုသိလာမယ် ပိုနားလည်လာမယ် ” ဒေသခံများက ပြောကြသည် ။


အဆိုပါ မူးယစ်ဆေးဝါးဆိုးကျိုး နှင့် သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲကို ဂျွန်လ ၆ ရက်နေ့ မနက် ၉ နာရီမှ ညနေ ၃ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည် ။ ဦးဆောင်ဆွေးနွေးသူ ဆရာတော် သံယာတော် ၃ ပါး နှင့် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့ (S.W.A.N) အဖွဲ့များမှလည်း ဟောပြောခဲ့ကြပြီး နောင်လိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာမှရွာသားများ တက်ရောက်ကြသည် ။ စုစုပေါင်း လူအင်အား ၄၀၀ ကျော်ရှိကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates