တောင်ကြီးအဝင် ထင်းရှူးတောရှင်း အိမ်ကွက်ရိုက်နေသည့်အပေါ် သဘာဝချစ်မြတ်နိုးသူများအဖွဲ့ ကန့်ကွက်



ယခင် သျှမ်းပြည်နယ်အစိုးရအဖွဲ့ဟောင်းမှ ဝန်ကြီးတချို့ တောင်ကြီးမြို့ပြင် တွင် မြေကွက်ချနေအိမ်ဆောက်လုပ်နေသည့်အပေါ်  သဘာဝမြတ်နိုးသူများအဖွဲ့က ကန့်ကွက်သည့်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည် ။

 တောင်ကြီးမြို့အဝင်ထင်းရှူးတော အိမ်ကွက်ချနေမှုအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က သဘာဝမြတ်နိုးသူများမှဆန့်ကျင်ကန့်ကွက်

အိမ်ကွက်များရိုက်ရာတွင် ထင်းရှူးတောများကိုခုတ်လှဲဖြတ်ရသဖြင့် တောင်ကြီးမြို့ အဝင်အမှတ်အသားဖြစ်သောထင်းရှူးတောများပျက်သုဉ်းခြင်း ၊ သဘာဝပတ်ဝန်း ကျင်ပျက်စီးခြင်းတို့ကြုံရသဖြင့် ထိုသို့ဆန့်ကျင်ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုသည် ။


" ဒီကိစ္စနဲ့ပတ်သက်ပြီး မတ်လ တုန်းကတစ်ခါ ဒေါ်စုနဲ့ သစ်တောဝန်ကြီး ကို အရေးယူပေးဖို့ စာတင်ထားပြီးပြီ။ အရင်သျှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ဝန်ကြီးချုပ်ဟောင်းတွေ ဦးသူယူ စနစ်နဲ့ အကွက်တွေရိုက် ထင်းရှူးပင်တွေခုတ်ပြီး အိမ်တွေလာဆောက်နေကြတာ ဘာပရောဂျက်မှမဟုတ်ဘူး ။ ဒါဟာသဘာဝပတ်ဝန်း ကျင်ပျက်စီးစေပါတယ် " ဟု သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများအဖွဲ့မှ ဦးသိန်းရွှေဒင် ကပြောသည် ။


ပြီးခဲ့သည့် တနင်္ဂနွေနေ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က သဘာဝမြတ်နိုးသူ လူအင်အား ၅၀ ခန့်က “ ထင်းရှူးတောကိုကာကွယ်ပါ ၊ ထင်းရှူးတောကိုထိန်းသိမ်းပါ ” အစရှိ ဆိုင်းဘုတ်များကိုင်ကာ  ဆန္ဒဖော်ထုတ် ခဲ့ကြောင်းသိရသည် ။


၎ မိုင် ကိုးနဝင်း စေတီတော် လမ်းခွဲ ရှိထင်းရှူးတော တွင် ထင်းရှူးပင်များခုတ်လှဲကာ အကွက်ရိုက် နေအိမ်များဆောက်လုပ်နေမှုကို  အလိုမရှိကြောင်း နှင့် တားဆီးထိန်းသိမ်းပေးပါရန် ဒေါ်အောင်ဆန်းစုကြည်ထံလည်း စာရေးသားပေးပို့ တိုင်ကြား မည်ဖြစ်ကြောင်း သိရသည် ။


" အခုကအိမ်ခြံဝင်းတွေခတ်တာ ရယ်။ လမ်းဖောက်တာရယ်နဲ့ထင်းရှူးပင် တွေ တော်တော်များများကိုတော့ တော့ခုတ်ပြီးသွားပြီ " ဟု ယင်းနေရာတွင် ဆောက်လုပ်ရေး လုပ်နေသော အလုပ်သမားတစ်ဦးကပြောသည် ။


အဆိုပါ ထင်းရှူးတောနေရာတွင် ထင်းရှူးပင် တစ်သိန်းဝန်းကျင်ခန့် ရှိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားနေသည့်အဖွဲ့များထံမှ စရင်းသိရှိရသည် ။


အဆိုပါထင်းရှူးတောတွင် (ယခင်) အစိုးရအဖွဲ့ဝင် အကွက် ၁၆ ကွက်ရိုက်ထားကာ တစ် ကွက်လျှင် ပေ တစ်ရာ ဝန်းကျင်ရှိပြီးနေအိမ်များဆောက်လုပ်သည့်အတွက်ထင်းရှူးပင်များခုတ်ဖြတ်ထားကြောင်း ၊ လက်ရှိအစိုးရသစ်မတက်ခင်ကာလက အဆိုပါစီမံကိန်းစတင်ခြင်းဖြစ်ပြီး သျှမ်းပြည်အစိုးရဟောင်းအဖွဲ့မှ ဝန်ကြီးတချို့ပါဝင်နေကြောင်း စီမံကိန်းအားစောင့်ကြည့်လေ့လာနေသည့် သဘာဝပတ်ဝန်းကျင်အဖွဲ့က ပြောပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates