ပင်လုံကတိကဝတ်ကို ပြန်လည်ဖော်ဆောင်ရန် တောင်ကြီးတိုင်းရင်းသားဆွေးနွေး ပွဲတွင် အကြံပြုကြ
အစိုးရသစ်မှ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံမှာ ပင်လုံဆိုသည့် စကားလုံးကို သုံးရုံမျှမကပဲ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ ပူးပေါင်းလုပ်ဆောင်မှုဖြင့် အောင်မြင်ခဲ့သည့် ၂၀ ရာစု ပင်လုံကတိကဝတ်များကို ပြန်လည်ဖော်ဆောင်ရန်လည်း လိုအပ်ကြောင်း တောင်ကြီးတွင် ကျင်းပခဲ့ သော သျှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် တက်ရောက်လာသူများ က အကြံပြုခဲ့ကြသည် ။
‘ ပင်လုံစကားလုံးကို သုံးမယ်ဆိုရင် စကားလုံးသုံးရုံသက်သက်တော့မဟုတ်ပဲနဲ့ ပင်လုံရဲ့ ကတိကဝတ်တွေ ကို ပြန်ပြီးတော့ ပြန်ဖော်ဆောင်တာ ကောင်းတယ်ဆိုတဲ့ အကြံပြုချက်တွေလည်းရှိတယ် ။ တော်တော်များ များက အကြံပြုတာ။ အရင်ဆုံးလွတ်လပ်ရေးရအောင်ယူနိုင်ခဲ့တယ် ။ အခုတစ်ခါပင်လုံမှာ အားလုံးသဘော တူညီနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲပြီး အားလုံးအတူတကွနေထိုင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပြည့်ဝ တဲ့ ပုံစံမျိုးကို ဖြစ်စေချင်တဲ့ သဘောရှိပါတယ် ။ ‘ ဟု နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့သည့် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့်က ပြောသည် ။
တောင်ကြီးတွင် ဇွန်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ၂ ရက်ကြာကျင်းပခဲ့သော သျှမ်းပြည် တိုင်းရင်းသား ပေါင်း စုံနှီးနှောဖလှယ်ပွဲတွင် တက်ရောက်ခဲ့သူအများစုမှာ - ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားသော အရပ်ဘက် အဖွဲ့အစည်းများအား ပါဝင်ခွင့်ကို ကန့်သတ်လိုက်မှု ၊ အခြားမျိုးနွယ်စုငယ် တိုင်းရင်းသား များ အတွက် အတား အဆီးဖြစ်ဖွယ်ရှိသည့် အနည်းဆုံး လွှတ်တော်မဲဆန္ဒနယ် တနယ်အနိုင်ရမှ ပါဝင်ခွင့်စသည့် မူဝါဒများ အပေါ် တွင်လည်း တိုင်းရင်းသား အင်အားစုများအကြား စိုးရိမ်ပူပန်မှုများရှိခဲ့သည်ဟု သိရသည် ။
“ ၂၁ ပင်လုံနဲ့ပတ်သက်လို့ အဓိကကတော့ ၂၁ ပင်လုံမှာကတော့ တိုင်းရင်းသား လူမျိုးစုတွေအနေနဲ့ ထွက် ပေါ် လာတဲ့ ရွေးချယ်ခံကိုယ်စားလှယ် တယောက်ပါမှသာလျှင်ဆိုတဲ့ အချက်ကတော့ တိုင်းရင်းသား လူမျိုး စုတွေ အတွက် စိုးရိမ်ပူပန်မှုတွေက ဖြစ်တာပေါ့ ။ ဥပမာ ကယန်းလူမျိုးဆိုရင် တိုင်းရင်းသား ပါတီရှိတယ် ။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်မခံရဘူး ။ သူတို့အနေနဲ့ ပြောချင်တာ ဆွေးနွေးချင်တာ တွေရှိ တယ် ။ ဒီလိုသာ ကန့်သတ်လိုက်မယ်ဆိုရင် သူတို့တက်ခွင့်မရှိတော့ဘူးလား။ ဒါတွေကတော့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုပေါ့လေ ။” ဟု တောင်ကြီးနှီးနှောဖလှယ်ပွဲတက်ရောက်ခဲ့သူ ကိုမိုးမင်းသိန်း ( မြန်မာလူထု မဟာမိတ်အဖွဲ့ ) ကလည်း ပြောသည် ။
အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌဖြစ်သူ ဦးအေးသာအောင်ကလည်း ၂၁ ရာစုပင်လုံမှာ တိုင်းရင်း သား အရေး ပြဿနာများကို အမှန်တကယ်ဖြေရှင်းနိုင်သည့် ညီလာခံဖြစ်ရန်လိုကြောင်း မကြာသေးခင်ကပင် သတိပေးပြော ဆိုခဲ့ ပါသည် ။
ယင်းအပြင် ၂၁ ပင်လုံမှာ လွတ်လပ်ပွင့်လင်းမျှတရန် လိုအပ်ကြောင်းလည်း သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက တောင်ကြီးနှီးနှောဖလှယ်ပွဲအဖွင့်မိန့်ခွန်း ပြောဆိုရာတွင် ထည့်သွင်းပြော ဆိုထားသည် ။
အောင်မြင်ခဲ့သည့် ၂၀ ရာစု ဒုတိယ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း၏ သျှမ်း တကျပ် - ဗမာတကျပ် မူကြောင့်ပင်အောင်မြင်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်ထံမှာ တောင်တန်းပြည်မပူးပေါင်း၍ လွတ်လပ်ရေး အရယူနိုင်ခဲ့ခြင်းဖြစ်သည် ။
လွတ်လပ်ရေးအရယူနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ လုပ်ကြံခံရပြီးနောက် ပင်လုံကတိကဝတ်ပျက်မှုနှင့်အတူ နှစ် ၆၀ ကျော်ကြာမြင့်သည့် ပြည်တွင်းစစ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ် သည် ။
တောင်ကြီးတွင် ၂ ရက်ကြာကျင်းပခဲ့သော နှီးနှောဖလှယ်ပွဲတွင် ဖက်ဒရာယ်တွင် အခြေခံရမည့်ပုံစံ ၊ တပ်မတော်ဖွဲ့စည်းမှုဆိုင်ရာ ပုံစံ ၊ ရွေးကောက်ပွဲစနစ် ၊ ပြည်နယ်အလိုက် အခြေခံဥပဒေရေးဆွဲရေး ၊ တရားစီရင်ရေး ၊ ဥပဒေပြုရေး အစရှိသည့်ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ပြီး ယခုဆွေးနွေးမှုမှာ ကနဦးဆွေးနွေးမှုဖြစ်ကာ နိုင်ငံရေးဆွေးနွေးမှုအပေါ်မူတည်၍ သျှမ်းပြည်တွင်း အင်အားစုများအနေဖြင့် ဆက်လက်ဆွေးနွေးကြရန် ရှိနေကြောင်း စိုင်းကျော်ညွှန့်ကပြောသည် ။
Tags: News, politic